သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သစ်တော ထိန်းသိမ်းရေး ဒေါ်လာ ၅ သန်းခွဲ နော်ဝေထောက်ပံ့


သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်။
သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်။

မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုနဲ့ သစ်တောအဆင့်အတန်း ကျဆင်းမှုကနေ ကာကွယ်ဖို့ နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၅.၅ သန်း အကူအညီပေးဖို့ ကတိပြုလိုက်ပါတယ်။ သစ်တောပြုန်းတီးမှုရဲ့အကျိုးဆက်အဖြစ် ရာသီဥတုဖေါက်ပြန်တာတွေ ရှိလာတာကြောင့် NLD အစိုးရသစ် အနေနဲ့ သစ်တောထိန်းသိမ်းရေးကို စီမံကိန်းချ လုပ်ဆောင်နေရာမှာ အခုအကူအညီဟာ ကြီးမားတဲ့အထောက်အကူဖြစ်စေလိမ့် မယ်လို့လည်း သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန် ရှိသူတဦးက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ သစ်တော အပြုန်းတီးဆုံး နိုင်ငံတွေထဲမှာ ဘရာဇီး၊ အင်ဒိုနီးရှားပြီးရင် မြန်မာနိုင်ငံက တတိယ နေရာမှာရှိနေပါတယ်။ အထူးသဖြင့် ပဲခူးရိုးမကနေ ဆယ်စုနှစ်နဲ့ချီပြီး အဖိုးတန်ကျွန်းသစ်ကို တရားဝင်ရော တရားမဝင်နည်းတွေနဲ့ပါ ခုတ်ယူ ခဲ့တာအပြင် အခြားပြည်နယ်နဲ့တိုင်းတွေမှာ တရားမဝင် သစ်ခိုးထုတ်နေတာကြောင့် သစ်တောအဆင့်အတန်း ကျဆင်းလာတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုနဲ့ သစ်တောအဆင့်အတန်း ကျဆင်းမှုကနေ ကာကွယ်ဖို့ နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၅.၅ သန်း အကူအညီပေးအပ်ပွဲကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပတာဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က VOA ကိုပြောပါတယ်။

" ပမာဏကတော့ ၅.၅ သန်း။ ပေးတဲ့အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့ သစ်တောပြုန်းတီးခြင်းနဲ့ သစ်တောအတန်းအစားကျဆင်းခြင်းကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့၊ထုတ်လုပ်မှုကို လျှော့ချရေး လုပ်ငန်းစဉ် မြန်မာနိုင်ငံမှာ အဲ့ဒီ့လုပ်ငန်းစဉ်တွေအတွက် ပေးတာပေါ့။"

နော်ဝေနိုင်ငံက ပေးအပ်တဲ့ အကူအညီနဲ့ ၂၀၂၀ ခုနှစ်ထိ လေးနှစ်စီမံကိန်းကို ဘယ်လို အစီအစဉ်တွေနဲ့ လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း ဦးကျော်ကျော်လွင် က ရှင်းပြပါတယ်။

" အဲ့တော့ အဲ့လုပ်ငန်းစဉ်တွေထဲမှာဆိုရင် နံပတ်တစ်ကတော့ သစ်တောပြုန်းတီးခြင်းကို ကျနော်တို့ ပြန်လည်ကုစားတဲ့အချိန်မှာ သစ်တောစိုက်ခင်းတွေ ပြန်လည်တည်ထောင်မယ်။ နောက်ပြီးတော့ သစ်တော့အတန်းအစား ကျဆင်းနေတဲ့သစ်တောတွေကို သစ်တောအတန်းအစား ပြန်လည်ပြီးတော့ တိုးတက်ကောင်းမွန်အောင် ပြုစု ထိန်းသိမ်းစောင့်ရှောက်နည်းတွေနဲ့သစ်တောကို ပြုစုမယ် ဒီလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် နော်ဝေအစိုးရကနေ ကူညီခြင်းဖြစ်ပါတယ်။

သစ်တောအတန်းအစား ကျဆင်းခြင်းကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သစ်တောတွေထဲမှာ အဖိုးတန်တဲ့သစ်မျိုး မြန်မာနိုင်ငံက သစ်တောဆိုရင်တော့ ကျွန်း ပျဉ်းကတိုး ပိတောက် ကိုရွေးပြီးတော့ ခုတ်လို့ရှိရင် ကျနော်တို့ ကျွန်း၊ ပျဉ်းကတိုးရဲ့ ပါဝင်မှုက လျော့နည်းသွားမယ် အဲ့ဒီ့တော့ တခြားတန်ဖိုးနည်း လူသုံးနည်း သစ်မျိုးတွေက အရေအတွက် ပိုမိုများပြားလာတယ်။ နောက်တခုက ကျနော်တို့ တောတွေထဲက သစ်တွေ ထုတ်တယ်ဆိုလို့ရှိရင် သစ်ပင်ကြီးတွေ မရှိလို့ရှိရင် ဝါးတွေ ခြုံပင်တွေပိုပြီးတော့ များလာမယ်။ အဲ့ဒီ့အတွက်ကြောင့် သစ်တောအတန်းအစားကျဆင်းလာတာကို ခေါ်တာပါ။"

၂၀၁၆ ခုနှစ်ဆန်းပိုင်း NLD အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုကို ပြန်လည်သုံးသပ်ခဲ့ပြီး ပဲခူးရိုးမမှာ သစ်ထုတ် ယူသုံးစွဲမှုကို ၁၀ နှစ်ထိ ရပ်ဆိုင်းထားဖို့ အစိုးရက ညွှန်ကြားထားပြီး ဖြစ် ပါတယ်။ နော်ဝေက မြန်မာနိုင်ငံကို အခုပေးတဲ့ အကူအညီဟာ ကုလသမဂ္ဂ UN-REED plus ( UN- National Program of Reducing Emissions from Deforestation and Degradation) အစီအစဉ် ဖြစ်တဲ့ သစ်တောပြုန်းတီးမှု၊ သစ်တောအဆင့်အတန်း ကျဆင်းမှုနဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အမျိုးသားအဆင့်ကာကွယ်တဲ့ အစီအစဉ် ဖြစ်တယ်လို့သိရပါတယ်။

သစ်တောမရှိရင် ကာဗွန်ဒိုင်အောက်ဆိုက် ထိန်းချုပ်မှု လျော့ကျလာမှာဖြစ်ပြီး ရာသီဥတုဖေါက်ပြန် ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို အလေးထားကိုင်တွယ်ဖို့ လိုတယ်လို့ ဦးကျော်ကျော်လွင်က သုံးသပ်တယ်။

"ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု အများဆုံးက နံပတ်တစ်က ဘရားဇီးလ်၊ နံပတ်နှစ်က အင်ဒိုနီးရှားပါ။ နံပတ်သုံးက မြန်မာဖြစ်ပါတယ်။ ကျနော်တို့ဝန်ခံပါတယ် ထုတ်ယူသုံးစွဲမှုများလို့ ဒါမှမဟုတ် သစ်တောတွေကနေ တခြားမြေသုံးစွဲမှုပြောင်း သွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ရာသီဥတု Climate Change ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ လေထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်မှုဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုကြောင့် ကျနော်တို့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်မှုများတာ ဒီလိုနည်းမျိုးစုံနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုများတာ က ရာသီဥတုပြောင်းလဲမှု ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ သစ်တောပြုန်းတီးမှုကတော့ Climate Changeအတွက် အရေးပါတဲ့နေရာကဖြစ်ပါတယ်။ "

မြန်မာနိုင်ငံက တိုင်းနဲပြည်နယ်အလိုက် လူဦးရေထူထပ်မှုနဲ့ သစ်တောတည်ရှိမှု အချိုးအစားပေါ်မူတည်ပြီး တွက်ချက်မယ်ဆိုရင် ဧရာဝတီ တိုင်းက သစ်တောပြုန်းတီးမှုအများဆုံးဖြစ်ပြီး ကချင်နဲ့ စစ်ကိုင်းတိုင်းတွေမှာ သစ်ခိုးထုတ်နေတာတွေ ရှိပေမယ့် သစ်ပင်သစ်တောတွေ ကျန်နေသေးတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ သစ်တော ပြန်လည်ပြုစု ပျိုးထောင်ရေးအတွက် ၁၀ နှစ်စီမံကိန်းအဖြစ် ၂၀၁၆ ကနေ ၂၀၂၅ ခုနှစ်အထိ NLD အစိုးရက စီမံကိန်းချ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG