သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ NCA ပြီးပြည်စုံခြင်းမရှိ


ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး။ မေလ ၃ ရက် ၂၀၁၇
ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး။ မေလ ၃ ရက် ၂၀၁၇

စစ်မှန်စိတ်ချရတဲ့ အပစ်ရပ်ရေးအတွက် လက်ရှိ NCA စာချုပ် မှာ အားနည်းချက်တွေရှိနေကြောင်းနဲ့ ပြန်ပြီး သုံးသပ်ပြင်ဆင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကိုယ်တိုင်ပါဝင်နေသူတွေက ပြောကြားလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အ၀ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးတဲ့အတွက် စာချုပ်အတိုင်း လိုက်နာအကောင်အထည်ဖော်ရေး ပျက်ကွက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို မကြာခင် ကျင်းပမယ့် ကာလမှာတိုက်ပွဲတွေမဖြစ်ဖို့ တဖက်နဲ့ တဖက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကမနေ့က စတင်ကျင်းပတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့ထိ ရန်ကုန် NRPC မှာ သုံးရက်ကြာ ကျင်းပနေတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးမှာ မကြာခင် ကျင်းပတော့မယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကာလအတွင်းNCA မှာ လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်ကြား တိုက်ခိုက်မှုတွေမရှိဖို့ တဖက်နဲ့ တဖက် ပြေလည်အောင် ညှိုနှိုင်းဖြေရှင်းသွားမယ်လို့ တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မနေ့က ပြောသွားပါတယ်။

အခုလို စစ်တပ်ကိုယ်စားလှယ်ရဲ့ တင်ပြဆွေးနွေးမှုကြောင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်ကြားမှာ တိုက်ခိုက်မှုတွေ ရှိလာနိုင်သလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက နိုင်ငံရေးပါတီဘက်က အတွင်းရေးမှူး လည်းဖြစ်၊ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန်က အခုလိုပြောပါတယ်။

“ အဓိကတော့ NCA လက်မှတ်ရေးထိုး ထားပြီးသား ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တော့ အထွေအထူးတော့ ပစ်ခတ်တိုက်ခိုက်မှု ရှိလိမ့်မယ်လို့မမြင်ပါဘူး။ ဒါပေမယ့် ဒါကိုအရေးတယူ ပြောနေရတယ်ဆိုတာက အခုကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို အလေးထားတယ်ဆိုတဲ့ သဘောလည်း သက်ရောက်နိုင်ပါတယ်။ ”

ဒါအပြင် အခု ဒုတိယအကြိမ် ပင်လုံညီလာခံမှာ အားလုံးလက်ခံနိုင်တဲ့ ဖယ်ဒရယ်မူနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ အစိုးရဘက်က ကြိုပမ်းမှု လည်း ဖြစ်နိုင်တယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။ ဒါပေမဲ့လည်း လက်ရှိ NCA စာချုပ်မှာ အားနည်းချက်တွေ ရှိနေသေးတဲ့အတွက် ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုနေကြောင်း သူက အခုလို ထောက်ပြပါတယ်။

“ ဒီ NCA နဲ့ ပတ်သက်ရင်တော့ ဒီ NCA က အပြီးပြည့်စုံကြီး မဟုတ်ဘူး။ လိုအပ်ချက်တွေတော့ ရှိနေတယ်။ လိုအပ်ချက် ရှိလို့လည်း ဒီ NCA လက်မှတ် မရေးထိုးထားတဲ့ ဒီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဒီ NCA ကို Review လုပ်ပြီးတော့ NCA မှာပါတဲ့ တချို့အချက်အလက်တွေကို ပြင်ဆင်ချင်တယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်။ NCA ကို ဖော်ဆောင်ဖို့ အပိုင်းမှာလည်း ဒီအားနည်းချက်တွေ ရှိတယ်ဆိုတဲ့အချိန်မှာ ကျတော့ ဒီ NCA အပေါ်မှာ ယုံကြည်မှုတွေ တဖြည်းဖြည်းကျလာတဲ့ သဘောလည်း ရှိပါတယ်။ ”

မနေ့က စတင်ကျင်းပတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကိုယ်စားလှယ်ဖြစ်တဲ့ ကရင်အမျိူးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) စစ်ထောက်ချုပ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးကလည်း သူတို့ကော်မတီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ယုံကြည်စိတ်မှုကိုရဖို့ လိုအပ်နေကြောင်း ပြောသွားပါတယ်။

အဓိက အကြောင်းရင်းထဲမှာ အပစ်ရပ်ရေး စောင့်ကြည့်တဲ့ ကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးတာ တွေ့ရတယ်လို့ မွန်ပြည်နယ် အရပ်သားအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူးက ပြောပါတယ်။

“ ရေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပေါ့နော် တကယ်လို့တကယ်ကို ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ ဆိုရင် ဒီ ယုံကြည်မှုတော့ ပိုရလာနိုင်တယ် ပေါ့နော်။ ပြောချင်တာက ဒီ NCA ကို အကောင်အထည် ဖော်တဲ့အခါမှာ တကယ်တန်းကျတော့ ဒီစာချုပ်တွေကို ထိန်းညှိဖို့၊ ရှိနေတဲ့ အခြေအနေကနေ နောက်ပြန်မသွားဖို့အတွက်က တကယ်တန်းကျတော့ စောင့်ကြည့် Mechanician က JMCU တခုဘဲ ရှိတာပေါ့နော်။ လောလောဆယ်။ ဒါ သူကတော့ ဆင့်ကဲ ဆင့်ကဲရှိတာပေါ့လေ။ အခုအချိန်ထိ ဒီ JMCU အနေနဲ့က သူက ဒီ Function သိပ်မဖြစ်သေးတာလည်း တွေ့နေရတာတော့ ရှိတာပေါ့နော်။

အဲဒီတော့ ဘာဘဲ ဖြစ်ဖြစ် တကယ်လို့ တကယ် လုပ်နိုင်မယ်ဆိုရင်တော့ တဖက်မှာလည်း ဒီ NCA ကို အားကောင်းလာစေတဲ့ အနေအထားမျိုး တခုတော့ ဖြစ်လာနိုင်မယ်လို့ မေ ျှာ်လင့်တာပေါ့နော်။ ”

အစည်းအဝေးကို မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရန်ကုန် NRPC ဌာနချုပ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ NCA ကို လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားမခံရတဲ့ တအာင်း(ပလောင်)တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေပါတယ်။

လက်ရှိ NCA ပြီးပြည်စုံခြင်းမရှိ
please wait

No media source currently available

0:00 0:03:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG