သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ်ဖို့ NLD ကြိုးပမ်းမည်


တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ
တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ

အာဏာရ NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ် ရှေ့နေ့ကွန်ယက် ဦးဆောင်သူတဦးလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လူမြင်ကွင်းမှာ အနီးကပ်လုပ်ကြံ သတ်ဖြတ်သွားတဲ့ သေနတ်သမားကို ရဲတွေက ဖမ်းမိထားပြီဆိုပေမယ့် တာဝန်ရှိသူတွေက ဒီအမှုမှန် ပေါ်ပေါက်ရေးကို လုပ်ဆောင်ဖို့လိုတယ်လို့ NLD ပါတီကရော ၈၈ မျိုးဆက်ခေါင်းဆောင်တွေကပါ တောင်းဆိုလိုက်ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်အတွက် စိန်ခေါ်မှုဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ သူတို့ရဲ့ တုံ့ပြန်သံတွေကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှေ့နေကြီး ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာမြို့နဲ့ မာလူကူ ပြည်နယ်တို့မှာ ဇန်နဝါရီလ ၂၂ ရက်နေ ၂၉ နေ့ထိ ပြုလုပ်ခဲ့တဲ့ ခေါင်းဆောင်မှု ဆွေးနွေးပွဲအစီအစဉ်ကို တက်ရောက်ပြီး ဒီကနေ့ ရန်ကုန်မြို့ နိုင်ငံတကာလေဆိပ်ကို ပြန်ရောက်လာချိန် ညနေ ၄ နာရီ ၄၀ လောက်က Terminal 1 မှာ သေနတ်သမားတဦးရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း နိုင်ငံတော် ရုပ်မြင်သံကြားဌာန MRTV က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လုပ်ကြံသူကို အခင်းဖြစ်တဲ့နေရာမှာတင် ဖမ်းမိထားကြောင်းလည်း သိရပါတယ်။ လုပ်ကြံသတ်ဖြတ် သူကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ တက္ကစီ ဒရိုင်ဘာဟာလည်း သေနတ်နဲ့အပစ်ခံရပြီး ဆေးရုံမှာသေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လုပ်ကြံသူဟာ မန္တလေးမြို့ကဖြစ်ပြီး သူ့ဆီက သေနတ်နဲ့ကျည်ဆံတွေ သိမ်းမိထားတယ်လို့ လက်ရေးနဲ့ ရေးထားတဲ့ ရဲအစီရင်ခံစာတစောင် လူမှုမီဒီယာတွေမှာ ပျံ့နှ့ံ့နေပေမယ့် VOA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဦးကိုနီ လုပ်ကြံခံရမှု ဖြစ်ပြီးနောက်ပိုင်း လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရန်ကုန်တိုင်းအစိုးရ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ထွန်းအောင်က ပြောပါတယ်။

“လောလောဆယ်ကျနော်တို့ လုံခြုံရေးတိုးမြှင့်ပြီးဆောင်ရွက်နေပါတယ်ခင်ဗျ၊ ကျနော်တို့ လုပ်နေတုန်းဖြစ်တယ်ခင်ဗျ။”

နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်နေချိန် ဖွဲ့စည်းပုံ အခြေခံဥပေဒအပိုင်းမှာ ထိရောက်တဲ့ အကြံပေးချက်တွေလုပ်ခဲ့တဲ့ ရှေ့နေကြီး ဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့ အခုလို လုပ်ကြံ သတ်ဖြတ် ရတာလဲဆိုတဲ့ အမှုမှန်ပေါ်ရေးအတွက် လုံခြုံရေးအဖွဲ့နဲ့ တရားရုံးတွေက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်လာအောင် NLD ပါတီက ကြိုးစားလုပ်ဆောင် သွားမယ်လို့ NLD ပါတီ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ် ပါတီပြောခွင့်ရလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒါတိုင်းပြည်အတွက် အလုပ်လုပ်တဲ့ နေရာမှာ အကြမ်းဖက်တဲ့နည်းလမ်းကို အမှန်လို့ ထင်သွားမှာ ကျနော်တို့က အရမ်းစိုးရိမ်ပါတယ်။ ဒီလိုနည်းလမ်းကို ကျနေ်ာတို့ ဘယ်တော့မှ လက်မခံပါဘူး။ ဘာဆောင်ရွက် ရမလဲဆိုတော့ အဓိကတော့ ဥပဒေပဲ၊ ဒီလိုလုပ်ကြံတဲ့ကိစ္စ ဦးကိုနီ ကွယ်လွန်တဲ့ကိစ္စ ဒီလိုဖြစ်တာက ဥပဒေနဲ့ အညီ တိတိကျကျ အရေးယူဆောင်ရွက်ဖို့ တရားစီရင်ရေး ဥပဒေကို အတိအကျ လိုက်နာဆောင်ရွက်ဖို့ ၊ ဆောင်ရွက်အောင် ကြိုးစားဖို့ ကျနော်တို့ ဒါအဓိက လုပ်မှာ။”

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို အခုလို လုပ်ကြံသတ်ဖြတ်တာဟာ ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ လုံခြုံရေးအတွက်ပါ ခြောက်ခြားစရာ ဖြစ်လာတာကြောင့် ဒါကို အပြင်းအထန် ရှုံ့ချတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

“အခုဘာပဲပြောပြော ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မှာ တတပ်တအား ဆောင်ရွက်နေတဲ့ ဥပဒေသမားတယောက် ဆုံးရှုံးသွားတဲ့အတွက်ကို လူ ပုဂ္ဂိုလ် အရကော နိုင်ငံရေး အရကော ကျနော်တို့ အကြီးအကျယ် စိတ်မကောင်းဖြစ်တယ်။ လေဆိပ်လိုမျိုး လူမြင်ကွင်းမှာ ပစ်တယ်ဆိုတာကလည်း အများပြည်သူကိုပါ ခြောက်ခြားစေပါတယ်။ ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးက နိုင်ငံအတွက်လည်း အင်မတန်အကျည်းတန်တဲ့ ကိစ္စဖြစ်တဲ့အတွက် အမူမှန်ဖော်ထုတ်နိုင်ဖို့နဲ့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ နောက်နောင် ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့က ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်အရကော ၊ နိုင်ငံရေးအရ ၊ ဘာသာရေးအရပါ အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။”

လုပ်ကြံခံရတဲ့ ရှေ့နေကြီး ဦးကိုနီဟာ ပြဿနာကို ညင်သာတဲ့လမ်းကြောင်းကနေ ပြေလည်အောင်ဖြေရှင်း တတ်သူလို့ ရှေ့နေတဦးလည်း ဖြစ်တဲ့ NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်နဲ့ ကျောင်းမှာကတည်းက သိခဲ့ကြတယ် နောက်ရှေ့နေလောက ရောက်တော့လည်း ဒီလိုပဲ ရုံးတွေမှာ သူနဲ့ ကျနော်နဲ့ ဆုံနေက ျ။ သူက ဘယ်ကိစ္စမဆို ပြေလည်အောင်ပြောဆိုညှိနှိုင်း လိုတဲ့ ဆန္ဒသူ့မှာ အမြဲတမ်းရှိတယ် အဲဒါကျနော် အနှစ်ခြိုက်ဆုံး သူ့သဘောထားပါ။ အဲဒီလို လူမျိုးပေါ်မှာ ဒီလို လုပ်တာကတော့ တကယ့်ကို ဆန့်ကျင်ဘက် အုပ်စုလို့ပဲ ပြောချင်တယ်။”

ဦးကိုနီ လုပ်ကြံခံရခြင်းဟာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုကြီးတရပ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက မြင်ပါတယ်။

“ကျနော်တို့ ဒီလက်ရှိနိုင်ငံရေးအပြောင်းအလဲမှာ သူအများကြီး ဆောင်ရွက် ခဲ့တာတွေရှိပါတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ဒီမိုကရေစီလို့ပြောရင် တရားဥပဒေ စိုးမိုးရေးနဲ့ ဥပဒေရှု့ထောင့်ကနေနားလည်တဲ့ သူတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ အားလုံးရဲ့ ဆုံးရှုံးမှုတခုလို့ ကျနော်မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ မှာကတည်းက ဘာသာရေး ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အခုကိစ္စကို အကြောင်းပြုပြီးတော့ တခြားမလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့ခေါင်းဆောင်တွေ၊ သြဇာ တိက္ကမ ရှိတဲ့လူတွေ အားလုံးက ဒီအခြေအနေကို ဝိုင်းဝန်းပြီးတော့ ထိန်းသိမ်းကြစေချင်တယ်။”

ယခင် စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန် အစိုးရလက်ထက်တွေမှာ ၄ လောင်း ၅ လောင်းပြိုင် လူသတ်မှုတွေ ဖြစ်ခဲ့ပေမယ့် အမှုမှန်ပေါ်ပေါက်အောင် လုံခြုံရေး တပ်ဖွဲ့ဖက်ကရော တရားရုံးတွေကပါ အခုချိန်ထိ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ အာဏာရ NLD အစိုးရလက်ထက် မှာလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးအတွင်းနဲ့ ရန်ကုန်က ဆူပါမားကက်တချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမယ့် ခုထိ အမှုမှန်ဖေါ်ထုတ်နိုင်တာမျိုး မတွေ့ရသေးပါဘူး။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ လုံခြုံရေးပိုင်းမှာတာဝန်ရှိတဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေး နယ်စပ်ရေးရာတွေကို တပ်မတော်က ကိုင်တွယ်ထားဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG