သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နဲ့ တရုတ် ပိုးလမ်းကြောင်း


တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့အဝင်မြင်ကွင်း
တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့အဝင်မြင်ကွင်း

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း “ချင်းရွှေဟော်” ကုန်သွယ်ရေးစခန်း နဲ့ ယူနန်ပြည်နယ် လင်ကျန်းကုန်သွယ်စခန်းတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာအောင် စတင်ဆောင်ရွက်နေကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တယ်လို့ ဇူလိုင်လ (၄) ရက်နေ့ထုတ် ရှင်းဟွာသတင်းမှာ ဖော်ပြပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းထဲမှာ ချင်းရွှေဟော်ဟာ တတိယအကြီးဆုံးပါ။ ကုမင်၊ လင်ကျန်း၊ ချင်းရွှေဟော်ကတဆင့် မြန်မာပြည်ကိုဖြတ်ပြီး ပင်လယ်ကိုသွားမယ်လမ်းကြောင်း ဖြစ်ပါတယ်။ ပိုးလမ်းကြောင်းရဲ့ အနောက်တောင်ထွက်ပေါက်အဖြစ် တရုတ်က သတ်မှတ်ထားပါတယ်။

မြန်မာ နဲ့ တရုတ် ပိုးလမ်းကြောင်း
please wait

No media source currently available

0:00 0:04:53 0:00
တိုက်ရိုက် လင့်ခ်


၂၀၀၀ ခုနှစ်မှာ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ (၄) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို တရုတ်က တင်ပြလာပါတယ်။ တောင်ပတ်လည် ဝိုင်းနေတဲ့ ယူနန်ပြည်နယ်ကို ထွက်ပေါက်ဖွင့်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ စာတမ်းဖတ်ပြီး နှီနှောဖလှယ်ပွဲလုပ်တဲ့ အဆင့်က မတက်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် (၄) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ပြတဲ့အနေနဲ့ ကားအစီး (၂၀) ကျော် ကာလကတ္တား၊ ဒါကာ၊ အင်ဖာ၊ မိုရေး၊ တမူး၊ မန္တလေး၊ လာရှိုး၊ ရွှေလီ နဲ့ ကုမင် ကို (၂၀၁၃) မှာ ခရီးထွက်ပြပါတယ်။ အဲဒီနှစ်မှာပဲ ကျောက်ဖြူ၊ ယူနန်၊ ရေနံဓါတ်ငွေ့ပိုက်လိုင်း ဖွင့်နိုင်ပါတယ်။

နောက်တော့ မကြာပါဘူး၊ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စီးပွားရေးစင်္ကြန် ထူထောင်ရေးနဲ့ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်း တည်ဆောက်ရေးကို တရုတ်က စီစဉ်ပါတယ်။ ဒီအတွက် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နံှမှုဘဏ်ကိုပါ တည်ထောင်ပါတယ်။ တရုတ်သမ္မတ ရှင်ကျင့်ဖိန်ရဲ့ အကြီးမားဆုံး အကြံအစည် ဖြစ်ပါတယ်။ အာရှအလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေကိုဖြတ်ပြီး ဥရောပနဲ့ ကုန်သွယ်ရေး၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယ သမုဒ္ဒရာနိုင်ငံတွေနဲ့ ကုန်သွယ်ရေး စသဖြင့် ကုန်းကြောင်းရေကြောင်း ပိုးလမ်းကြောင်း ဖောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အစောပိုင်းလောက်ကစပြီး စတင် အကောင်အထည် ဖော်နေပါတယ်။ ဒါပေမဲ့ အောင်မြင်ဖို့အတွက် နိုင်ငံအတော်များများရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ တရုတ်မှာ အိမ်နီးချင်း (၁၄) နိုင်ငံ ရှိပါတယ်။

ပိုးလမ်းကြောင်း ဖြတ်သွားမယ့် အာရှအလယ်ပိုင်းဒေသဟာ လူနေကျဲပြီး မဖွံ့ဖြိုးသေးတဲ့အတွက် ပိုးလမ်းတလျှောက်မှာ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ပြီး ဆက်သွယ်နိုင်ရင် တရုတ်ရဲ့ အနောက်ဖက် ပြည်နယ်တွေ တိုးတက်ဖွံ့ဖြိုးလာမယ်လို့ ယူဆပါတယ်။ ပိုးလမ်းကြောင်းတလျှောက်မှာ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတဲ့ဓလေ့ ထွန်းကားလာမယ်လို့လည်း တရုတ်က မျှော်လင့်ပါတယ်။ တောင်ပိုင်းမှာ ကုမင်၊ ဘောင်ရှန်၊ ရွှေလီ၊ ဗန်းမော်၊ မြစ်ကြီးနား၊ ရှာဒူဇွပ်၊ ရှင်ဘွီယန် နဲ့ လီဒို ကို ကားလမ်းနဲ့ ဆက်နိုင်ရင် အိန္ဒိယပြည်ကို ရောက်သွားတာမို့ တောင်ပိုင်းပိုးလမ်းမ ဖြစ်သွားနိုင်ပါတယ်။ စီးပွားရေး တိုးတက်နေတဲ့ တရုတ်ပြည်အရှေ့ပိုင်း ကမ်းရိုးတန်းဒေသနဲ့ အနောက်ပိုင်းဒေသကို ရှေးခေတ်ပိုးလမ်းအတိုင်း ပြန်ဆက်ပေးနိုင်ရင် လမ်းတလျှောက်က ဒေသခံတွေအားလုံး အကျိုးအမြတ် ခံစားရမယ်လို့ တရုတ်က မြင်ပါတယ်။

ဒါပေမဲ့ ပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်းကြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်တွင်းပဋိပက္ခ ပြင်းထန်ပြီး အဂတိလိုက်စားမှု များပြားတဲ့ နိုင်ငံတွေရဲ့ ကူညီရိုင်းပင်မှု လိုအပ်တာဟာ အဓိက ပြဿနာ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒါကြောင့် တရုတ်ခေါင်းဆောင်ပိုင်းရဲ့ ရေရှည်ရည်မှန်းချက်သာ ဖြစ်တယ်လို့ ယူဆကြပါတယ်။ အထူးသဖြင့် အိန္ဒိယဟာ တရုတ်အကြံအစည်ကို အများဆုံး သံသယ ရှိပါတယ်။ တရုတ်အကျိုးစီးပွား မြှင့်တင်ဖို့ အဓိက ရည်ရွယ်တာဖြစ်လို့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လက်ခံဖို့ တာဝန်မရှိဘူးလို့ အိန္ဒိယဘက်က မြင်ပါတယ်။ အိန္ဒိယကလည်း မြန်မာ၊ ထိုင်း၊ ဗိယက်နမ်ကို ဆက်သွယ်လိုတာမို့ တရုတ်ရဲ့ ပြိုင်ဘက်လို ဖြစ်လာပါတယ်။ တရုတ်၊ ပါကစ္စတန် စီးပွားရေးစင်္ကြန် စီမံချက်ဟာလည်း အိန္ဒိယအတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။

ပိုးလမ်းကြောင်း ကုန်သွယ်ရေးမှာ အိန္ဒိယဟာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်စွာ ပတ်သက်နေပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နဲ့ ပါကစ္စတန်မှာ တရုတ်အရင်းအနှီး များလာတာဟာ အိန္ဒိယအနေနဲ့ ရပ်ကြည့်လို့ မဖြစ်နိုင်တဲ့ အခြေအနေ ရောုက်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တရုတ်ပြည်ရဲ့ လက်နက်ရောင်းချမှုဟာ နှစ်ဆတိုးလာတယ်လို့ ဆွီဒင်နိုင်ငံ Stockholm International Peace Research Institute က ဆိုပါတယ်။ တရုတ်စက်ပစ္စည်း (၃၅) ရာခိုင်နှုန်းကို ပါကစ္စတန်က ဝယ်ယူပြီး ဘင်္ဂလားဒေ့ရှ်က (၂၀) ရာခိုင်နှုန်း၊ မြန်မာက (၁၅) ရာခိုင်နှုန်း ဝယ်ယူကြောင်း သိရှိရပါတယ်။

ပိုးလမ်းမ စီးပွားရေးလမ်းကြောင်း အကောင်အထည်ပေါ်အောင် တရုတ်က ကြိုးစားလေလေ မြန်မာပြည်လို အိမ်နီးချင်းနိုင်ငံမျိုးမှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍဟာလည်း ကြီးမားလေလေ ဖြစ်လာဖို့သာ အလားအလာ ရှိပါတယ်။ တရုတ်အတွက် အရေးကြီးတဲ့ ကျောက်ဖြူမြို့နယ်မှာ ကျေးလက်ဖွံ့ဖြိုးရေးအတွက် တရုတ်ကုမ္ပဏီက ကျပ်ငွေသန်း (၁၅၀၀) ရန်ပုံငွေ မတည်ပြီး ဆောက်ရွက်နေပါတယ်။ ခေတ်သစ် ပိုးလမ်းမ သတင်းလွှာ Belt & Road Channel ကို တရုတ် - အင်္ဂလိပ် - အာရပ် ဘာသာစကား (၃) မျိုးနဲ့ လွန်ခဲ့တဲ့လကစပြီး ရှင်ဟွာသတင်းဌာနက ထုတ်လွှင့်နေပါတယ်။ အောင်မြင်ဖို့ ဆယ်စုနှစ်နဲ့ ချီပြီးကြာနိုင်မယ့် တရုတ်အစိုးရရဲ့ မဟာစီမံကိန်းကြီးဖြစ်လို့ မြန်မာအတွက် အလွန်အရေးကြီးပါတယ်။

XS
SM
MD
LG