သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံကျင်းပစဉ် တိုက်ခိုက်ရေးရပ်ဖို့နဲ့ ညှိနှိုင်းရေး တပ်မတော် အာမခံ


JMC-U ဥက္ကဌ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်
JMC-U ဥက္ကဌ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်

၂၁ရာစုပင်လုံကျင်းပစဉ်ကာလမှာ တိုက်ခိုက်တာတွေ မရှိစေဖို့နဲ့ မကျေလည်တာတွေရှိရင် နှစ်ဖက် ညှိနှိုင်းဖြေရှင်းဖို့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဌ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောလိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ JMC-U အစည်းအဝေးအဖွင့်မှာ အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်မတော်၊ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားတွေ ပါဝင်ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စုအဆင့် ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC(U) ရဲ့ ၃ရက်ကြာ အစည်းအဝေးကို ဒီကနေ့ မနက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ JMC(U) ရဲ့ ဥက္ကဌ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်၂ စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နှုတ်ခွန်းဆက် အမှာစကားမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီ၂၁ ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပတော့မယ့် ကာလအတွင်းမှာ ကျနော်တို့လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ မြေပြင်မှာ ထိတွေ့၊ တိုက်ခိုက်မှုတွေ မရှိအောင် တခုနဲ့တခု တယောက်နဲ့တယောက်ကြားမှာ သံဿယဖြစ်လို့ရှိရင် ကျနေ်ာတို့ အောက်ခြေ အဆင့်မှာလည်း ပြေလည်အောင်ညှိနှိုင်းဖြေရှင်းသွားမယ်။ တကယ်လို့ မပြေလည်ဘူး ဆိုရင်လည်း တဖွဲ့နဲ့တဖွဲ့ Bilateral ညှိနှိုင်း ပြီးတော့မှ ဖြေရှင်းနိုင်မယ့် ကိစ္စ။ ကျနော်တို့အနေနဲ့တော့ မဖြေရှင်းနိုင်တဲ့ ကိစ္စတော့ မရှိပါဘူး။ စားပွဲဝိုင်းပေါ်မှာ သေချာမျက်နှာချင်းဆိုင်ပြီးတော့ သူ့လိုအပ်ချက်၊ ကိုယ့်လို အပ်ချက်ကို ညှိနှိုင်းပြီးတော့မှ အပေးအယူ အလျှော့အတင်းလုပ်မယ်ဆိုရင် ဒါတွေဟာ ပပျောက်သွားနိုင်တဲ့ အနေအထားရှိတဲ့အတွက် ကျနော်တို့ JMC(U) အဖွဲ့ဝင်တွေအနေနဲ့ ဒါလေးကို ကျနော်တို့ ဦးစားပေးပြီးတော့မှ စီမံဆောင်ရွက်ပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။”

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ရဲ့ စစ်ထောက်ချုပ်လည်းဖြစ် JMC(U) ဒုဥက္ကဌ ၁ လည်းဖြစ်တဲ့ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးကတော့ JMC(U) ရဲ့ဆောင်ရွက်မှုတွေ ဟာ NCA လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက် စံနမူနာကောင်းတွေ ဖြစ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျနော်တို့ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် များသော်လည်းကောင်း အခြားကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျနော်တို့ JMC(U) အကောင်အထည်ဖော်မှုများ ဟာ အခြား တိုင်းရင်းသားလက်နက်ကိုင်များမှ NCA နဲ့ JMC(U) အပေါ်မှာ ယုံကြည်လာဖို့အတွက် စံနမူနာကောင်းများဖြစ်ဖို့လိုအပ်ပါတယ်။”

JMC-U အစည်းအဝေး
JMC-U အစည်းအဝေး

နှုတ်ခွန်းဆက်စကားမှာပဲ စစ်ပွဲတွေကြောင့် အဓိက ထိခိုက်နစ်နာရတာဟာ အရပ်သားတွေဖြစ်ကြောင်း ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ထောက်ပြပါတယ်။

NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရအကြားမှာ အခုလို ဆွေးနွေးနေချိန်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီတိုက်ပွဲတွေဟာ အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့အကြားဖြစ်ပွား တာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို နမ့်ခမ်း ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မနက်တုန်းက ဖြစ်တယ်ခင်ဗျ ၇ နာရီကျော်-၈ နာရီလောက်မှာ နမ့်ခမ်း အရှေ့မြောက်ဘက်ပေါ့နော် အဲဒီနားမှာပေါ့ ။ နမ့်ခမ်းနဲ့ဆိုရင် ၁၀ မိုင်လောက်ဝေးမယ်။ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ တပ်မ စခန်းကနေပေါ့နော် တပ်ကုန်းလို့ခေါ်တာပေါ့နော် အဲဒီကနေ လက်နက်ကြီးနဲ့ လှမ်းထုတာပေါ့နော်။ မနေ့ကဖြစ်တဲ့နေရာ နမ့်ဟွမ်နေရာကိုလည်း လှမ်းထုတယ်လို့ပြောတယ်။”

ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲဟာ မိနစ် ၂၀လောက်သာ ကြာမြင့်ခဲ့ပြီး မနေ့က ဖြစ်တဲ့ တိုက်ခိုက်မှုမှာတော့ အရပ်သားတဦးသေဆုံးခဲ့သလို ၃ယောက် ထိခိုက် ခဲ့ကြောင်း ပြောပါတယ်။

“မနေ့ကတော့ နမ့်ဟွမ်ရွာနားက နမ့်ဟွမ်နဲ့ ကောင်းခွင်ကြားမှာပေါ့နော် အဲဒီမှာဖြစ်တယ် အဲဒီကနေစပြီးတော့ တိုက်ပွဲက ညနေအထိဖြစ်သွားတာပေါ့ ရဟတ်ယာဉ် နဲ့လည်း ၂ ခေါက် ၃ ခေါက်လောက်ပစ်တယ်။ စပြီး ပစ်တော့ နမ့်ဟွမ်ရွာမှာ လက်နက်ကြီးကျတော့ အိမ်တလုံးကိုသွားထိတယ်။ အပေါ်ကနေထိတော့ မျက်နှာကြက်ပေါက်ပြီးတော့ အခန်းမှာ အိပ်နေတဲ့ အဖွားကြီးကိုထိတယ်။ အဲဒီအဖွားကြီးလည်း အဲဒီမှာပဲ ဆုံးသွားတယ်လို့ပြောတယ်။ ဖြစ်ပြီးနောက်တော့ ကောင်းခွင်နားမှာထပ်ဖြစ်တယ်။ လက်နက်ကြီးလည်းကျတယ်၊ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ အဲဒီမှာ ကောင်းခွင်က လဘက်သွားခူးတဲ့ အမျိုးသမီး ၃ ယောက် ထိသွားတယ်အဲဒီမှာ။”

ထိခိုက်ဒဏ်ရာရသူတွေကို နမ့်ခမ်းဆေးရုံးကို သယ်ယူ ကုသပေးခဲ့ကြောင်း လည်း ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ထိခိုက်မှုဟာ အစိုးရတပ်မတော်ဖက်က ပစ်တာကြောင့်လို့ TNLA ခေါ် တအာင်း (ပလောင်)တပ်ဖွဲ့ဖက်က သတင်းထုတ်ပြန်ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ NCA ကို လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားမခံရတဲ့ တအာင်း(ပလောင်)တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ထိုင်းနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၅ဖွဲ့လောက်ကတော့ NCA လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်လို့ ညှိနှိုင်းနေဆဲဖြစ်ပြီး တရုတ်နယ်စပ်အခြေစိုက်လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ကတော့ NCA ပြင်ပ ကနေ နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။

လာမယ့် ၂၄ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ NCA ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ က နောက်တပတ်အတွင်းမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၆ရက်နေ့ ဆွေးနွေးပွဲတုန်းကတော့ NCA ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားမှာမဟုတ်ကြောင်း ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG