သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD သုတေသန တာဝန်ခံ ၆၆-ဃ နဲ့ ထောင်ဒဏ် ၆ လ ကျခံရ


ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှုး ဦးမျိုးရန်နောင်သိမ်း ရုံးထုတ်လာစဉ်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှုး ဦးမျိုးရန်နောင်သိမ်း ရုံးထုတ်လာစဉ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှုး ဦးမျိုးရန်နောင်သိမ်းကို ကမာရွတ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်ကို အယူခံဝင်မှာ မဟုတ်ဘူးလို့ ဦးမျိုးရန်နောင်သိမ်းကပြောသလို ၆၆ (ဃ) ကို ပြုပြင်ဖို့လိုတယ်လို့လဲ ဆိုပါတယ်။ အပြည့်အစုံကို တော့ ကမာရွတ်မြို့နယ် တရားရုံးကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အသေရေပျက်စေနိုင်တဲ့ စာသားတွေ ဖေ့ဘုတ် လူ့မှု့ကွန်ရက်ပေါ်မှာ ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမျိုးရန်နောင်သိမ်းကို ဒီကနေ့မှာ ကမာရွတ်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ အကြောင်းအရာ ပေါ်မှာ ပြစ်ဒဏ်ချတာ မဟုတ်ဘဲ အသုံးအနှုန်းပေါ်မှာမူတည်ပြီး ပြစ်ဒဏ်ချတာကြောင့် ထူးဆန်းပြီး မရရအောင် ချတယ်လို့ မြင်တဲ့ အကြောင်း တရားရုံးကအထွက်မှာ ဦးမျိုးရန်နောင်သိမ်းက သတင်းထောက်တွေကို ပြောပါတယ်။

"မရ ရအောင် ချတယ်လို့ မြင်တာပဲ ကျနော်ကတော့။ ကာချုပ်ကိုဆိုရင် မထိနဲ့ဆိုတဲ့သဘော သက်ရောက်နေတာပေါ့နော်။ အဲ့ဒီ့တော့ လက်ရှိမှာ အုပ်ချုပ်နေတာက ကျနော်တို့ အစိုးရတခုတည်းမဟုတ်ဘူး။ နှစ်ဖွဲ့ဖြစ်နေတယ်။ ဘာမှလုပ်ဖို့မရှိတော့ပါဘူး ကျနော်လည်း ခြောက်လ ပြည့်ခါနီးနေပြီ။ အပြင်ရောက်တော့မှပဲ ဆက်ပြီးတော့ ပြောကြတာပေါ့။"

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ တာဝန် အရှိဆုံး ပုဂ္ဂိုလ်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး တာဝန်ကနေ နှုတ်ထွက်ပေးဖို့ ဆိုတဲ့ သဘောမျိုး ဦးမျိုးရန်နောင်သိမ်းက ဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။ ဒါကြောင့်လည်း ရန်ကုန်တိုင်း စစ်ဌာနချုပ်က တပ်နယ်မှုး ဒုတိယ ဗိုလ်မှုးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ ဦးမျိုးရန်နောင်သိမ်းကို အမှု ဖွင့်တိုင်ကြား လိုက်တာပါ။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဦးမျိုးရန်နောင်သိမ်းကတော့ ပုဒ်မ ၆၆ ဃကို ပြင်ဆင်ဖို့ လိုတယ်လို့ ပြောပါတယ်။

"ပုဒ်မ ၆၆ ဃက ပြုပြင်ဖို့ လိုပါတယ်နော်။ အလွဲသုံးစားမှုတွေရှိနေလို့ပါ။"

လက်ရှိ ဒီပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဦးမျိုးရန်နောင်သိမ်းဟာ နိုဝင်ဘာလ အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး အချုပ်နဲ့ အမှုကို ရင်ဆိုင်နေရတာပါ။ အခု ပြစ်ဒဏ်မှာ ချုပ်ရက် ခံစားခွင့်ရတာကြောင့် သူဟာ မေလ ဆန်းမှာ လွတ်မြောက်လာမှာလည်း ဖြစ်ပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ရာထူးကနုတ်ထွက်တယ် ဆိုတဲ့ ကြေညာချက် အတုကို သိမ်းယူပြီး Facebook ပေါ်မှာ ပြန်တင်တာကြောင့် ဦးဝင်းထိန်က တရားလိုလုပ်ပြီး ၆၆ (ဃ) နဲ့ နေပြည်တော်တရားရုံးမှာ တရားစွဲခံထားရတဲ့၊ အခင်းဖြစ်ချိန်က မုံရွာမြို့ NLD ပါတီဝင်တဦးဖြစ်သူ ဦးအောင်မြင့်ထွန်းကိုလဲ ဒီကနေ့မှာပဲ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မကို ပြင်ဆင်ဖို့ ဦးဆောင်လှုပ်ရှားနေသူတစ်ဦးလည်းဖြစ် ကိုယ်တိုင်လည်း ဒီပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးတဲ့ ကဗျာဆရာ မောင်ဆောင်းခကတော့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီပုဒ်မကို ပြင်ဖို့ မကြိုးစားဘဲ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် ဆက်လက် အသုံးပြုနေသေး တာဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ လက်ရှိအစိုးရရဲ့ကြွေးကြော်မှုက ဘာလဲဆိုတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ ပြောတယ်။ အဲ့ဒီ့တော့ ဒီပုဒ်မကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေတယ် ပိုပြီးတော့ အဖွဲ့အစည်းတခုနဲ့တခုအကြားမှာ ပိုပြီးတော့ အမုန်းတရားတွေ ပိုပြီးတော့ ပွားနေတယ်ပေါ့ ဒါကြီးက မဖြစ်မနေ ပြင်ဖို့လိုတယ်။ သူတို့ဒါကို ဒီအတိုင်းကြည့်နေတာကိုတော့ အများကြီး ထည့်သွင်းစဉ်းစားဖို့လိုမယ်လို့ ကျနော်က သုံးသပ်တယ် ဘာလို့လဲဆိုတော့ ဝန်ကြီးချုပ်ဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ သုံးတယ်။ နောက်ပြီးတော့ အာဏာရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဝင်းထိန်ကိုယ်တိုင်လည်း ဒီပုဒ်မကို သုံးတယ်ဆိုတော့ သူတို့ကိုယ်တိုင် ဒီပုဒ်မကို ကြိုက်နေတာလားဆိုတာကိုတော့ ကျနော်တို့ မေးခွန်းထုတ်ရမှာပေါ့နော်။"

NLD အစိုးရသစ်လက်ထက်မှာကိုပဲ ဒီပုဒ်မနဲ့ ရုံးတင် တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၅၄ မှုရှိပြီး ၈ မှုက ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ပေမယ့်လို့ အာမခံမရဘဲ အချုပ်နဲ့ အမှုရင်ဆိုင်နေတာ ၄ မှု ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG