သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးလုပ်သား ပညာရေး


ကလေးလုပ်သား ပညာရေး
please wait

No media source currently available

0:00 0:04:56 0:00
တိုက်ရိုက် လင့်ခ်


ကလေးလုပ်သား ပပျောက်ရေးဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်ပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ပါတယ်။ မိသားစု ဆင်းရဲလို့ အလုပ်လုပ်တာကို ဖွံ့ဖြိုးစနိုင်ငံတွေမှာ လက်ခံထားရပါတယ်။ လက်တွေ့လုပ်နိုင်တာကတော့ ရှိနေတဲ့ ကလေးအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပြီး သူတို့ဘဝ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းဖို့ပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နဲ့ ပြည်တွင်းအလုပ်သမားအဖွဲ့တွေက ဆောင်ရွက်နေတာ တွေ့ရပါတယ်။ အစိုးရစာရင်းအရ ကလေးလုပ်သားတသန်းခွဲလောက်ရှိတဲ့အထဲမှာ လဘက်ရည်ဆိုင်က ကလေးတွေကို လူသိများပါတယ်။

လဘက်ရည်ဆိုင်က ကလေးလုပ်သားတွေအတွက် ဖွင့်ထားတဲ့ Mobile Education Project ရွေ့လျားပညာရေးကို လူသိများပါတယ်။ ကလေးလုပ်သားတွေဆီကို၊ ရွေ့လျားကျောင်း Bus ကားနဲ့သွားပြီး ပညာသင်ပေးနိုင်အောင် Tim Aye-Hardy ဆိုသူ လူငယ်တဦးက တီထွင်ထားတာ ဖြစ်ပါတယ်။ ၂၀၁၄ က စတာဖြစ်ပြီး ကလေး (၁၀၀၀) လောက်ကို သင်ကြားပေးနိုင်တယ်လို့ သိရပါတယ်။ ဝန်ဆောင်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကလေးဦးရေ သိန်းချီပြီး ရှိနေပါတယ်။ အိမ်တွင်းအလုပ်သမား မိန်းကလေးတွေကိုတော့ မြင်နိုင်တာ မဟုတ်တဲ့အတွက် သူတို့အခြေအနေကို သိနိုင်ဖို့ ခက်ခဲပါတယ်။

အိမ်တွင်းအလုပ်သမားဘဝကို ရောက်နေတဲ့ ကလေးဦးရေကို ကြေညာတာမျိုး မရှိသေးပါဘူး။ အိမ်တွင်းအလုပ်သမားဘဝမှာ ကလေးကနေ လူကြီးဖြစ်လာသူတွေ အများကြီးရှိပါတယ်။ မိန်းကလေးတွေကို အိမ်တွင်းအလုပ်သမားအဖြစ် အသုံးပြုတဲ့ဓလေ့ကို မြန်မာပြည်မှာ လက်ခံထားတာ ကြာပါပြီ။ ကလေးလုပ်ခကို ကလေးရဲ့မိဘ (သို့မဟုတ်) အုပ်ထိန်းသူက လက်ခံရယူတဲ့စနစ် ဖြစ်ပါတယ်။ အရွယ်ရောက်လာသူကတော့ နိုင်ငံခြားမှာ အိမ်တွင်းအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ ထိုင်း၊ မလေးရှား၊ စင်္ကာပူနဲ့ ဟောင်ကောင်မှာ ရောက်နေတဲ့ မြန်မာပြည်သား အိမ်တွင်းအလုပ်သမားကို အကာအကွယ်ပေးနိုင်အောင် အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအိမ်တွင်း အလုပ်သမားသုံးသောင်းရှိပြီး စင်္ကာပူမှာ လေးသောင်းကျော် ရှိပါတယ်။ ဒီအထဲမှာ နှိပ်စက်ညှဉ်းပမ်းခံရသူတွေ ရှိပါတယ်။

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကတော့ ပြည်တွင်းအလုပ်သမားတွေကို လက်လှမ်းမိသလောက် လေ့လာနေပုံ ရပါတယ်။ လှိုင်သာယာစက်မှုဇုန်က ကလေးအလုပ်သမားအကြောင်း Rapid Assessment of Child Labour in Hlaing Thar Yar Industrial Zone ဆိုတဲ့ စာတမ်းကို မနှစ်က ထုတ်ဝေထားပါတယ်။ ကလေးတွေကို တိုက်ရိုက်မေးမြန်းတဲ့အပြင် မိဘ၊ ဆရာဆရာမနဲ့ အလုပ်ရှင်ကိုလည်း မေးမြန်းတယ်လို့ ဆိုပါတယ်။ လှိုင်သာယာ ကလေးအလုပ်သမား တဝက်ဟာ (၁၃) နှစ်အောက်တွေ ဖြစ်ကြပြီး၊ ရှစ်နှစ်သားအရွယ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ ကလေးကို တနေ့ (၄) နာရီသာ ခိုင်းရမယ်လို့ ဥပဒေက သတ်မှတ်ထားပေမယ့် တနေ့ (၈) နာရီ လုပ်နေကြပါတယ်။ အသက်ငယ်လို့ တောက်တိုမယ်ရ အလုပ်ကိုလုပ်တဲ့ ကလေးဟာ ပုံမှန်အလုပ်ကို လုပ်တဲ့ကလေးလောက် လုပ်ခမရဘူးလို့ ဆိုပါတယ်။

စားသောက်ကုန်နဲ့ အထည်ချုပ်စက်ရုံတချို့မှာ (၁၃) နှစ်အောက် ကလေးတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကလေးအလုပ်သမား ပေါ်ပေါက်လာအောင် ဖန်တီးတဲ့ အကြောင်းရင်းတွေထဲမှာ မိဘဆင်းရဲမှုနဲ့ အလုပ်ရှင်က လက်ခံလိုမှုဟာ အဓိက အကြောင်းရင်းလို့ ဆိုပါတယ်။ မိဘတွေရဲ့ မေတ္တာရပ်ခံမှုကြောင့် ကူညီတဲ့အနေနဲ့ ကလေးအလုပ်သမားကို လက်ခံရတာလို့ အလုပ်ရှင်ဘက်က ဆိုပါတယ်။ ဒါပေမဲ့ ကလေးအလုပ်သမားဟာ လူကြီးထက်ပိုပြီး ကျိုးနွံတဲ့အတွက် ပိုပြီးခိုင်းကောင်းတယ်လို့ အလုပ်ရှင်ဘက်က မြင်ပါတယ်။ စက်ရုံအလုပ်ရုံမှာ ကျွမ်းကျင်မှုကိုလိုက်ပြီး လုပ်ခရတာမို့ ကလေးလုပ်သားတွေ အလုပ်လုပ်ရင်း အတတ်ပညာသင်ယူရမယ်လို့ အလုပ်ရှင်ကရော ကလေးလုပ်သားကရော ယူဆကြပါတယ်။ အလုပ်လုပ်ရင်း အသက်မွေးဝမ်းကျောင်းပညာ သင်ယူသင့်တာကို သဘောပေါက်ဖို့ လိုပါတယ်။

လှိုင်သာယာစက်မှုဇုန်က ကလေးလုပ်သား (၇၅) ရာခိုင်နှုန်းဟာ မိသားစုကို ကူညီတဲ့အနေနဲ့ အလုပ်လုပ်နေကြတာလို့ ဆိုပါတယ်။ ဆရာဆရာမ၊ ရပ်ကွက်လူကြီး၊ ဘုရားလူကြီး စတဲ့ ပုဂ္ဂိုလ်တွေကလည်း မိဘကို ကူညီဖို့ ကလေးမှာ တာဝန်ရှိတယ်လို့ မြင်ကြပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ကလေးပညာ သင်နိုင်ဖို့အတွက် အလုပ်ရှင်ကရော မိဘကရော သဘောတူဖို့ လိုတယ်လို့ ILO အဖွဲ့က ဆိုပါတယ်။ လုပ်ငန်းကျွမ်းကျင်အောင် သင်တန်းပေးတာကို အကောင်းဆုံးနည်းလမ်းအဖြစ် ဖော်ပြပါတယ်။ ကလေးလုပ်သားတွေ သင်တန်းတက်နိုင်အောင် အလုပ်မပင်ပန်းဖို့နဲ့ လေ့လာချိန်ရဖို့ လိုအပ်ပါတယ်။

သင်တန်းတက်နိုင်အောင် စီစဉ်ပေးလို့ ဝင်ငွေလျော့သွားနိုင်တာကို ကလေးမိဘက လက်ခံဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးလုပ်သား အလုပ်ခွင်သင်တန်း အောင်မြင်ရေးဟာ အလုပ်ရှင်နဲ့ မိဘအပေါ်မှာ မူတည်နေပါတယ်။ လှိုင်သာယာမှာ အလုပ်သမားတွေ လုပ်ခကောင်းကောင်းမရတဲ့ ပြဿနာ ရှိပါတယ်။ မိခင်ဖခင်တွေ အလုပ်လုပ်နိုင်ရင် ကလေးလုပ်သား လျော့နည်းသွားနိုင်တာကိုလည်း ILO က ညွှန်ပြထားပါတယ်။ ကလေးအလုပ်မလုပ်ရလို့ ဥပဒေက ဆိုပေမယ့် လူမှုရေးအရ ကလေးလုပ်သားကို လက်ခံကြပါတယ်။ လှိုင်သာယာ ကလေးလုပ်သား ပြဿနာဖြေရှင်းဖို့အတွက် ဆက်ပြီး သုတေသနလုပ်ဖို့ လိုအပ်တယ်လို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG