သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ အပေါ် သဘောထားအမြင်


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ

၂၁ ရာစု ပင်လုံညီလာခံ မှာ အားလုံးတန်းတူ ပါဝင်နိုင်ဖို့ အလားအလာ မရှိသေးတဲ့အပေါ် ညီလာခံကို အပြည့်အဝထောက်ခံဖို့နဲ့ ယုံကြည်ဖို့ နည်းပါးလာကြောင်း တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေက ပြောပါတယ်။ လက်နက်အင်အားကို အဓိကအခြေခံမဟုတ်ပဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ ပိုပြီးလွယ်ကူနိုင်ကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်တချို့ကလည်း သုံးသပ်ပါတယ်။ မေလ (၂၄)ရက်နေ့မှာကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပေါ် ပြည်ပရောက် တိုင်းရင်းသားအဖွဲ့အစည်းနဲ့ အကဲခတ်တွေရဲ့ သုံးသပ်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

၂၁ ရာစုပင်လုံ ညီလာခံကျင်းပတော့မယ် ရက်ပိုင်းအလိုထိ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းအားလုံး တက်ရောက်ဖို့ အလားအလာနည်းနေတဲ့အပေါ်မှာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ကင်းဝေးနေတယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က ပြောပါတယ်။

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မူအရ ခွဲခြားကန့်သတ်ပြီး ညီလာခံတက်ဖို့ ဖိတ်ခေါ်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီး ထိခိုက်စေပြီး အပြုသဘော မဆောင်ဘူးလို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်တပ်ပေါင်းစု ဥက္ကဌ Gum San က ပြောပါတယ်။

“သူတို့ကိုဒီလိုဖယ်ချန်ထားတာဟာ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုရှိလာမလားဆိုတဲ့မေးခွန်းပါ။ တိုင်းရင်းသားတွေရဲ့ ကိစ္စအ၀၀ကို ဒီလို တချို့ကို နှိမ်ထားမှ၊ တချို့ကိုကတော့ ကောင်းကောင်း ဆက်ဆံတဲ့ဟာတွေက အဲ့ဒါတွေက အကုန်လုံးအတွက် အပြုသဘောဆောင်လာမလား။ ပြည်ထောင်စုအတွက် ပိုအကျိုးသက်ရောက်မှုရှိမလားဆိုတာ ဒီဟာတွေကို အစိုးရ လေးလေးနက်နက် စဉ်းစားသင့်တာပေါ့။ NCA ကိုမထိုးသေးလို့ မြေပြင်အခြေအနေတွေကို ပိုတိုးတက်ဖို့ ကြိုးစားမယ့် အချိန်တွေမှာပဲ အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေက ကျနော်တို့အများကြီးတွေ့နေရတယ်။ အဲ့လိုဆိုတော့ အကုန်လုံး ဖြေရှင်းချင်တယ်၊ အကုန်လုံးကို ချုပ်ငြိမ်းချင်တယ်ဆိုရင်တော့ တကယ့်ကိုအပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ လုပ်သင့်တယ်လို့ ကျနော်ထင်မြင်ယူဆပါတယ်။”

မေး။ ။ ဒါဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကရော တကယ်ပဲ ငြိမ်းချမ်းရေး လိုလားသလား၊ တကယ်ပဲ အပစ်အခတ်ရပ်စဲရေးကို လိုလားသလားဆိုတဲ့ မေးခွန်းအပေါ်မှာ ဘယ်လို သက်သေပြနိုင်မလဲရှင့်။

“တိုင်းရင်းသားဘက်ကနေပြီးတော့ ဒီလောက်တောင်မှ ကိုယ့်ကိုတိုက်နေခိုက်နေ၊ ဒီလောက်တောင်မှ မတန်တဆ အင်အားသုံးပြီးမှ တိုက်နေတာနဲ့ကို ဒီတိုင်းပြည်ကို အတူတကွ နေချင်တယ်၊ ဆက်လက်ပြီးမှ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေအပေါ်မှာ တုန့်ပြန်နေတယ်ဆိုတာက တကယ်ကိုလိုလားလို့ပဲ ကျနော်က ထင်ပါတယ်။ ဘာလို့လဲဆို မလိုလားဘူးဆိုမှတော့ ဆက်လက်ဆွေးနွေးဖို့ ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေတောင်းဆိုတာ ဥပမာ NCA မဖြစ်ဘူးဆိုရင်ရော ကဲ ဥပမာ UNFC ဆိုရင် ၉ ချက် ကိုတောင်းဆိုတယ်။ ၉ ချက်ကိုရောမပေးဘူးဗျာ့။ မပေးဘူးဆိုရင် တခြားနည်းလမ်းနဲ့ ဘယ်လို ငြိမ်းချမ်းရေး ဆိုတဲ့ဟာတွေက ပုံမှန်ဒီလို လမ်းစရှာနေတဲ့ဟာတွေက ကျနော်အမြင်ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ပြောလို့ရပါတယ်။”

ဒါအပြင် ကချင်အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က အင်နဲ့အားနဲ့ ထိုးစစ်ဆင်မှုကြောင့် သိန်းနဲ့ ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးနေရတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဘက်က တစုံတရာထုတ်ဖေါ် ပြောဆိုခြင်းမရှိတဲ့အပေါ်မှာ စိတ်ပျက်မိကြောင်း Gum San ကပြောပါတယ်။

UWSA ဝပြည်သွေးစည်ညီညွတ်ရေးအဖွဲ့၊ မိုင်းလား၊KIA ကချင်လွတ်လပ်ရေး အဖွဲ့၊ SSA မြောက်ပိုင်း ရှမ်းပြည် တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကတော့ အခုကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ဖို့ဆိုရင် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ လိုအပ်ပြီး၊ အစိုးရ၊ တပ်မတော်နဲ့ သူတို့မဟာမိတ်အဖွဲ့ သုံးပွင့်ဆိုင် အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း မကြာခင်ရက်ပိုင်းအတွင်းက သဘောထား ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေး အကဲခတ် ဒေါက်တာတင့်ဆွေကတော့ အခုလို သုံးသပ်ပါတယ်။

“လက်ရှိတာဝန်ရှိတဲ့ လက်ရှိအစိုးရ လက်ရှိဖွဲ့စည်းပုံအရ တာဝန်ယူထားတယ်ဆိုတဲ့ တပ်မတော် နောက်တခါ တိုင်းရင်းသား အင်အားစုတွေ သုံးဦး သုံးဖလှယ်ဟာ သူ့စိုးရိမ်ချက် သူ့မျှော်မှန်းချက်နဲ့ သူ့အကျိုးစီးပွားသုံးမျိုးပေါ့နော် သုံးဖွဲ့လုံးမှာ သုံးမျိုးစီရှိကြတော့ မတူတာကတော့ မဆန်းဘူးလို့ “ကျနော်ယူဆတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ အားလုံးကနေ ပြုသာ ပြင်သာတဲ့ တနည်းအားဖြင့် ဟုတ်လာ ဆွေးနွေးညှိနှိုင်းမှုကို ဦးတည်တဲ့ လမ်းကြောင်းပေါ်ကို သွားကြလို့ရှိရင်တော့ ဒီထက် အဆင်ပြေမယ်လို့ယူဆတယ်။ ဒီလိုပြောရတာလဲ ဒီသုံးဦးသုံးဖလှယ်ဟာ ဒီကိစ္စတွေ သူတို့အကုန်လုံး နားလည်ကြပြီးသားဖြစ်တယ်။ ခက်နေတာက မတူတာက အခြေခံအကျိုးစီးပွားနဲ့ အနာဂတ် မျှော်မှန်းချက်တွေ မတူကြတာဖြစ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းပွဲမှာပဲ အဲလိုမတူတာတွေဖြေရှင်းကြရင်တော့ကာ အလားအလာကောင်းပါမယ်။ သို့သော် ခက်တော့ ခက်သေးတယ်လို့ စိတ်မကောင်းစွာနဲ့ ဝေဖန်ရမှာပဲခင်ဗျား။”

မေး။ ။ အားလုံးကတော့ တွေ့ဆုံဆွေးနွေးရေးကိုပဲ ပြောနေကြပေမယ့် လက်တွေ့မှာ ဖြစ်မလာသေးတာဟာ ဘယ်လို အခက်အခဲတွေရှိနေတယ်လို့ ထင်ပါသလဲရှင့်။

“လက်နက်ရဲ့ အင်အား လက်နက်ရဲ့ စွမ်းအားကို ဦးတည်ချင်တဲ့ ဦးတည်နေတဲ့ အနေအထားကို လျော့ပြီးတော့ ဟုတ်လာ တကယ့် ကိုယ့်လူမျိုး ၊ ကိုယ့်တိုင်းပြည် အကျိုးစီးပွားကို ဦးတည်နိုင်လို့ရှိရင် တနည်းအားဖြင့် နိုင်ငံရေးအယူအဆကို ပိုပြီးဦးစားပေးနိုင်ရင်တော့ ပိုလွယ်လိမ့်မယ်။ ကျနော်ကတော့ အခုအစီအစဉ်မှာ တစုံတရာကတော့ ရှိလာနိုင်တယ်လို့ ယူဆပါတယ်။ အားလုံးကလည်း အဲလိုဖြစ်စေချင်ကြတယ်လို့ ကျနော်မြင်ပါတယ်။”

ဒါပေမဲ့လည်း လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆွေးနွေးပွဲတွေဟာ အနာဂတ် တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် ဦးတည်တဲ့လမ်းကြောင်းမှာ အဆင့်တခုအနေနဲ့ သွားနေတယ်လို့ ယုံကြည်ကြောင်း ဒေါက်တာတင့်ဆွေကပြောပါတယ်။

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို (၅)ရက်တာကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲနဲ့ ပိတ်ပွဲအတွက် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပြီးတဲ့ အဖွဲ့တွေက ခေါင်းဆောင် လေးယောက်၊ အပစ်ရပ် လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေက ခေါင်းဆောင် လေးယောက်ကို အစိုးရဘက်က ဖိတ်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG