သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ပင်လုံ ဒုအစည်းအဝေး မေ တတိယပတ်ကျင်းပမယ်


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM)
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို လာမယ့် မေလ တတိယပတ်မှာ ကျင်းပဖို့အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM) က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM) ဒီကနေ့ နေပြည်တော်က သိင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကျင်းပမယ့်ရက်ကို အတည်ပြုသတ်မှတ်နိုင်ခဲ့တယ်လို့ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ က ပြောပါတယ်။

“ဒီကနေ့ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ မေလ ၂၄ ရက်နေ့ကို ကျနော်တို့ ၂၁ရာစုပင်လုံ -ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒါကိုကျင်းပဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့ကြပါတယ်။”

ဒီအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းနဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့ က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားမှာ အခုလို ထည့်သွင်း ပြောကြားပါတယ်။

ဒေါ်အောင်စုကြည်ပြောဆိုတာက “အားလုံးပါဝင်မှ ငြိမ်းချမ်းရေးရနိုင်မှာပါ။ အားလုံးကလည်းပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်ဖက်ကနေပြီးတော့ အကောင်းဆုံးထင်တဲ့ အတွေးအခေါ် အမြင်တွေကို တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုလည်း မျက်ခြည်မပြတ်သွားဖို့လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ ကျမတို့ ခြေလှမ်းတွေကလည်း မှန်မှန်ကန်ကန်နဲ့ တက်ညီလက်ညီနဲ့ရှိဖို့လည်း အင်မတန်လိုအပ်ပါတယ်။”

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းကတော့ NCA စာချုပ်နဲ့ပတ်သက်ပြီး အခုလို ထည့်သွင်းပြောကြားပါတယ်။

“ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့NCA ဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ကိုလက်နက်ချခိုင်းတဲ့ အချက်မဟုတ်ပါဘူး၊ ဒါလူတိုင်းသိပါတယ်။သို့သော်လည်း တချိုု့အဖွဲ့အစည်းများကနားလည်မှုလွဲနေတာသည်NCA လက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းတယ်လို့ နားလည်မှုလွဲနေတာရှိပါတယ်။ ဒါတွေကိုနားမလည်သေးတဲ့ အဖွဲ့ရော၊နားလည်ပြီးတော့မှနားမလည်ချင်ယောင်ဆောင်တဲ့အဖွဲ့တွေရောသိအောင်လို့ကျနော်တို့လက်မှတ်ထိုးပြီးသားတိုင်းရင်းသားခေါင်းဆောင်ကြီးများက တဆင့်စကားတဆင့်ကြား ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ဒါလေးတွေလည်းပဲ တိုက်တွန်းပေးစေကြောင်းပြောလိုပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကတော့ NCA ကို ဆက်လက်အကောင်အထည်ဖော်ဖို့ သံဓိဌာန်ချထားကြောင်း ထည့်သွင်း ပြောဆိုပါတယ်။

ဒီကနေ့အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အတွက် ရက်သတ်မှတ်တာအပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အတွက် အလုပ်လမ်းညွှန်ချက်အတည်ပြုရေး၊ မကျင်းပရသေးတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနိုင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးတို့ကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA ဘောင်အတွင်းက ဖော်ဆောင်ရေးကို အလေးထားဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ JICMဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်(PC)၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ -JMCနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG