သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီအမတ် စိတ်လိုက်မာန်ပါပြုမူ NLD ဘယ်လိုကိုင်တွယ်မလဲ


တနင်္သာရီအမတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ကျေအေးပြီး (credit to တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အောင်ကျော်ဟိန်း)
တနင်္သာရီအမတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ကျေအေးပြီး (credit to တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အောင်ကျော်ဟိန်း)

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးက ဒေသခံရွာသားတဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်သလို၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ပုံရိပ်ကို မထိခိုက်အောင် သတိထားသင့်တယ်လို့ ၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်သွားဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်ကပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပဝကျေးရွာအုပ်စုက ကိုထွန်းလှဆိုတဲ့ ဒေသခံရွာသားတဦး နဲ့ အခြေတင်စကားများရာကနေ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တနင်္သာရီမြို့နယ်အတွင်းက ချောင်းထဲကျေးရွာအတွင်းမှာရှိတဲ့ စာသင်ကျောင်းတည်ဆောက်တာကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ကွင်းဆင်းပြီး သွားရောက်စစ်ဆေးနေစဉ်မှာ ပြဿနာဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင် အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် ဝေဖန်သံတွေ အတော်လေး ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင့်ဆွေကလည်း အခုလို ပြောပါတယ်။

“ကျနော်မြင်တာကတော့ ဒီလိုဗျ၊ လွှတ်တော်အမတ်တယောက်အနေနဲ့ ကိုယ်ထိလက်ရောက် လက်နဲ့ရော နှုတ်အားဖြင့် ဝစီကံနဲ့ရော အများအမြင်မှာ မတင့်တယ်တာ မဖြစ်သင့်တာ မဖွယ်မရာကတော့ လုံး၀ မလုပ်အပ်တဲ့အရာလို့တော့ ကျနော်မြင်ပါတယ်။ သို့သော် လွှတ်တော်အမတ်ပဲဖြစ်ဖြစ် တခြား ပုဂ္ဂိုလ် တွေပဲဖြစ်ဖြစ် ၊ ဝန်ကြီးအစိုးရအဖွဲ့ပဲဖြစ်ဖြစ် သာမန်ပုဂ္ဂိုလ် တွေပဲဖြစ်ဖြစ် အားလုံး စိတ်လက်မန်ပါဖြစ်တတ်တဲ့ သဘောကတော့ ဒါလူ့သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိတဲ့နေရာမှာ ယူရတဲ့ လူတွေ အဓိကအားဖြင့် အများပြည်သူက မျက်စိဒေါက်ထောက်ကြည့်ခံရတဲ့လူတွေက ပိုပြီးတော့ စိတ်ငြိမ်းချမ်းရမယ်ဆိုတာကို ဒီအပေါ်မှာ သင်ခန်းစာ ယူနိုင်ရင်တော့ ပိုကောင်းမယ်လို့ ယူဆပါတယ်။”

ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲအကြိုကာလတုန်းကတော့ NLD ပါတီဥက္ကဋ္ဌဖြစ်တဲ့ လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုအနေနဲ့ လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီး မဲပေးကြဖို့ ပြောခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ လွှတ်တော်အသီးသီးမှာ တာဝန်ယူနေကြတဲ့ ပါတီကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ပုံရိပ်ကို မထိခိုက်အောင် လုပ်ဆောင်ကြဖို့သတိထားသင့်တယ်လို့လည်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“NLD အခုလက်ရှိ ဒီလွှတ်တော်ကတော့ အရင်လွှတ်တော်တွေထက် ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီကို ကြည့်ပြီးတော့ မဲပေးဖို့ဆိုတဲ့ လမ်းညွန်မှုနဲ့ ဖြစ်လာတော့ လူပုဂ္ဂိုလ် တွေကလည်း ပါတီရဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့ လိုတယ်။”

တနင်္သာရီတိုင်း NLD ပါတီဘက်ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး၊ ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးကိုတင်ပြသွားမှာဖြစ်သလို၊ NLD ပါတီဘက်ကလည်း ပါတီစည်းမျဉ်းစည်းကမ်းနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြောထားပါတယ်။

NLD ပါတီအနေနဲ့ ပါတီစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်သူတွေ၊ လိုက်နာခြင်းမရှိတဲ့သူတွေ အစဉ်အလာအရ အရေးယူလေ့ ရှိတာကြောင့် အခုတကြိမ်မှာလည်း ပါတီစည်းမျဉ်းစည်းကမ်း နဲ့ အညီ လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ယေဘုယျပြောရရင်တော့ NLD ပါတီက သူ့ပါတီဝင်တွေ ၊ ပါတီရဲ့ တာဝန်ပေးထားတဲ့လူတွေကို တောက်လျှောက်ပါတီ စည်းမျဉ်းစည်းကမ်းအရ ဆောင်ရွက်နေတာ အစဉ်အလာရှိပါတယ်။ အခုကိစ္စလည်း ဆောင်ရွက်သင့်ဆောင်ရွက်ထိုက် တာတွေကို ပါတီတာဝန်ရပုဂ္ဂိုလ် တွေက ဆောင်ရွက်မယ်လို့ ယူဆပါတယ်။ ဆိုတော့ အရင်တုန်းက မဖြစ်ဘူးခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက် ဖြစ်လာတာ ဆိုတဲ့အတွက်လည်း ပါတီအနေနဲ့ ပိုပြီးတော့ နောင်မှာ စည်းမျဉ်းစည်းကမ်း လမ်းညွန်မှုတွေ ပိုပြီးတော့ ချမှတ်ကောင်းချမှတ်မယ်လို့ မျှော်လင့်ရပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲမြင့်ဆွေဘက်က တနင်္သာရီတိုင်းဒေသကြီး NLD ပါတီကို အစီရင်ခံစာတင်ထားပြီးဖြစ်သလို၊ မနေ့ တနင်္လာနေ့ကလည်း ကိုထွန်းလှကို သွားရောက်တောင်းပန်ခဲ့ပြီး ၊ ၂ ဘက်ကျေအေးမှုရယူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG