သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှုတိုးလာဖို့ ဥပဒေပြောင်းရုံနဲ့မလုံလောက်


မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာဖို့ဆိုရင် ဥပဒေတွေကို ပြောင်းလဲပြင်ဆင်ပေးရုံနဲ့ မလုံလောက်ဘဲ အကောင်အထည်ဖော်မှုပိုင်းကို အခိုင်အမာဆက်လုပ်သွားရဦးမယ်လို့ မြန်မာနိုင်ငံ ပြည်ပရင်းနှီးမြှုပ်နှံမှုအခြေအနေနဲ့ နီးစပ်သူတွေ က ပြောကြပါတယ်။ မြန်မာ့ဈေးကွက်ဟာ ရင်းနှီးမြှုပ်နှံသူတွေ အထူးစိတ်ဝင်စားတဲ့ ဈေးကွက်တခုဖြစ်နေပြီလို့လဲ ပြောကြပါတယ်။ ရန်ကုန်မြို့ Chatrium ဟော်တယ်မှာ ဒီကနေ့လုပ်တဲ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မောင်းနှင်မှုများအပေါ် မီးမောင်းထိုး ပြသွားမည့် အဆင့်မြင့်ဆွေးနွေးပွဲဆိုတဲ့ စကားဝိုင်းတခုအတွင်း အဲဒီလိုပြောသွားကြတာပါ။ အပြည့်အစုံကို အဲဒီမှာ ကိုယ်တိုင်သွား ပြီးသတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ် ပြဌာန်းသွားပြီဖြစ်တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလာတော့မယ်ဆိုတဲ့ မျှော်လင့်ချက် တွေ ရှိနေချိန်မှာ ဒီလိုမျိုး တိုးလာဖို့ဆိုတာ ဥပဒေတွေကို ပြင်လိုက် ပြောင်းလိုက်ရုံနဲ့ မရဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နီးစပ်သူတွေက ပြောကြတာပါ။ ဒီထဲမှာတဦးကတော့ Thura Swiss အကြံပေးကုမ္ပဏီရဲ့ CEO ဦးအောင်သူရလည်း အပါအဝင်ဖြစ်ပါတယ်။

“ဥပဒေတွေဘာတွေပြောင်းတယ်ဆိုရင် ဆွဲဆောင်မှုအတိုင်းအတာတခုအထိ ရှိပါတယ်။ ကုမ္ပဏီတွေကတော့ ဥပဒေတွေကိုကြည့်လိုက်မယ် မြန်မာပြည်ကစိတ်ဝင်စားမှုကောင်းတဲ့အခြေအနေရှိလားဆိုတာ သူတို့ကြည့်မယ်၊ ဒါပေမယ့် ဒီဥပဒေတခုတည်းနဲ့တော့မပြီးသွားပါဘူး။ မြန်မာပြည်က attractive ဖြစ်တယ်ဆိုတာက ဥပဒေက တပိုင်းပါပဲ နောက်ဆုံး ကျန်တဲ့အချက်တွေအများကြီးရှိပါတယ် Tax ဥပဒေတွေအရ ဘယ်လောက်အထိအဆင်ပြေလဲ၊ Processing တွေ ဘယ်လောက်အထိအဆင်ပြေလဲ၊Application တွေလုပ်ရင် ဘယ်လောက်အထိအဆင်ပြေလဲ၊ ပြီးရင် ပိုက်ဆံတွေလွဲတာတွေ ဘယ်လောက်အထိအဆင်ပြေလဲ၊ အဲဒါတွေအကုန်လုံးကို ခြုံကြည့်ပြီးတော့ Investor ၁ယောက်က ဝင်သင့်မဝင်သင့်ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီဥပဒေတခုကတော့ ကောင်းပါတယ် အတော်လေးထိရောက်တဲ့ ဥပဒေတခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါ ၁ ခုတည်းနဲ့မလုံလောက်ပါဘူး။”

ဦးအောင်သူရရဲ့အမြင်ကို နောက်ထပ် ထင်ဟပ်ပြောဆိုသူကတော့ မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်း ဥက္ကဌ ဦးကျော်ကျော်လှိုင်ပါ။

“Investment တွေလာနိုင်တဲ့အခြေအနေကောင်းတွေကိုတော့ ဖန်တီးပေးသလိုဖြစ်လာပါတယ်။ ဒါပေမယ့် ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဥပဒေပြုတာက လွှတ်တော်က ဥပဒေပြုတာပါ။ တကယ်လုပ်ဆောင်တာကတော့ ဝန်ကြီးဌာနတွေလုပ်ဆောင်တာပါ။ အဲဒီတော့ ဝန်ကြီးဌာနတွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဝန်ကြီးဌာနတွေက ထုတ်ပေးလိုက်တဲ့ ဥပဒေတွေဟာ ရေခံမြေခံကောင်းကို လုပ်ပေးတာနဲ့ တူတယ်၊ အဲဒီ ပေါ်မှာ သူတို့က အပင်ပေါက်အောင်စိုက်နိုင်ဖို့လိုပါတယ်။”

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ အမေရိကန်စီးပွားရေးကုမ္ပဏီ အရေအတွက် ပိုတိုးလာနေပြီး တကယ်တမ်း လက်တွေ့မြှုပ်နှံဖို့ သူတို့ ဘာတွေစောင့်ကြည့်နေတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲ Kristen Bauen က ပြောပြသွားပါတယ်။

“အမေရိကန်ကုမ္ပဏီတွေဘက်က စိတ်ဝင်စားမှုနဲ့ လာရောက်တာတွေ ပိုတိုးလာတာကို ကျမတို့တွေ့နေရပါတယ်။ အဲဒီစိတ်ဝင်စားမှုကနေ လက်တွေ့ ရင်းနှီးမြှုပ်နှံမှုဖြစ်လာဖို့က ဥပဒေတွေကို သူတို့မြင်တဲ့အခါ၊ ကျမတို့ ဒီမှာပြောဆို ဆွေးနွေးကြတဲ့ကိစ္စရပ်တွေကို အကောင်အထည်ဖော်တာကို သူတို့မြင်ရတဲ့အခါ ဖြစ်လာမယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားမှုတိုးလာတာက ဒီနိုင်ငံဟာ တိုးတက်နေတဲ့ဒေသတွင်းက တိုးတက်နေတဲ့ဈေးကွက်တခုဖြစ်ပြီးတော့ အလားအလာ သိပ်ကိုကောင်းတယ်ဆိုတဲ့ တကယ့်လက်တွေ့အခြေအနေ ကြောင့်ပါ။ သူတို့ သိပ်စိတ်ဝင်စားကြပါတယ်။”

မြန်မာ့စီးပွားရေးတစုံလုံးမှာ လက်ရှိ တိုးတက်မှုရထားတာတွေရှိနေပြီး ဒါကို အခိုင်အမာထိန်းပြီးတော့ ဆက်ပြီးတိုးတက်အောင် လုပ်ရမှာတွေကို ထောက်ပြသွားသူကတော့ Aya ဘဏ်ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ Azeem Azimuddin ပါ။

“တိုးတက်မှု ရေရှည်ခိုင်မာအောင်လုပ်ဖို့အတွက် အကောင်အထည်ဖော်မှု ပိုင်း ဆက်လိုက်ဖို့လိုပါတယ်။ ဆူပါဟဲဗီးဝိတ်လက်ဝှေ့ပွဲကို ဥပမာပေးပြောရင် ကျနော်တို့ဟာ ပထမအချီကိုပဲ ကျော်နိုင်ပါသေးတယ်။ ဒါဟာ ၁၅ ချီ ထိုးသတ်ရ မယ့်ပွဲပါ။ ၁၅ ချီမြောက်အဆုံးမှာ ကျနော်တို့ ဆက်ရပ်နေနိုင်ရပါမယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှုနဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် တသမတ်ထဲရှိပြီး အခိုင်အမာဖြစ် ဖို့လိုပါတယ်။”

အစိုးရဘက်ကတော့ နိုင်ငံတကာ စံနှုန်းတွေနဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ကုမ္ပဏီ အက်ဥပဒေတွေကို ပြင်ဆင်ပေးထားတာမို့ ရင်းနှီးမြုပ်နှံဖို့တိုးလာဖို့မျှော်လင့်နေပါတယ်။ ဘဏ်တွေ၊ ငွေကြေးလည်ပတ်မှုခိုင်မာမှုအားနည်းနေတာတွေကြောင့် စီးပွားရေးက ထင်သလောက် တိုးလာဖို့မမြင်ဘူးလို့ သုံးသပ်တာတွေလဲရှိပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကတော့ ဘဏ်တွေ၊ ဈေးဝယ်စင်တာတွေအပြင် စက်သုံးဆီအရောင်းဆိုင်တွေကိုပါ နိုင်ငံတကာရင်းနှီးမြှုပ်နှံခွင့်ပေးဖို့ ပြင်ဆင်နေသလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ပြည်တွင်းနဲ့အတူအခွင့်အရေးပေးမယ်လို့လည်း ပြောပြီး ရင်းနှီးမြုပ်နှံမှုတွေတိုးလာဖို့ လုပ်နေပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်း နှီးမြုပ်နှံမှုတွေကို ပြည်တွင်း ဘယ်အပိုင်းတွေမှာ တန်းတူအခွင့်အရေးပေးမယ်၊ ဘယ်လောက်ထိ ရင်းနှီးခွင့်ပေးမလဲဆိုတာ တိတိကျကျမသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG