သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံအရေးနဲ့ တရုတ်မြန်မာဆက်ဆံရေး


အငြင်းပွားဖွယ်ဖြစ်နေပြီး ကန့်ကွက်တာတွေနဲ့ ရင်ဆိုင်ထားရတဲ့ ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို တရုတ်ဘက်က ဖျက်သိမ်းမယ်ဆိုရင် အပြန်အလှန်အနေနဲ့ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးစင်္ကြန်တခု အစားထိုး တောင်းလာနိုင်ခြေရှိတယ်လို့ တရုတ်-မြန်မာဆက်ဆံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။ သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံဆည်စီမံကိန်းကိစ္စ ဆွေးနွေးဖွယ်ရှိပြီးတော့ ဖျက်သိမ်းပစ်ဖို့ တရုတ်ဘက်ကပြောထားတဲ့အကြောင်း သတင်းတွေ ထွက်နေ ချိန်မှာ အခုလို သုံးသပ်ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေး ပထမဆုံးအကြိမ် ခရီးစဉ်ကို ဒီနေ့ စတင်တာဖြစ်ပါတယ်။ အငြင်းပွားဖွယ်ဖြစ်နေတဲ့ မြစ်ဆုံရေကာတာစီမံကိန်း နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိစေ မယ့် ပူးပေါင်းဆောင်ရွက်မှုနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းမှာဖြစ်တယ်လို့ ဒီခရီးစဉ်မစတင်မီမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

ဒီအပေါ်မှာ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းဖွယ်ရှိကြောင်း တရုတ်မြန်မာဆက်ဆံရေးအပေါ် လေ့လာစောင့်ကြည့်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

“ဒီကိစ္စကို ကျနော်တို့က လုပ်သင့်တယ်လို့ တိုက်တွန်းနေတာ ကြာပြီလေ။ ဆိုတော့ ဒီဘက်က လုပ်ရမယ့်အစား တရုတ်ပြည်ဘက်ကပဲ unilaterally ပေါ့လေ ။ သူ့အနေနဲ့ နောက်ဆုတ်ပေးပုံ ပုံစံမျိုးပေါ်နေတယ်လေ။ ဆိုတော့ ဖယ်ရှားပေးလိုက် သလိုဖြစ်သွားတာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့လည်း ၂ နိုင်ငံဆက်ဆံရေးက အတော့်ကို တုံ့နှေးနေတယ်လေ။ ပြီးတော့ ဒါစဖို့ကလည်း အများကြီးအခက်အခဲ ရှိနေတယ်ဆိုတော့ တရုတ်ပြည်က ဒီဟာကို သူ့အနေနဲ့ ရပ်ဆိုင်းပြီးတော့ တခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေပေါ့လေ။ အကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေကို သူ့အနေနဲ့ ထပ်ပြီးတော့ ကမ်းလှမ်းလိမ့်မယ်လို့ ထင်ရတယ်။”

ဒီလို တောင်းဆိုလာနိုင်ဖွယ်ရှိနိုင် တာတွေကို ဒေါက်တာခင်ဇော်ဝင်းက အခုလို ဆက်ပြောပါတယ်။

“ကြားနေတာကတော့ တရုတ်ပြည်က ဆိပ်ကမ်းတခု ကြည့်နေတယ်။ သူတို့ဆီက ကြားရတာက ကျောက်ဖြူကတော့ အင်မတန်ကောင်းပါတယ် infrastructure အရပေါ့လေ။ ဒါပေမယ့် ရခိုင်ပြည်နယ်ဟာ မတည်ငြိမ်ဘူးတဲ့ ဓါတ်ငွေ့နဲ့ ရေနံကိုတော့ ပို့လို့ရတာပေါ့ ဒါပေမယ့် အဲဒီမှာသွားပြီးတော့ ရင်နှီးမြုပ်နှံမယ့် ကုမ္ပဏီက အင်မတန်နည်းနေတယ်။ ဆိုတော့ သူတို့အနေနဲ့က ဒီကျောက်ဖြူကို ဒီအတိုင်းပဲ ထားလိုက်၊ ဒါပေမယ့် ဒီထက်ပိုပြီးတော့ အကျိုးရှိမယ့် ဆိပ်ကမ်းတခုသူတို့ကြည့်နေတယ်။ နောက်တခုက စီးပွားရေးစင်္ကြ ံBCN လို့ခေါ်တဲ့ ဘင်္ဂလားဒေ့်ရယ်၊ တရုတ်ရယ် ၊ အိန္ဒိယ ရယ်၊ မြန်မာရယ် ၄ နိုင်ငံပေါ့ အဲဒါကိုလည်း တရုတ်က လုပ်ဖို့စိုင်းပြင်းနေပြီ။”

ဒေါက်တာခင်ဇော်ဝင်းဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ ၂ကြိမ်သွားရောက်ခဲ့ပြီး မြစ်ဆုံအရေးအပါအဝင် တရုတ်မြန်မာဆက်ဆံရေးအနာဂတ်ကို ဆွေးနွေးပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြစ်ဆုံစီမံကိန်းအစား အခြား အသေးစားရေအားလျှပ်စစ်စီမံကိန်းတခု တည်ဆောက်ရေးကို ဆွေးနွေးခဲ့တာရှိခဲ့ဖူးကြောင်းနဲ့ ဒီလို စီမံကိန်းတွေ တည်ဆောက်မယ်ဆိုရင် လူထုကို ဦးဆုံးချပြသင့်သလို တရုတ်-မြန်မာနယ်စပ်ဒေသက လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေကတော့ မြစ်ဆုံအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကောင်းအောင် အလေးထားဆောင်ရွက်ဖို့လိုသလို နိုင်ငံအကျိုးစီးပွားအတွက်လည်း ချင့်ချိန်ဆောင်ရွက်ဖို့လိုကြောင်း သုံးသပ်ပါတယ်။

“တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် ကျနော်တို့က သတိနည်းနည်းထားပြီးတော့ ပြောရတဲ့အပိုင်းတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံနဲ့ အခုအမေရိကန်နိုင်ငံနဲ့ကလည်း အခုလောလောဆယ်မှာ Tension တွေဖြစ်နေတယ်လေ။ ကျနော်တို့နိုင်ငံကလည်း နိုင်ငံတကာနဲ့ သင့်တင့်မျှတအောင်ပေါင်းရမယ့်အနေအထား ၊ နိုင်ငံတကာ ဇတ်ခုံပေါ်ကို တတ်လာတာ မကြာသေးတဲ့အခါကျတော့ သံတမန်ရေးအရ မျက်နှာပျက်စရာတွေကိုတော့ အထူးသတိထားရှောင်ရှားဖို့လိုတာပေါ့။ နိုင်ငံအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်လို့ရှိရင်တော့ ချင့်ချိန်ပြောဖို့တော့ လိုပါလိမ့်မယ်။”

မြစ်ဆုံစီမံကိန်းကို ဆက်ပြီး တည်ဆောက်မယ် မဆောက်ဘူးဆိုတာကိုတော့ ကောင်းကျိုးဆိုးပြစ်တွေကို နိုင်ငံတကာပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်ရယူပြီးမှ ဆုံးဖြတ်သင့်ကြောင်း ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့် နဲ့ ပတ်သက်ပြီး “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်“ ကို ၂၀၁၆ခုနှစ် သြဂုတ်လမှာ သမ္မတဦးထင်ကျော်က ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်က စီမံကိန်းတွေကို အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အခြေခံပြီး နိုင်ငံတော်နဲ့ ပြည်ပရင်းနှီးမြှုုပ်နှံ သူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းများ ရရှိစေမယ့်အချက်တွေ လေ့လာ သုံးသပ် အကြံပြုဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

မြစ်ဆုံအရေးနဲ့ တရုတ်မြန်မာဆက်ဆံရေး
please wait

No media source currently available

0:00 0:04:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG