သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရိယနေဝန်း အပတ်စဉ်ဂျာနယ် ၆၆(ဃ)နဲ့ တရားစွဲခံရ 


သူရိယနေဝန်းဂျာနယ် (Credit- Thuriya Naywun Facebook Page)
သူရိယနေဝန်းဂျာနယ် (Credit- Thuriya Naywun Facebook Page)

ပြည်ထောင်စုလွှတ်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရဲ့ ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်းတို့ကို အသရေဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပတ်စဉ်ထုတ် သူရိယနေဝန်းဂျာနယ်အပေါ် အငြိမ်းစားတပ်မတော်အရာရှိတဦးက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။ NLD အစိုးရသစ်လက်ထက်မှာ ဆက်သွယ်ရေးပုဒ်မ ၆၆ နဲ့ စွဲဆိုတဲ့ အမှုတွေတိုးများလာတဲအပေါ်၊ လွတ်လပ်စွာရေးသားပြောဆိုခွင့်အပေါ် ထိခိုက်လာမှာ မီဒီယာလွတ်လပ်ခွင့်လှုပ်ရှားသူတွေကလည်း စိုးရိမ်လာကြပါတယ်။ ဗွီအိုအေ သတင်းထောက် ထက်အောင်ခန့်က စုံစမ်း သတင်းပေးပို့ထားပါတယ်။

အပတ်စဉ်ထုတ်ဂျာနယ်တစောင်ဖြစ်တဲ့ သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူ ဂျာနယ်တိုက်အုပ်ချုပ်သူနဲ့ ဆောင်းပါးရှင် ထောင်သူရဲဘအုပ်တို့ကို ဇန်နဝါရီ ၉ ရက်နေ့ကအငြိမ်းစားတပ်မတော် အရာရှိများဖြစ်တဲ့ ဦးရွှေမန်းနဲ့ တိုးနိုင်မန်းတို့အကြောင်းကို ဂုဏ်သိက္ခာ ထိခိုက်အောင် ရေးသားတယ်ဆိုပြီး တပ်မတော်ဗိုလ်ကြီး အငြိမ်းစား ဦးမြင့်ဇော်က မင်္ဂလာဒုံရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ထုတ် သူရိယနေဝန်းဂျာနယ်မှာ သားနှစ်ယောက် ဓားနှစ်လက် သမ္မတ အိပ်မက်မျှော်လင့်နေဆဲပင် မန်းသဘင်ရဲ့နန်းပလ္လင်စတဲ့ သတင်းဆောင်းပါးများ ရေးသားဖော်ပြခဲ့တဲ့အတွက် အခုလို တရားစွဲဆိုခံခဲ့ရတာပါ။ အခုလိုတရားစွဲဆိုတာနဲ့ပတ်သက်ပြီး ရင်ဆိုင်သွားမှာဖြစ်တယ်လို့ သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေးက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“သူတို့သဘောလေ သူတို့ဟာသူတို့စွဲတာ ကျနော်တို့ကတော့ ရင်ဆိုင်ရမှာပဲလေ။ ကျနော်တို့ကို ၆၆(ဃ) နဲ့ မရရအောင် စွဲတယ်။ အမှုဖွင့်ထားတယ် အဲဒါပါပဲ ၉ ရက်နေ့ကနေပေါ့နော် ၊ ၉ ရက်နေ့က အမှုဖွင့်ထားတယ် မင်္ဂလာဒုံရဲစခန်းမှာတဲ့။”

ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲအမှုပေါင်း ၇ မှုပဲရှိခဲ့ပြီးတော့ NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထပ်မှာဆိုရင် တရားစွဲဆိုခံရသူ ၃၉ မှုအထိ တိုးလာခဲ့ပါတယ်။ ၆၆(ဃ) ပုဒ်မဟာ လိုသလိုအသုံးပြုတဲ့ပုဒ်မတခုသာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေသလို ပုဒ်မဖျက်သိမ်းဖို့လည်း ကြိုးစားကြသူတွေရှိနေပါတယ်။ အခုလို၆၆ (ဃ) နဲ့တရားစွဲဆိုတာဟာ အမှုမမြောက်ဘဲ ပုဒ်မ ၅၀၀ နဲ့သာ တရားစွဲဆိုသင့်တယ်လို့ ဆက်သွယ်ရေးဥပဒေပုဒ်မကို အမြန်ဆုံးပြင်ဆင်ပေးဖို့ ဦးဆောင်လှုပ်ရှားနေတဲ့ မောင်ဆောင်းခက အခုလိုပြောပါတယ်။

“ဥပဒေကို အလွဲသုံးစားလုပ်တယ်လေ။ ဒါကစွဲလို့လည်းရစရာအကြောင်းမရှိဘူး ၊ သတင်းစာမှာပါတဲ့ဟာကို ၆၆ (ဃ) နဲ့စွဲလို့ လုံးဝမရပါဘူး ။ အဲဒါကို စွဲတယ်ဆိုတာ တမင်ကိုဖမ်းလို့၊ ဆီးလို့ရအောင် သုံးတယ်ဆိုတဲ့ သဘောပဲ သက်ရောက်မယ်ပေါ့နော် ဒါပေမယ့် ဒီဟာကို ကျနော်တို့ တရားဥပဒေကြောင်းအရ ပြန်ကြည့်မယ်ဆိုရင် ၆၆ (ဃ) အမှုမမြောက်ဘူးပေါ့နော် ။ တခြားသတ်သတ် သူတို့ကို defamation ( အသရဖျက်မှု) နဲ့လုပ်တဲ့ဟာမျိုးနဲ့ ဆိုရင်တော့ ပုဒ်မ ၅၀၀ ရဲ စွဲလို့ ရကောင်းရနိုင်ပါတယ်ခင်ဗျ။”

ပြည်တွင်းသတင်စာဂျာနယ်တစောင်ဖြစ်တဲ့ Eleven မီဒီယာတရားစွဲဆိုခံရပြီးနောက်ပိုင်းမှာပဲ အခုလို အပတ်စဉ်ထုတ်ဂျာနယ်တစောင်ဖြစ်တဲ့ သူရိယနေဝန်းဂျာနယ် တာဝန်ရှိသူတွေတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ အခုလို သတင်းစာဂျာနယ်တွေကို ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတာတွေဟာ လွတ်လပ်စွာရေးသားခွင့်ကို ထိပါးလာတဲ့အနေအထားဖြစ်တယ်လို့ စာနယ်ဇင်းသမဂ္ဂ ဦးဆောင်အဖွဲ့ဝင် ဦးဇော်သက်ထွေးက အခုလိုပြောပါတယ်။

“အဲဒီတော့ ၆၆ (ဃ)ဆိုတာက တဖြေးဖြေးနဲ့ လွတ်လပ်စွာရေးသားခွင့်ကို ထိခိုက်တဲ့အနေအထား ကိုရောက်လာပြီ။ အဲဒီတော့ သတင်းမီဒီယာတွေဆိုတာ သူတို့ရဲ့ သတင်းရေးသားခွင့်ကို ပြည်သူလူထုကို သိဖို့ထက်၊ သူတို့ရဲ့ Professional အလုပ်ဖြစ်တဲ့ ပုံနှိပ်မီဒီယာကတမျိုး ၊ Online မီဒီယာက တမျိုး သူတို့ကို အသိပေးတာရှိတယ်။ အဲဒီလို အသိပေးတိုင်းသာ အကုန်စွဲမယ်ဆိုရင်တော့ မီဒီယာက အဲဒီ ၆၆ (ဃ)နဲ့ အလုပ်မလုပ်နိုင်ဘဲ ၊ ကျန်တာတွေလည်း လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ၆၆ (ဃ)နဲ့ သတင်းမီဒီယာတွေကို စွဲပြီးတော့ လုပ်တာတွေအားလုံးကို ဥပဒေအတည်ပြုတဲ့ အခန်းကဏ္ဍဖြစ်တဲ့ လွှတ်တော်ကနေပြီးတော့ ပြန်ပြီ review ပြုလုပ်ဖို့ လိုအပ်တယ်။”

ပြီးခဲ့တဲ့လကပဲ ပြည်ထောင်စုလွှတ်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရဲ့ ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းဟာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံချိန်မှာပဲ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီကို တင်ထားပြီလို့ ပြောဆိုခဲ့ပါသေးတယ်။ အခုလို သူရဦးရွှေမန်းကိုယ်တိုင် ပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာပဲ အခုလို သတင်းမီဒီယာသမားတွေ တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG