သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံဒုတိယအကျော့ တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ချေမရှိ


လာမယ့်မေလ(၂၄)ရက်မှာကျင်းပတော့မယ့် ၂၁ရာစုပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး ငြိမ်းချမ်းရေး ကော်မရှင်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းနေတယ်ဆိုပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တော့ တက်ရောက်နိုင်မှာမဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးဆိုတဲ့မူကို ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)ရဲ့အစည်းအဝေးတွေတော့ နေပြည်တော်မှာ စတင်ကျင်းပနေပါပြီ။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ဒုတိယအကြိမ် ၂၁ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့် မေလ ၂၄ရက်နေ့မှာ ကျင်းပဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ( JICM) ကပြီးခဲ့တဲ့ဧပြီလက ဆုံးဖြတ်ခဲ့တာပါ။မကြာခင်ကျင်းပတော့မယ့်၂၁ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေး ကော်မရှင်ဘက်ကလည်း ထိုင်းနိုင်ငံချင်းမိုင်ကိုသွားရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတယ်လို့ မေလ ၆ရက်နေ့နေ့စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။ အဓိကကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) မှာ လက်မှတ်ရေးထိုးရေးနဲ့ မေ ၂၄မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ အစည်းအဝေးတွေကို တက်ရောက်နိုင်ရေးတွေကို ဦးတည်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ရေး အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့ DPN နဲ့တွေ့ဆုံပြီး DPN ဘက်က အဆိုပြုထားတဲ့အချက်(၉)ချက်နဲ့ပတ်သက်တဲ့ နှစ်ဘက်အကြား အပြန်အလှန်ကတိကဝတ်ပြုချက်(DOC) ရေးထိုးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံရေးပြသနာတွေကို စစ်ရှင်းနည်းနဲ့ဖြေရှင်းဆောင်ရွက်ခြင်းမပြုပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနဲ့အဖြေရှာနိုင်ရေး ၂၁ရာစုပင်လုံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ရေးက အဓိကကျသလို ဒီလိုဆွေးနွေးနိုင်ဖို့ကလည်း NCA လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားမှာမို့ NCA မှာ အားလုံးပါဝင်လက်မှတ်ထိုးရေး ကြိုးပမ်းသွားကြမယ်ဆိုတာ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ မနေ့ မေလ ၆ ထုတ်ပြန်ချက်ထဲ ဆိုထားပါတယ်။

ဒါပေမဲ့ ဒီလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံတဲ့နေရာမှာ တချို့အဖွဲ့တွေကိုတွေ့ဆုံသလို အဖွဲ့တချို့ကို ဖိတ်ခေါ်ဆွေးနွေးခြင်းမရှိတဲ့ အနေအထားကြောင့် ၂၁ရာစုပင်လုံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ရေးက ဆိုတဲ့အချက်ဟာ မဖြစ်နိုင်ဘူးလို့ TNLA တအာင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်ကပြောပါတယ်။

“ကျနော်တို့လည်းမသိရဘူး ကျနော်တို့ဆီမှာအကြောင်းကြားထားတာလည်းမရှိဘူး။သူတို့ဘာကြောင့် လုပ်ရတယ်ဆိုတာလည်း မသိဘူး။၂၁ရာစုပင်လုံညီလာခံမှာ အားလုံးတွေ့မယ်ဆိုရင်တော့ ပါဝင်မှာပေါ့ ဟိုအဖွဲ့ကျန်မယ်၊ ဒီအဖွဲ့ကျန်မယ်ဆိုရင်တော့ ဒါအားလုံးပါဝင်ဖို့က မဖြစ်နိုင်ဘူး။ သူတို့ဘယ်အဖွဲ့တွေပါမယ်၊ ဘယ်အဖွဲ့တွေဖိတ်မယ်ဆိုတာကတော့ အခုထိတော့ သဲသဲကွဲကွဲမသိရသေးဘူး။ ဘာကန့်သတ်ချက်တွေရှိသလဲဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။ ပထမတခေါက်ကျင်းပတုန်းကတော့ သူတို့ရည်ရွယ်ချက်ကတော့ အားလုံးပါဝင်ရေးလို့ ကြွေးကြော်ခဲ့တယ်။ ဒါပေမယ့်ဒီ ညီလာခံကျင်းပခါနီးမှာ တပ်ရဲ့သဘောထားတွေကနောက်ကနေပါလာတယ်။ တပ်ရဲ့သဘောထားတွေက လွန်ဆန်လို့မရတဲ့အနေအထားတွေ့ရတယ်။ အဲဒီမှာကဘာဖြစ်လာသလဲဆိုရင်တော့ တချို့အဖွဲ့တွေချန်လို့ရမယ်၊ တချို့တွေကို ပါလို့ရမယ်ဆိုပြီးဖြစ်လာဖြစ်။ တချို့တွေကတော့ ဘယ်လိုပုံစံနဲ့ တက်ရမယ်ဆိုတာ သတ်မှတ်ချက်တွေရှိလာတယ်။ ကျနော်တို့အဖွဲ့ကိုဆိုရင် မူလကဖိတ်မယ်လို့ပြောပြီးမှ နောက်တော့မဖိတ်တော့ဘူး ဆိုတော့ ကျနော်တို့လည်း တက်လို့မရဘူးပေါ့နော်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံ ပါဝင်ရေးနဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုပဲ အဓိကတူညီတဲ့သဘောထားရှိကြတာပါ။ စစ်ရေးနည်းနဲ့မဖြေရှင်းလိုဘူးလို့ ပြောထားပေမဲ့ အခုသီတင်းပတ်အတွင်း တိုင်းရင်းဒေသတချို့ အထူးသဖြင့် ရှမ်းမြောက်ဘက်မှာ စစ်အင်အားဖြည့်တင်းနေတာ၊ တအာင်းပလောင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာတွေရှိနေပါတယ်။ ဒါကြောင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွင်း စစ်ရေးပဋိပက္ခတွေ တင်းမာမှုလျော့ရေးက တပ်မတော်ရဲ့သဘောထားကလည်း အဓိကကျတယ်လို့ ဗိုလ်မှူးမိုင်အိုက်ကျော်ကပြောပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလိုဖြစ်တယ် ဧပြီလ ၂၉ ရက်နေ့ကနေ မနေ့ကအထိ နမ့်မတူရယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်တွေမှာ ဖြစ်တယ်။”

၂၁ရာစုပင်လုံကျင်းပစဉ်ကာလမှာ တိုက်ခိုက်တာတွေ မရှိစေဖို့နဲ့ မကျေလည်တာတွေရှိရင် နှစ်ဖက် ညှိနှိုင်းဖြေရှင်းဖို့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဋ္ဌ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရ တပ်မတော်၊ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားတွေ ပါဝင်တဲ့ ပြီးခဲ့တဲ့မေလ ၃ရက်နေ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ဒီကနေ့ မေလ ၇ရက်နေ့မှာတော့ နေပြည်တော်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)ရဲ့အစည်းအဝေးတွော စတင်ကျင်းပနေပါပြီ။ ညီလာခံတွင်း ကဏ္ဍအသီးသီးနဲ့ တာဝန်ယူကြမယ့် ကော်မတီအသီးသီးရဲ့ တာဝန်တွေအတွက် ဒီကနေ့ကျင်းပတဲ့ UPDJC အတွင်းရေးမှုးများအစည်းအဝေးတွေနဲ့ပတ်သက်လို့ UPDJC အတွင်းရေးမှူးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက အခုလိုရှင်းပြပါတယ်။

“UPDJC လုပ်ငန်းကော်မတီ ၅ ရပ်က သီးခြားကျနော်တို့အစည်းအဝေးတွေလုပ်ပါတယ်။ အခုဒါဒုတိယအကြိမ်ပါပဲ၊ ဒီလုပ်ငန်းကော်မတီထဲကနေပြီးတော့မှ Policy Option ပေါ့လေ၊ မူဝါဒဆိုင်ရာရွေးချယ်မှုတွေလုပ်ပြီးရင်တော့ အတွင်းရေးမှူးအဖွဲ့ကနေတဆင့် UPDJC ကိုတင်ပါမယ်။ UPDJC အတွင်းရေးမှူးတွေကတော့ မေလ ၉-၁၀-၁၁ ထပ်ပြီးတော့ အချောသတ်လုပ်ပြီးရင်တော့ UPDJCကို တင်ပါမယ် အဲဒါပြီးရင်တော့ UPDJC ဆုံးဖြတ်တဲ့ ပုံစံနဲ့ မေလ ၂၄ ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပပါမယ်ခင်ဗျ။”

ပထမအကြိမ် ကျင်းပခဲ့တဲ့ ၂၁ ညီလာခံနဲ့ အခုမေ ၂၄မှာ ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံကြား ကွာခြားချက်တွေနဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့လည်း ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

“ကျနော်တို့ဒီပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်မှာ လုပ်တဲ့ညီလာခံကတော့ အဆုံးအဖြတ်တွေမယူခဲ့ဘူး၊ တတ်ရောက်တဲ့သူတွေရဲ့သဘောထားအမြင်တွေကို အားလုံးကိုဖွင့်ပေးလိုက်ပြီးပြောစေတဲ့ အခမ်းအနားမျိုးဖြစ်ခဲ့တာပေါ့လေ လူပုဂ္ဂိုလ် ၇၂ဦးက တင်ပြတာပေါ့နော် အခုကတော့ ပြန်ပြီးတော့ ဒါကို စိတ်လိုက်ပြီး ခေါင်းစဉ်တွေကို UPDJC က ချပေးတဲ့ ခေါင်းစဉ်အလိုက်ကိုပဲဆွေးနွေးမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၆သြဂုတ်ကလို ကျယ်ပြန့်တာမျိုးမဖြစ်တော့ပဲနဲ့ ဖက်ဒရယ်ဆိုရင် ဖက်ဒရယ်ကိုအခြေခံတဲ့ စီးပွားရေးကိစ္စ၊ ဖက်ဒရယ်ကို အခြေခံတဲ့ နိုင်ငံရေး လုံခြုံရေးဆိုတဲ့ ပေးထားတဲ့ခေါင်းစဉ် တွေကိုအဲဒီဘောင်ထဲကပဲ ဆွေးနွေးမှာဖြစ်တဲ့အတွက် ဒါကျနော်တို့အနေနဲ့ မလုပ်ဖူးတဲ့အလုပ်တခု ကို ကျနော်တို့စပြီးတော့ လုပ်ရမှာရှိတယ်။”

လာမယ့် ၂၄ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ NCA ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားရေးနဲ့ပတ်သက်ပြီးပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မယ့် မေလ ၁၂ရက်နေ့ အစည်းအဝေးမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG