သုံးရလွယ်ကူစေသည့် Link များ

Donald Trump ဆန့်ကျင်ပွဲ ဆန္ဒပြအပေါ် မြန်မာအမေရိကန်တို့ အမြင်


Donald Trump ကို ဆန့်ကျင်ဆန္ဒပြ

Donald Trump ကို ဆန့်ကျင်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ ၄၅ဦးမြောက် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရတဲ့ Republicanပါတီက ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြမှုတွေမှာ အာဏာအလွှဲအပြောင်းကိုတော့ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ မဲပေးခဲ့တဲ့ အမေရိကန်မြန်မာတချို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။ လက်ရှိသမ္မတအိုဘားမားကိုယ်တိုင် အိမ်ဖြူတော်မှာ ရွေးကောက်ခံသမ္မတသစ် ထရမ့်ကို လက်ခံတွေ့ဆုံပြီး အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်းအဆင်ပြေချောမွေ့နေစေရေး ဆောင်ရွက်နေချိန်မှာပဲ အခုလို နိုင်ငံတဝှမ်း မြို့ကြီးတချို့မှာ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်နေဆဲအခြေအနေဖြစ်ပါတယ်။ အသေးစိတ် ဆက်ပြောပြပေးပါမယ်။

နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲအပြီး မဲရလဒ်တွေအရ Republican ပါတီက ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပြီးတဲ့နောက် နိဝင်ဘာလ ၈ရက်နေ့ အင်္ဂါနေ့ညပိုင်းကစလို့ နောက်တနေ့မှာပဲ အမေရိကန်ပြည်ထောင်စုတဝှမ်းက နယူးယောက်၊ ချီကာဂို၊ ကယ်လီဖိုးနီးယားစတဲ့ပြည်နယ်တွေနဲ့ မြို့တော် ဝါရှင်တန်ဒီစီအပါအဝင် မြို့ကြီးအချို့တို့မှာ ရွေးကောက်ခံသမ္မတ ရီပတ်ဘလစ်ကန်ပါတီက Donald Trump အပေါ် မကျေနပ်ကြတဲ့ အမေရိကန်နိုင်ငံသား အများအပြား လမ်းမတွေပေါ်ထွက်ပြီး ဟစ်အော် ဆန္ဒပြနေကြပါတယ်။

အခုကြားနေရတဲ့အသံကတော့ ဝါရှင်တန်ဒီစီမြို့တော် ကွန်ကရက်လွှတ်တော်အနီး ထရမ့်ဟိုတယ်နားမှာ ထရမ့်ကို ဆန့်ကျင်ဆန္ဒပြသူလူအုပ်စုက ထရမ့်ဟာ ငါတို့ရဲ့သမ္မတမဟုတ်ဘူး။ ထရမ့်ကို သမ္မတအဖြစ် လက်မခံနိုင်ဘူးဆိုတာကို သံပြိုင်ဟစ်အော်ပြီး ဆန္ဒပြနေတာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီက ဆန္ဒပြသူတွေဟာ အိမ်ဖြူတော်ကို လှည့်လည်ပြီးလည်း ဆန္ဒပြခဲ့လို့ အိမ်ဖြူတော်တဝိုက် လုံခြုံရေးအထူးတင်းကျပ်ထားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြသူ အားလုံးဟာ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကို ထောက်ခံသူတွေလို့ ပြောလို့မရပေမဲ့လည်း ဆန္ဒပြသူတွေထဲမှာတော့ Hillary Clinton ကို ထောက်ခံသူတွေ အများအပြား ပါဝင်ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်ပြီးတဲ့သမ္မတဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီကို ယုံကြည်လက်ခံတယ်ဆိုရင် အများပြည်သူရဲ့မဲဆန္ဒကို လက်ခံရမှာပဲဖြစ်တယ်လို့ ရီပတ်ဗလင်ကမ်သမ္မတလောင်းဒေါ်နယ်ထရမ့်ကို ထောက်ခံမဲပေးခဲ့သူ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က ဒေါက်တာအောင်ထွန်းက ပြောပါတယ်။

မကျေနပ်လို့ ဆန္ဒပြတယ်ဆိုပေမဲ့ အာဏာအလွှဲအပြောင်းအပေါ်တော့ တစုံတရာရိုက်ခတ်မှုရှိမှာ မဟုတ်ဘူးလို့လည်း သူက ရှု့မြင်ပါတယ်။

“အဲဒီဆန္ဒပြတာ အောင်မြင်မှာလည်းမဟုတ်ဘူး။ သူတို့ ဆန္ဒထုတ်ဖော်တာပဲ ထုတ်ဖော်ခွင့်ရှိတယ်။

မဆုမွန်။ ။ ဆရာ ဘာဖြစ်လို့ အောင်မြင်မှာမဟုတ်ဘူးလို့ထင်တာပါလဲ။

ဒေါက်တာအောင်ထွန်း။ ။ ရွေးလည်းရွေးပြီးနေပြီလေ အမေရိကန်ရဲ့အခြေခံဥပဒေနဲ့ အညီ ဒေါ်နယ်ထရမ့်က အရွေးခံထားရပြီ။ ဒေါ်နယ်ထရမ့်ကိုဆန့်ကျင်တယ်ဆိုတာက ဒီမိုကရေစီဘောင်အတွင်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းဖက်နည်းတမျိုးလို့တောင် တချို့က ပြောကြတယ်။ ဒေါ်နယ်ထရမ့်က အကြမ်းဖက်တာကို ကာကွယ်စောင့်ရှောက်ဖို့ တက်လာတဲ့ ပုဂ္ဂိုလ်ပဲ။ ကိုယ့်တိုင်းပြည်ဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် အကြမ်းဖက်တာကို သူအာရုံအထူးပြုတယ်။ အခု သူ့ကိုဆန့်ကျင်တာက အကြမ်းဖက်နည်း တမျိုးလို့တောင်မြင်တယ်။”

ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်ကို မဲပေးခဲ့တဲ့ တက္ကဆတ်ပြည်နယ်က အမေရိကန်မြန်မာတဦးဖြစ်တဲ့ မြစန္ဒာကတော့ ဒေါ်နယ်ထရမ့်အပေါ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်တဲ့ အမေရိကန်ပြည်သူ အများဆန္ဒကို သဘောတူရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒါပေမဲ့ တကယ်တမ်း သူသမ္မတဖြစ်လာရင် သူ မဲဆွယ်စည်းရုံးရေးတွေ ပြောဆိုခဲ့သလိုမျိုး ကတိပေးပြောဆိုချက်တွေနဲ့ပတ်သက်လို့ တကယ်သူသမ္မတဖြစ်လာရင် သမ္မတသစ်ဒေါ်နယ်ထရမ့် ဘာဆက်လုပ်မယ်ဆိုတာကို စောင့်ကြည့်ရမယ်လို့ အခုလိုပြောပါတယ်။

“စိတ်ထဲမှာတော့ မကျေနပ်ဘူး၊ မလိုချင်ဘူး လက်ရှိသမ္မတကိုလည်း သို့သော်လည်း အရှိကိုအရှိအတိုင်း လက်ခံရမယ်ဆိုတာ သိနေတဲ့အပေါ်မှာပေါ့နော် ဘယ်လိုမှ ဆုံးဖြတ်လို့မရဘူးပေါ။ သူတို့ ဘာတွေရှေ့ဆက်ဖြစ်လာမလဲဆိုတာတွေကိုတော့ ကြည့်ရမှာပေါ့နော် အချိန်တခုတော့ စောင့်ရမှာပေါ့။ လက်တလောမှာတော့ စောင့်ကြည့်ရမယ် ဘာတွေရှေ့ဆက်ဖြစ်လာမလဲဆိုတာ။”

အခုလို မြို့ကြီးတချို့က ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ နယူးယောက်ပြည်နယ်က မဝေဝေနိုင်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလဒ်နဲ့ ရွေးကောက်ခံသမ္မတသစ်အဖြစ် လက်ခံရမှာဖြစ်ပေမဲ့လို့ ဒေါ်နယ်ထရမ့်လို ပုဂ္ဂိုလ်မျိုး သမ္မတဖြစ်လာမှာကို မလိုလားသူ အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒသဘောထားဖော်ထုတ်မှုကိုလည်း လေးစားလက်ခံရမယ်လို့ ပြောပါတယ်။

“ဒီနိုင်ငံက Republican ပဲတက်တက်၊ ဒီမိုကရက်ပဲတက်တက် ဒီမိုကရေစီလမ်းကြောင်းအတိုင်းပဲ သွားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကိုယ့်ဆန္ဒမကြိုက်ဘူး၊ ကြိုက်တယ်ထုတ်ဖော်တာဟာ မှန်တယ်လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲတာ မပြောင်းလဲတာက အဓိကမဟုတ်ဘူးပေါ့နော်။ ကိုယ်မကြိုက်ဘူးဆိုတာကို ဒီနိုင်ငံမှာ ထုတ်ဖော်ပိုင်ခွင့်ရှိတယ်။ ထုတ်ဖော်ရဲတဲ့ သတ္တိလည်းရှိတယ်။ မကြိုက်ဘူး ကြိုက်တယ်ပြောတဲ့လူတွေကို ဘာမှ အန္တရာယ်ပေးမှာ မဟုတ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် ဒေါ်နယ်ထရမ့်ကို မကြိုက်ဘူးဆိုတဲ့ Demonstration တွေ Protest တွေ လုပ်နေတာဟာ ကျမအနေနဲ့ ထင်တာကတော့ အော်.. သူပြောတာကို သဘောပေါက်သွားလိမ့်မယ်၊ ငါပြောတာကို Seriously ယူပြီးတဲ့အခါမှာ နောင်မဖြစ်လာအောင် Protest တွေလုပ်နေကြတာလား၊ အဲဒီအတွက် သူ့အနေနဲ့ စဉ်းစားဆင်ခြင်နိုင်ဖို့လိုမယ်၊ စဉ်းစား ဆင်ခြင်နိုင်ပါလိမ့်မယ် လို့မျှော်လင့်ပါတယ်။ ပြောတဲ့အတိုင်း သူလုပ်မယ်ဆိုရင်တော့ ဒီထက်ပိုဆိုးလာမယ်လို့ ထင်ပါတယ်။”

ဘာပဲဖြစ်ဖြစ် Donald Trump ကို နောက်တက်မယ့်သမ္မတသစ်အဖြစ် ရွေးချယ်ခဲ့ကြပါပြီ။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်သဘောထား၊ ဘာသာရေးမတူ ကွဲပြားမှုတွေအပေါ် သူ့သဘောထား၊ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတဲ့ သူ့ပြောဆိုချက်တွေအပေါ် မတူကွဲပြားတဲ့ သဘောထားကွဲပြားမှုတွေရှိနေကြပေမဲ့လို့ လက်ရှိသမ္မတ အိုဘားမားအနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံကျတဲ့ဒီမိုကရေစီအုတ်မြစ်ကို အလေးထားတဲ့အနေနဲ့အာဏာလွှဲပြောင်းပေးရေးအတွက် လုပ်ငန်းတွေ စတင်ကြဖို့ အေးဆေးတည်ငြိမ်စွာ ပြည်သူတွေအနေနဲ့လည်း အကူးအပြောင်းကာလမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းထားပြီးနောက် နိုဝင်ဘာလ ၁၀ရက်နေ့ မှာပဲ အိမ်ဖြူတော်မှာ ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်ကို ဖိတ်ခေါ်တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG