သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြုပ်နှံခွင့် ပြည်တွင်း ပြည်ပ တန်းတူပေးမည်


ပြည်ပလုပ်ငန်းရှင်တွေကို ပြည်တွင်းလုပ်ငန်းရှင်တွေလိုဘဲ တန်းတူ အခွင့်အရေးတွေနဲ့ ပံ့ပိုးမှုတွေ လုပ်ပေးသွားမှာမို့ နှစ်ရှည် လာရောက်ရင်းနှီးကြဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။ ပြည်ပလုပ်ငန်း ရှင်တွေ အတွက် မျှတစွာ ရှင်ပြိုင်ခွင့်ပေးမယ့် ဥပဒေတွေနဲ့ နည်းဥပဒေတွေနဲ့ ကာကွယ် ပေးသွားမယ်လို့လည်း ဆိုလိုက်ပါ တယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်း ပေးပို့ထားပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို တွေ့ဆုံချိန်မှာ ပြည်ထောင်စုဝန်ကြီးက အခုလိုဖိတ်ခေါ်လိုက်တာပါ။ ဒါဟာ အာဏာရ NLD ပါတီဦးဆောင်တဲ့ အစိုးရအနေနဲ့ အစိုးရသစ်ရဲ့ စီးပွားရေး လုပ်ငန်းစဉ် တွေကို ပထမဆုံး နိုင်ငံတကာက လုပ်ငန်းရှင်တွေကို ချပြတာလည်း ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူတွေအတွက် မျှတတဲ့ အခွင့်အရေးတွေပေးနိုင်ဖို့ မကြာခင်ကဘဲ ရင်းနှီးမြုပ် နှံမှုဥပဒေကို ပြင်ဆင်ပေးထားတာမို့ လာရောက်ရင်းနှီးကြဖို့နဲ့ မကြာခင်မှာလည်း ဒီဥပဒေနဲ့ ပတ်သတ်တဲ့ လိုက်နာရမယ့် နည်းဥပဒေတွေကို ပြဌာန်းပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။

“ပြည်ပက လုပ်ငန်းရှင်များအားလုံးကို ကျနော်တို့ ဒီကနေ့ ဖိတ်ခေါ်ပြီး ရှင်းလင်းရတဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့အတူ မကြာခင်မှာ ထွက်ပေါ်လာမယ့် လုပ်ထုံး လုပ်နည်းတွေ၊ နည်းဥပဒေတွေ အားလုံးသည် ကျနေ်ာတို့ မျှတ မှန်ကန်စွာနဲ့ လုပ်ငန်းရှင်တွေ အားလုံးကို မြန်မာနိုင်ငံအတွင်းမှာ ရှင်းနှီးမြုပ်နှံခွင့် ပေးထားတဲ့ ဥပဒေတွေ ဖြစ်ပေါ်လာပါပြီ။ နည်းဥပဒေ ဖြစ်ပေါ်လာပါပြီ။ မျှတတဲ့ ရင်းနှီးမြုပ်နှံမှု နယ်ပယ် ဖြစ်လာပါပြီ။ အခက်အခဲတွေ ကြုံတွေ့လာတဲ့ အခါမှာလည်း ကျနော်တို့ နိုင်ငံတော် အစိုးရအနေနဲ့ အချိန်ပိုင်းအလိုက်၊ အချိန်ပိုင်းအလိုက် အနီးကပ် ထိတွေ့ပြီးတော့ တွေ့ကြုံနေရတဲ့ Issues တွေ၊ Difficulties တွေ၊ Problems တွေကို ကျနေ်ာတို့ ညှိနှိုင်းပြီးတော့၊ ဖြေရှင်းပြီးတော့၊ ပံ့ပိုးပေးပါ့မယ်။ ပြည်တွင်းက ပုဂ္ဂိုလ်တွေကို ပံ့ပိုးပေးသလိုပဲ ပြည်ပက လုပ်ငန်းရှင်တွေ ကိုလည်း ကျနော်တို့ ပံ့ပိုးပြီးတော့ ကူညီ ဆောင်ရွက် ပေးပါ့မယ်။ မြန်မာနိုင်ငံဟာ အရင်နဲ့ မတူတဲ့ စီးပွားရေး အခင်းအကျင်း၊ စီးပွားရေး နယ်ပယ်ကို ခင်းကျင်း ထားပြီး ဖြစ်တယ်ဆိုတဲ့ အကြောင်းလည်း ပြောလိုပါတယ်။”

ဒီလို ပြည်ပ လုပ်ငန်းရှင်တွေကို လာရောက် ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်လိုက်တဲ့ အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ မိမိတို့ လုပ်ငန်းတွေ ရပ်တန့်သွားမလားလို့ မစိုးရိမ်ကြဖို့နဲ့ အစိုးရအနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ပံ့ပိုးပေးမယ်လို့ ဂတိပြုခဲ့ပါတယ်။ ဒီပေမယ့် ဘယ်လိုပံ့ပိုးပေးမလဲဆိုတဲ့ အသေးစိတ်ကိုတော့ မပြောသွားပါဘူး။

အားနည်းနေတဲ့ ဘဏ်လုပ်ငန်းတွေမှာလဲ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ခွင့်ပြုသွားမယ်လို့လည်း ပြောကြားလိုက်သလို ခေတ်နောက်ကျနေတဲ့ လယ်ယာလုပ်ငန်းတွေမှာပါ ရင်းနှီးခွင့်ပေးမယ်လို့လည်း ဆိုပါတယ်။ ပြည်ပလုပ်ငန်းရှင်တွေ ရောက်လာလို့ ပြည်တွင်း လုပ်ငန်းတွေ ပြိုလဲနိုင်တယ်ဆိုတဲ့ ဆင်ခြေတွေမပေးဘဲ ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနဲ့ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးကတော့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တိုင်း လွယ်ကူ လျင်မြန်စွာ ရင်းနှီးမြုပ်နှံလာနိုင်ဖို့ တည်ဆဲကုမ္ပဏီ အက်ဥပဒေကို မကြာခင်ပြင်ဆင်ပေး သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ လက်ရှိ ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစဉ်တွေ နဲ့ပတ်သတ်ပြီး အခုလို ပြောဆိုလိုက်ပါတယ်။

“၂၀၁၇ မကုန်ခင်မှာကို မြန်မာအနေနဲ့ စံနစ်သစ်တွေ၊ ရင်းနှီးမြုပ်နှံမှု ဥပဒေအသစ်၊ ကုမ္ပဏီ ဥပဒေအသစ်တွေနဲ့ စတင် လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်မှာပါ။ ကုမ္ပဏီ ဥပဒေသစ်မှာဆိုရင် လုပ်ပိုင်ခွင့်တွေ အများကြီး ပိုပေးထားပါတယ်။ တားဆီး ကန့်သတ်ချက်တွေလည်း အများကြီး လျော့ပေးထားပါတယ်။ ကျနော်တို့က ကုမ္ပဏီကို အွန်လိုင်းကနေ မှတ်ပုံတင်လို့ရမယ့် စံနစ်တခုကိုလည်း စီစဉ် ပေးနေပါတယ်။ ၂၀၁၈ နှစ်လယ်လောက်မှာကို အဲဒီ စံနစ်နဲ့ စသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရင်းနှီးမြုပ်နှံသူတွေ အလွယ်တကူ လုပ်ကိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့ ကျနော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်။”

လက်ရှိချိန်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏဟာ ၂၀၁၇ ဖေဖော်ဝါရီအထိ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ရှိနေတယ်လို့ အစိုးရဘက်က စာရင်းဇယားတွေက ဖော်ပြနေပေမယ့် ရင်းနှီးမြုပ်နှံတာမှာ လျှပ်စစ်မီးရရှိဖို့ ခက်ခဲတာ၊ ကြိုးနီစနစ်တွေ ရှိနေသေးတာနဲ့ ဥပဒေရေးရာ ခိုင်မာမှု အားနည်းနေတာတွေကြောင့် အာဆီယံနိုင်ငံတွေနဲ့ယှဉ်ရင် လာရောက် ရင်းနှီးမြုပ်နှံမှု ပမာဏ နည်းနေသေးတယ်လို့ ပြည်ပလုပ်ငန်းရှင်တွေက ထောက်ပြလာကြပါတယ်။

စားသောက်ကုန်လုပ်ငန်းတခုဖြစ်တဲ့ Texchem လုပ်ငန်းက အထွေထွေမန်နေဂျာ တဦးဖြစ်တဲ့ Mr. Chia Yoon Seng က လက်ရှိ ပြည်ပလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံတာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး ခုလိုပြောပြပါတယ်။

“စိန်ခေါ်မှုတခုကတော့ မူဝါဒကို တသမတ်ထဲ ထိန်းထားနိုင်ရေးပဲ ဖြစ်ပါတယ်။ တယောက်ယောက် တင်သွင်းလိုက်တာကို MIC က အရင် အတည်ပြုပေးတယ်။ ဒါပေမယ့် နောက်ကျတော့ အစိုးရက ဒါကို ခွင့်မပြုတော့ဘူးဆိုတာ ဖြစ်လာတယ်လေ။ ဒီမှာ ရင်းနှီးမြုပ်နှံသူတွေ အခက်အခဲ တွေ့ရတာပါပဲ။ ဖြစ်နေပုံက ၃ နှစ်တာ စီမံကိန်းတခုလုပ်ဖို့ ခွင့်ပြုမိန့်ကျပြီး လုပ်နေတော့မှ နောက်ကျ ရပ်ထားရမယ်ဆိုတာ ဖြစ်လာပါရော။ ဒီတော့ ရင်းနှီး မြုပ်နှံသူတွေကလည်း ဆက်ပြီး ဘာမှ မလုပ်ရဲကြတော့ပါဘူး။”

လက်ရှိ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း သူက အခုလို ပြောပြပါတယ်။

“တိုးတက်မှုတွေတော့ တွေ့ရပါတယ်။ ဒါပေမယ့် တိုးတက်အောင် ထပ်ပြီးတော့ လုပ်လို့ရပါသေးတယ်။ ဒုတိယအကြိမ် ထုတ်ပြန်လိုက်တဲ့ ၂၀၀၁ - ၂၀၀၂ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေမှာက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ပြည်သူပိုင် မလုပ်လိုက်ဘူး ဆိုတာပါ။ ဒါ့အပြင် နောက်ထပ် ပိုပြီးတော့ တိုးတက်မှုတွေရှိအောင်လည်း လုပ်ပေးပါတယ်။ MIC ရဲ့ အထူးကောင်းမွန်တဲ့ အစပျိုး လုပ်ဆောင်မှုတွေပါ။”

အစိုးရဘက်ကတော့ ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ အနေနဲ့ ဘာစိုးရိမ်ကြောင့်ကြမှုမှ မရှိဘဲ လာရောက် ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်လိုက်ပေမယ့် တည်ငြိမ်မှု မရှိသေးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကလည်း ရင်းနှီးမြုပ်နှံမှုကို အဟန့်အတားဖြစ် စေတယ်လို့ ပြည်ပ လုပ်ငန်းရှင်တွေဘက်က ထောက်ပြကြပါသေးတယ်။

လာမယ့် ၂၀၁၈၊ ၂၀၁၉မှာ မြန်မာနိုင်ငံအနေနဲ့ ပြည်ပ နိုင်ငံတွေဘက်ရဲ့ အကောင်းဆုံး ရင်းနှီးမြုပ်နှံရာ နေရာတခု ဖြစ်စေရမယ်လို့ ဂတိတွေပေးခဲ့ပြီး ရင်းနှီးမြုပ်နှံမှုမှာ မလိုလားအပ်တဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေးမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေ ရှိလာရင်လည်း အမြန်ဆုံး အဆင်ပြေအောင် ဖြေရှင်းပေးမယ်လို့လည်း ဂတိပေးလိုက်သလို နယ်စပ်ဒေသတွေနဲ့ မဖွင့်ဖြိုးသေးတဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံမယ်ဆ ိုရင် အထူး အခွင့်အရေးတွေပါ ထပ်ဆောင်းပေးမှာမို့ နှစ်ရှည် လာရင်းနှီးဖို့ ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG