သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းစစ်ရေးမဟာမိတ်ခေါင်းဆောင်များ နေပြည်တော်ရောက်ရှိ


မြောက်ပိုင်းစစ်ရေးမဟာမိတ်ခေါင်းဆောင်များ နေပြည်တော်ရောက်ရှိ (ဓါတ်ပုံ-u Zaw Htay)
မြောက်ပိုင်းစစ်ရေးမဟာမိတ်ခေါင်းဆောင်များ နေပြည်တော်ရောက်ရှိ (ဓါတ်ပုံ-u Zaw Htay)

တရုတ်မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို ပါဝင်တက်ရောက်ဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီတကြိမ်ကျင်းပမယ့်ညီလာခံမှာ ပထမအကြိမ်တုံးက မဖိတ်ကြားခဲ့တဲ့ TNLA ပလောင်တပ်ဖွဲ့၊MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေပါ ပါဝင်လာပြီး ပလောင်တပ်ဖွဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းစပွင့်ဖို့ တက်ရောက်တာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်အစိုးရကိုယ်စားလှယ်ရဲ့ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုအရ အဖွဲ့ ၇ဖွဲ့လုံး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို တက်ရောက်လာတာဖြစ်ပါတယ်။ အဖွဲ့၇ဖွဲ့က ခေါင်းဆောင်တွေပါဝင်တဲ့ FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီဟာ တရုတ်အစိုးရက စီစဉ်ပေးတဲ့ သီးသန့်လေယာဉ်နဲ့ ဒီနေ့ ညနေ ၄နာရီလောက်မှာ နေပြည်တော်ကို ဆိုက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

PSLF/TNLA ခေါ် ပလောင်အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှုး၂ ဗိုလ်မှုးတာပန်လက နေပြည်တော်ကို ရောက်ရှိနေပြီး တည်းခိုရာနေရာအသွား လမ်းခရီးမှာ ရောက်နေကြောင်း အခုလို ပြောပါတယ်။

“အခုကျနော်တို့လမ်းပေါ်မှာပဲ ရှိနေသေးတယ်။”

FPNCC ကော်မတီအနေနဲ့ အဓိက ဆွေးနွေးမယ့်အချက်တွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မအားလပ်သေးကြောင်းသာ ပြန်ကြားပါတယ်။

ပလောင်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) က အထူးဖိတ်ကြားသူ အနေဖြစ်ဖိတ်ကြား ခဲ့ကြောင်း၊ သူတို့ အဖွဲ့အနေနဲ့ ရပ်တန့်ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းစပွင့်ဖို့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် FPNCC ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်လာတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ နှစ်ဖက်ညှိနှိုင်းနိုင်ရင် ငြိမ်းချမ်းရေးလမ်းစပွင့်လာမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“လမ်းစပွင့်ဖို့ဆိုရင် ဒီအဖွဲ့တွေ ၇ ဖွဲ့ သူတို့ရောက်လာပြီ ညီလာခံတက်သည်ပဲဖြစ်စေ သူတို့ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးပွဲ သဘောထားမှာ မျက်နှာချင်းဆိုင်တွေ့ပြီဆိုရင် ရှေ့လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ ဘယ်လို ဆွေးနွေးမူတွေ ဆက်လုပ်သွားနိုင်မလဲဆိုတဲ့ အဖြေရှာနိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလမ်းစ ပွင့်သွားမယ်လို့ ပြောလို့ရပါတယ်။”

UWSA ဝတပ်ဖွဲ့ ဌာနချုပ် ပန်ခမ်းမှာ ကျင်းပတဲ့ အစည်းအဝေးအပြီးမှာတော့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ဟာ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ပြင်ပကနေ ဆောင်ရွက်မှာဖြစ်ကြောင်း၊ အစိုးရနဲ့ ဆွေးနွေးဖို့ FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်ကတော့ NCA လမ်းကြောင်း အတိုင်း ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဦးမောင်မောင်စိုးက ဒီအချက်အပေါ်မှာ နှစ်ဖက် ဆွေးနွေးအဖြေရှာဖို့ လိုအပ်နေကြောင်း ပြောပါတယ်။

“၂ ဖွဲ့စလုံးမှာ ပထမတူညီထားတဲ့အချက်တွေက အခြေခံ ပြည်နယ်အဆင့် အပစ်အခက်ရပ်စဲရေးလုပ်မယ်၊ ဒါတူတယ်။ ဒုတိယအဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ထိုးရေးလုပ်မယ် ဒါလည်းတူတယ်။ နောက်တတိယအဆင့်မှာတော့ ဒီဘက်က NCA ထိုးမယ်၊ ဟိုဘက်က မထိုးဘူးဖြစ်သွားတယ်။ အဲဒါကြောင့် ၂ ဖွဲ့မျက်နှာချင်းဆိုင်ပြီး NCA ဘာကြောင့်ထိုးဖို့လိုတယ်၊ မထိုးဖို့လိုသလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်းအဖြေရှာဖို့လိုတယ်။ အဲဒါကို စားပွဲဝိုင်းပေါ်မှာပဲရမယ်။ အဲဒါကိုဆွေးနွေးမှလည်း ကျနော်တို့က ရှေ့ဆက်မယ့်အဖြေတခုရနိုင်မယ်။ ဒီဘက်ကလည်း NCA အတိုင်းသွားမယ်ဆိုပြီးတော့ ရပ်နေပြီးတော့ ဟိုဘက်ကလည်း NCA အတိုင်းမသွားဘူး ဒီအတိုင်းရပ်နေတယ်။ ၂ ဖက်ဆွေးနွေးမှုမရှိရင်တော့ တခြားဘာမှပြေလည်မှုမရဘူး။”

လောလောဆည်လာရောက်တဲ့ FPNCC ကိုယ်စားလှယ်အဖွဲ့မှာ UWSA မှ ဦးပေါက်ယူရိနဲ့ ဦးကျောက်ကော့်အန်း၊ KIO အဖွဲ့က ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ NDAA မိုင်းလားအဖွဲ့ မှ ဦးဆန်ပေ့နဲ့ ဦးဆမ်လူ၊ TNLAပလောင်အဖွဲ့က ဗိုလ်မှူးချုပ် တားဂျုတ်ဂျားနဲ့ ဗိုလ်မှူး တားပန်လ၊AAခေါ် ရခိုင် အဖွဲ့က ဒေါက်တာညိုထွန်းအောင် ပါဝင်တက်ရောက်ကြောင်း ကနဦးသတင်းရရှိပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

AA အဖွဲ့က သတင်းထုတ်ပြန်ရာမှာ ညီလာခံကို တက်ရောက်တာဟာ တရုတ်နိုင်ငံရဲ့ မေတ္တာရပ်ခံကြောင်ဖြစ်ကြောင်းနဲ့ ညီလာခံကို တက်ရောက်လာတဲ့ ရခိုင်အဖွဲ့အစည်းတွေ ၊ ပါတီတွေအနေနဲ့လည်း ရခိုင်လူထုသဘောထားမပါဘဲ သဘောတူညီချက်တွေကို လက်မှတ်မထိုးဖို့ ထုတ်ပြန်ထားပါတယ်။

လောလောဆည်မှာတော့ UNFC ခေါ် ထိုင်းမြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေကတော့ ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG