သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းဌာန ၁၃ ခု ရခိုင်ပြည်နယ်မှာ သတင်းယူခွင့်ပေးမည်


မြန်မာသတင်းမီဒီယာများ ကွင်းဆင်းသတင်းယူခွင့်ပေးသည့် ထုတ်ပြန်ချက်- (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ)
မြန်မာသတင်းမီဒီယာများ ကွင်းဆင်းသတင်းယူခွင့်ပေးသည့် ထုတ်ပြန်ချက်- (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ)

ရခိုင်ပြည်နယ် မောင်တောဒေသက အခြေနေမှန်တွေကို သိခွင့်ရဖို့အတွက် ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ ရှေ့လာမယ့်အပတ်ထဲ သတင်း ယူနိုင်ဖို့ ပြည်တွင်း ပြည်ပ သတင်းဌာန(၁၃)ခုကို မြန်မာအစိုးရက သွားခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ နယ်ခြားစောင့် ရဲစခန်းတွေ အောက်တိုဘာလထဲ အကြမ်းဖက် တိုက်ခိုက်ခံရအပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက စွပ်စွဲဝေဖန်တာတွေ ထွက်ပေါ်လာအပြီး ခုလိုကွင်းဆင်း သတင်းယူခွင့် ပေး လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေနဲ့ နယ်မြေရှင်းလင်းရေး အခြေနေတွေကို ကွင်းဆင်း သတင်းယူနိုင်ဖို့ နိုင်ငံပိုင် ရုပ်သံ သတင်းဌာနတွေ အပါအဝင် အခြား လွတ်လပ်တဲ့ ပြည်တွင်း ပြည်ပသတင်းဌာန (၁၃)ခုကို ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့ထိ စစ်တပ်၊ ရဲ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အတူ မြေပြင်မှာ သတင်းယူခွင့် ပေးသွားမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက VOA ကို ပြောပါတယ်။

" အဓိကက သွားတဲ့ ဂျာနယ်လစ်တွေ ဘေးအန္တရာယ်ကင်းဖို့ အစိုးရက တပ်မတော်ပိုင်း၊ ရဲတပ်ဖွဲ့ပိုင်း ၊ ရခိုင်ပြည်နယ် အစိုးရပိုင်း အဲ့တာတွေ အကုန်လုံး ညှိနှိုင်းပြီးတော့ စေလွှတ်မယ့်အဖွဲ့အတွက် ဘယ်နေ့ ဘယ်နေရာ၊ ဘယ်နေ့ ဘယ်နေရာ ခွဲပြီး သွားကြမှာ။ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပြီးတော့ အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်နေတဲ့ မောင်တောကို အဓိကပေါ့နော်။ မောင်တောဒေသပေါ့ အဲ့ဒီ့နေရာမှာတော့ သွားလို့ရတဲ့အနေအထားပေါ် မူတည်ပြီး သွားမှာပေါ့နော်။"

ပြည်တွင်း ပြည်ပသတင်းဌာနတွေကို မောင်တောဒေသမှာ အခုလို သတင်းယူခွင့်ပေး တာဟာ ဒါ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ရခိုင် ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်မှုအတွင်း တရားဥပဒေမဲ့ သတ်ဖြတ်တာ၊ အမျိုးသမီးတွေပေါ် အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာ - စတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက ကျူးလွန်နေတယ် ဆိုပြီး နိုင်ငံတကာ အစိုးရတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲဝေဖန်ပြစ်တင်သံတွေ ပေါ်ထွက်ခဲ့ပြီးနောက်၊ မြန်မာအစိုးရက မောင်တောဒေသမှာ အခုလို သတင်းယူခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

အခုလို လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ သတင်းသွားယူရမှာဖြစ်ပေမယ့် သတ်မှတ်နယ်မြေတွေကို ရောက်တဲ့အခါမှာ လွတ်လွတ် လပ်လပ် မေးမြန်းခွင့်ပေးထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

" ပြည်တွင်းရယ် ပြည်ပရယ် အဲ့ဒီ့မှာ သတင်းယူမယ် ယူတဲ့အခါ ကျရင် ဟိုကျရင် သူတို့ ယူတဲ့အခါကျရင်လည်း ယူကြပေါ့နော်။ လွတ်လွတ်လပ်လပ် သတင်းယူပေါ့။ နေရာကတော့ အကုန်လုံး အတူတူသွားကြရမှာ။ ဘယ်သွား ဘယ်သွား အကုန်လုံး အတူတူသွားရမယ်။ သို့သော် မေးတာ မြန်းတာ ကတော့ မီဒီယာ မူဝါဒနဲ့ သူ့ဘာသာ သူ လုပ်ကြမှာပေါ့။ အဲ့လို။"

အခု မောင်တောဒေသကိုသွားမယ့် ပြည်တွင်းပြည်ပသတင်းဌာန (၁၃)ခုကို တော့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရဲနိုင် ဦးဆောင်ပြီး သွားရောက် မှာဖြစ်ပါတယ်။ မောင်တောဒေသ သတင်းနဲ့ပတ်သက်လို့ ပြည်တွင်းသတင်းစာ ဂျာနယ် တွေကလည်း သွားရောက် သတင်းယူချင်ပေမယ့် လုံခြုံရေးအကြောင်းပြချက်အရ ဘယ်သူမှ သတင်းယူခွင့် မရခဲ့ပါဘူး။ လောလောဆယ် သတင်းဌာန (၁၃)ခုသာ ဖိတ်ခေါ်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရှင်းပြပါတယ်။

" (၁၃) အဖွဲ့မှာ ကြီးကြပ်တဲ့သူပါမယ်။ နောက်ပြီးရင် ပြည်တွင်း ပြည်ပ မီဒီယာတွေပါမယ်။ နိုင်ငံပိုင်ထဲကဆိုရင် မြန်မာ့သတင်းစဉ် ပြည်တွင်း ကပါမယ်။ နိုင်ငံတကာ Myanmar International TV ဒါမျိုးတွေ ပါမယ်ပေါ့နော်။ ဆိုတော့ ဦးစီးဦးဆောင်အပါအဝင် စုစုပေါင်း (၁၃) ဦးပါ။ နောက်တခုက ဘယ်လိုရွေးချယ်တာလဲဆိုတော့ သာမာန်အားဖြင့်ကတော့ အကုန်လုံးက သွားချင်ကြတဲ့နေရာဖြစ်တယ်။ ဒါပေမဲ့လည်း ကျနော်တို့က လက်ရှိအခြေအနေနဲ့ ကျနော်တို့ရဲ့ ကန့်သတ်ချက်နဲ့ လုပ်နိုင်တဲ့ဟာအပေါ် မူတည်ပြီးတော့ တနိုင်တပိုင် စီစဉ်ခြင်းဖြစ်ပါတယ်။ အဲ့ဒီ့လို စီစဉ်တာဆိုတော့ ဘယ်အချက်တွေနဲ့ကိုက်ညီလို့ ပါသွားတယ်။ ဘယ်အချက်တွေနဲ့ မကိုက်ညီလို့ ကျန်ခဲ့တယ်ဆိုတာမျိုး မဟုတ်ပဲနဲ့ ကျနော်တို့အနေနဲ့ လက်ရှိ ရတဲ့အချိန်လေးအတွင်းမှာ သင့်တော်နိုင်မယ့် ဥစ္စာမျိုးလေးတွေကို ကောက်နှုတ်ပြီးတော့ ခေါ်သွားတဲ့သဘောမျိုးပါခင်ဗျ။"

အခုတခေါက် မောင်တောသတင်းယူတဲ့အဖွဲ့ထဲမှာ ပြည်ပအသံလွှင့်ဌာနတွေဖြစ်တဲ့ VOA၊ BBC၊ RFA စတဲ့ဌာနတွေ မပါဝင်ဘူးလို့ ဦးမျိုးမြင့် မောင်က ပြောပါတယ်။ အစိုးရက အခုလိုမောင်တောဒေသကို သတင်းယူခွင့်ပြုပေမယ့်လည်း သတင်း သွားယူရာမှာ အခက်အခဲတချို့ ရှိနိုင် တယ်လို့ သတင်းယူမယ့်အဖွဲ့ထဲမှာပါတဲ့ CNB (Central News Bureau) ပြည်တွင်းရုပ်သံသတင်းဌာန အယ်ဒီတာချုပ် ဦးစည်သူအောင်မြင့်က ပြောပါတယ်။

" ရောက်တဲ့နေရာတွေမှာ ဟိုဘက်အုပ်စု၊ ဒီဘက်အုပ်စု မျိုးတွေရှိနေတဲ့ အနေအထားမျိုးတွေမှာ ကိုယ့်ဘာသာ ကိုယ် လွတ်လွတ်လပ်လပ် မေးခွင့်တော့ ရမယ်လို့တော့ ထင်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကတော့ ဘာရှိနိုင်မလဲ ဆိုရင်တော့ လုံခြုံရေးကိစ္စ အခက်အခဲရှိနိုင်တယ် အဲ့ဒီ့မှာက ဗမာစကားတောင် မတတ်တဲ့သူတွေ အများစု ဆိုတဲ့ အခါကျတော့ ဘာသာစကား အခက်အခဲရှိနိုင်တယ်။ "

အောက်တိုဘာလထဲ အကြမ်းဖက်တိုက်ခိုက်ခံရအပြီး လုံခြုံရေးတပ်ဖွဲ့ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း လူ့အခွင့်ရေးချိုးဖေါက်မှု မရှိရအောင် စနစ်တကျ စည်းကမ်းနဲ့ ညွှန်ကြားလုပ်ဆောင်နေတယ် လို့ မြန်မာအစိုးရက ပြောပေ မယ့်၊ ဒေသခံမွတ်ဆလင်တွေရဲ့နေအိမ် မီးရှို့ခံရတာ တွေကို ဂြိုလ်တု ဓါတ်ပုံတွေနဲ့တကွ ပြည်ပရောက် အဖွဲ့အစည်းတချို့က ကုလသမဂ္ဂနဲ့နိုင်ငံတကာကို တိုင်ကြားခဲ့တာကြောင့် နိုင်ငံတကာ ကလည်း အဲဒီဒေသကို လွတ်လပ်စွာ သွားရောက်စစ်ဆေးခွင့်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

အခုနောက်ဆုံးမှာလည်း ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေဟာ ကျေနပ် အားရစရာမရှိဘူးလို့ ဒီနေ့ သောကြာနေ့မှာပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG