သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည်ပြဿနာ ကုလအရေးပေါ်ဆွေးနွေးမည်


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ

မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မနက်ဖြန် အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားဘက်က အရင်က မစမ်းသပ်ဖူးတဲ့ ဒုံးကျည် အမျိုးစားသစ် တမျိုးကို မနေ့ တနင်္ဂနွေနေ့က စမ်းသပ်ခဲ့ပြီးနောက်မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့က အရေးပေါ် ဆွေးနွေးကြဖို့ တောင်းဆိုခဲ့တာပါ။

အခု နောက်ဆုံး မြောက်ကိုရီးယားဘက်က စမ်းသပ်တဲ့ ဒုံးကျည်ကတော့ အဆင့်၂ ဆင့် ပေါက်ကွဲနိုင်ပြီး ကီလိုမီတာ ၄၅၀၀ လောက်အထိ ပျံသန်းနိုင်လောက်တယ်လို့လည်း ရည်ညွှန်းပြောဆိုကြပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကြောင့်ဘဲ တောင်ကိုရီးယားဘက်က ကမ္ဘာနဲ့ ဆက်ဆံရေး ပိုပြီး ခိုင်မာအောင် ဆောင်ရွက်တဲ့ အနေနဲ့ သမ္မတ Moon Jae-in က အထူးကိုယ်စားလှယ်တွေကို ကမ္ဘာတလွှား စေလွှတ်နေပါတယ်။ အစိုးရသစ်ရဲ့ မူဝါဒတွေကို ရှင်းလင်းတင်ပြပြီး အမြင်ချင်း ဖလှယ်နိုင်ရေး အထူးကိုယ်စားလှယ်တွေက ဆောင်ရွက်ကြမှာပါ။

အမေရိကန် ဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးဟောင်း Hong Seok-hyun က အမေရိကန်ကို သွားရောက်မှာ ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း Lee Hae-chan ကိုတော့ တရုတ်ကို စေလွှတ်ထားတာပါ။ လက်ရှိ အာဏာရ ဒီမိုကရက်တစ် ပါတီက လွှွတ်တော် အမတ် နှစ်ဦးတို့ကတော့ ဂျပန်နဲ့ ရုရှားကို သွားရောက်မှာ ဖြစ်ပြီး သမ္မတရဲ့ စီးပွားရေး မူဝါဒရေးရာ အကြံပေး တဦးကတော့ ဂျာမနီကို သွားမှာ ဖြစ်ပါတယ်။

အကြီးစား နျူးကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းကို စမ်းသပ်တဲ့ အနေနဲ့ မြောက်ကိုရီးယားဘက်က အသစ်တီထွင်လိုက်တဲ့ တာလတ်ပစ်နဲ့ တာဝေးပစ်ကြား ဒုံးကျည်တစင်းကို ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ကြီးကြပ်မှုနဲ့ အောင်အောင်မြင်မြင် စမ်းသပ် နိုင်ခဲ့တယ်လို့လည်း ဒီကနေ့ တနလာၤနေ့ အစောပိုင်းမှာဘဲ မြောက်ကိုရီးယားဘက်က ပြောဆိုပါတယ်။ အခုစမ်းသပ်တဲ့ ဒုံးကျည်က ၇၈၇ ကီလိုမီတာ အဝေးထိ ရောက်ရှိပြီး အမြင့် ၂၁၁၁ ကီလိုမီတာထိ မြင့်နိုင်သမျှ မြင့်အောင် ပစ်လွှတ်လိုက်တာကြောင့် အိမ်နီးချင်း နိုင်ငံတွေရဲ့ လုံခြုံရေးပေါ်မှာ သက်ရောက်မှု မရှိဘူးဆိုပြီးလည်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG