သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆(ဃ)ပြင်ဆင်ရေး ရန်ကုန်လူထုဆန္ဒပြ


 ၆၆ဃ ပြင်ဆင်ပေးရေး လူထုလှုပ်ရှားမှု(FB- ဦးရောဘတ်စန်းအောင်)
၆၆ဃ ပြင်ဆင်ပေးရေး လူထုလှုပ်ရှားမှု(FB- ဦးရောဘတ်စန်းအောင်)

အရပ်သားအစိုးရလက်ထက်မှာ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းမှုတွေ များလာတဲ့ ဆက်သွယ်ရေးဥပဒေ ၆၆ဃကို လွှတ်တော်နှစ်ရပ်စလုံးမှာ အရေးတကြီး အဆိုတင်သွင်းပြီး ပြင်ဆင်ပေးရေး ဒီမိုကရေစီ အင်အားစုတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ နည်းပညာရှင်တွေနဲ့ ဥပဒေပညာရှင်တွေဘက်က ဆက်သွယ်ရေးဥပဒေပြင်ဆင်ပေးရေး လူထုလှုပ်ရှားမှုနဲ့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ဇန်နဝါရီလ ၂၂ရက်နေ့ ရန်ကုန်မြို့လည်က မြို့တော်ခမ်းမရှေ့မှာ လူထုလှုပ်ရှားမှုနဲ့ ၆၆ ဃ အမြန်ဆုံးပြင်ဆင်ပေးရေး တောင်းဆိုတဲ့လှုပ်ရှားမှုကို ကျင်းပခဲ့တာဖြစ်ပြီး လူရာချီတက်ရောက်ခဲ့ကြပါတယ်။ပြည်သူအများမဲဆန္ဒနဲ့ရွေးချယ်တင်မြှောက်လိုက်တဲ့ လူလုကိုယ်စားလှယ်တွေရဲ့ လွှတ်တော်သစ်မှာ ၆၆(ဃ) ဥပဒေပြင်ဆင်ပြဌာန်းပေးဖို့ လွှတ်တော်ပိုင်းက အလေးအနက်ထား ကြဖို့နဲ့ လွှတ်တော်တွင်း ပြင်ဆင်မှုတွေဖြစ်လာအောင် လူထုအားနဲ့ လှုပ်ရှားမှုတွေ ဆက်ပြီး အင်တိုက်အားတိုက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၆၆-ဃ လူထုလှုပ်ရှားမှု ဦးဆောင်ဟောပြောခဲ့သူတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုစပြောပါတယ်။

ဦးရောဘတ်စန်းအောင်။ ။အဓိက ရည်ရွယ်ချက်ကတော့ လွှတ်တော်ဆိုတာက လူထုရဲ့အသံကို နားထောင်တယ်။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်သည် လူထူဆန္ဒကို အကောင်အထည်ဖော်ခြင်းဖြစ်တယ်။ အဲဒီတော့ လူထုကြီးတရပ်လုံးက ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ကြောင့် လူအမြောက်အများ၊ မိသားစုများ မျက်ရည်ကျနေရတဲ့အဆင့်အထိ ပုဂိုလ်ရေး လက်သုံးတော် ဥပဒေအဖြစ်နဲ့ သက်ရောက်နေတာကို မလိုလားဘူး လက်မခံဘူးဆိုတာကို ကျနော်တို့ ထင်ဟပ်ဖော်ပြပေးခြင်းသာဖြစ်ပါတယ်။ ကျနော်တို့အစိုးရကလည်း လူထုအစိုးရဆိုတော့ လူထုအတွက်အကျိုးရှိတာကို အခုဒီလွှတ်တော်သက်တမ်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး အများစုက အရည်အချင်းပြည့်ဝတဲ့ ကိုယ်စားလှယ်တွေဆိုတော့ ဒါလူထုအတွက်လုပ်ပေးမယ်လို့ ယုံကြည်လို့ ဆန္ဒဖော်ထုတ်တာပါ။

မဆုမွန်။ ။ဟုတ်ကဲ့၊ ဒီ လူထုက ရွှေးချယ်တင်မြောက်လိုက်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီ ၆၆ (ဃ) ဆိုတဲ့ ပုဒ်မကြောင့် အသုံးပြုပြီးတော့ တရားစွဲဆိုမှုတွေ ဖမ်းဆီးထိန်းသိမ်းမှုတွေ များလာတယ်လို့ပြောပါတယ်။ ဆိုတော့ ၆၆ (ဃ) နဲ့ ပတ်သက်ပြီးတော့ အဓိက အရပ်သားအစိုးရ ၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ အစိုးရအနေနဲ့ ၆၆ (ဃ) နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ ပြုပြင်မှုတွေ လုပ်ပေးသင့်တယ်လို့ ဆရာ့အနေနဲ့ ထင်ပါသလဲ။

ဦးရောဘတ်စန်းအောင်။ ။ ကျနော်တို့အနေနဲ့ကတော့ ဦးစားပေးတောင်းဆိုချက်က လုံးဝဖျက်သိမ်းရေး၊ အဲဒါမှ မရဘူးဆိုရင် လိုအပ်သေးတယ်လို့ ယူဆရင် ပြင်ဆင်ရေး ။ ပြောမယ်ဆိုရင် လက်စားချေပြီးတော့ တဖက်သားကို အချုပ်နှောင်ဘဝနဲ့ ဒုက္ခရောက်အောင် အာမခံမရတဲ့ ပုဒ်မအဖြစ်ကနေ ပြောင်းလဲပေးဖို့အတွက် ကျနော်တို့ အခုလိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

မဆုမွန်။ ။ ဒီ ၆၆ (ဃ) က အရင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေတခု ဖြစ်တဲ့အခါကျတော့ ဒီ အခုလက်ရှိအစိုးရသစ်လွှတ်တော်လက်ထက်မှာရော အဓိက ဘယ်လိုများ ပြန်ပြီးတော့ လုပ်ဆောင်သင့်ပါသလဲ ဆရာ။

ဦးရောဘတ်စန်းအောင်။ ။ ဟုတ်ပါတယ် အရင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ရှိနေသားနဲ့ လူတယောက်ကို ပုဒ်ထီး၊ ပုဒ်မ အစုံနဲ့ တရားစွဲဆိုနိုင်အောင်ဆိုပြီး နောက်ထပ်ပြဌာန်းခဲ့တဲ့ ဥပဒေ အဲဒါကို အခု ပြည်သူ့ဆန္ဒနဲ့ တက်လာတဲ့ လွှတ်တော်သစ်က အချိန်အခါမရွေး ပြင်ဆင်ပြောင်းလဲ ပယ်ဖျက်နိုင်တဲ့ အခွင့်အာဏာ အပြည့်အ၀ ရှိနေပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က လှည်းနေ လှေအောင်း မြင်းဇောင်းပါ မြင်းဇောင်းနဲ့ နွားစားကျက်မကျန်အားလုံးပါဝင်ပြီးတော့ ဖျက်သိမ်းရေးဆီကို ဦးတည် ပြီး ကျနော်တို့ ဒီနေ့ ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။

မဆုမွန်။ ။ဟုတ်ကဲ့ ဆရာတို့ ဆက်ပြီးတော့ ဘယ်လိုမျိုးလှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဦးရောဘတ်စန်းအောင်။ ။အဲဒါက ကျနော်တို့ အခု လွှတ်တော်အစည်းအဝေးပြန်စမယ့် မတိုင်ခင်မှာ ဒါကို လွှတ်တော်ကို အရောက်ပေးပို့ဖို့အတွက် ကိုမောင်ဆောင်းခတို့က လုပ်နေသလို မြန်မာနိုင်ငံ သတင်းမီဒီယာ ရှေ့နေကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးသန့်ဇော်အောင်၊ တရားလွှတ်တော်နဲ့ နိုထရီပတ်ပလစ် ဦးအောင်စိုးဦးတို့က စာတမ်းတွေ ပြုစု ဆောင်ရွက်နေတာဖြစ်ပါတယ်။

မဆုမွန်။ ။ဟုတ်ကဲ့ပါဆရာ။ အဲဒီတော့ ဒီနေ့က မြို့တော်ခန်းမရှေ့က လူထုလှုပ်ရှားမှုအပေါ်မှာ ရန်ကုန်မြို့နေ လူထုတွေရော ဘယ်လိုများ သူတို့အနေနဲ့ တုံ့ပြန်ပါသလဲဆရာ။ ဆရာတို့ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ တုံ့ပြန်မှုက ရော ဘယ်လိုရှိလာနိုင်မယ်လို့ မျှော်လင့်ပါသလဲ ဆရာ။

ဦးရောဘတ်စန်းအောင်။ ။ ကောင်းပါတယ်။ တက်ရောက်လာတဲ့ ခန့်မှန်းခြေ လူ ၁၀၀၀ နီးပါးပုဂ္ဂိုလ်တွေက အခုကျနော်တို့ရဲ့ တင်ပြဆွေးနွေးချက်တွေအပေါ်မှာ လိုလိုလားလားရှိကြပါတယ်။ တက်ကြွလှုပ်ရှားသူ အန်တီ ဒေါ်နော်အုန်းလှတို့၊ ကျောင်းသားဘက်ကဆိုရင် ဘကသ ကိုမင်းထွေးသစ်တို့ ၊ ကိုမိုးသွေးတို့ ၊ နောက်ပြီးတော့ ၈၈ ငြိမ်းပွင့်က မနီလာသိန်း တို့ အစရှိတဲ့ တက်ကြွလှုပ်ရှားသူအားလုံးက ၆၆ (ဃ) ရဲ့ အနိဋ္ဌာရုံ သဘောတရားတွေကို မြင်တွေ့ထားပြီးဖြစ်တဲ့အတွက် သူ့တို့ကိုကလည်း ကျနော်တို့နဲ့အတူ ပူးပေါင်းပြီးတော့ လာရောက်ဆွေးနွေးတာဖြစ်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆရာ ဦးရောဘတ်စန်းအောင် ကျေးဇူးအများကြီးတင်ပါတယ် ဖြေပေးတာ။

ဦးရောဘတ်စန်းအောင်။ ။ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မြို့တော်ခမ်းမရှေ့က ၆၆-ဃ လူထုလှုပ်ရှားမှု ဦးဆောင်ဟောပြောခဲ့သူ တဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

၆၆(ဃ)ပြင်ဆင်ရေး ရန်ကုန်လူထုဆန္ဒပြ
please wait

No media source currently available

0:00 0:05:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG