သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုးလမ်းမ OBOR အပေါ် အမြင်များ


One Belt, One Road တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံ
One Belt, One Road တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ ခေတ်သစ် ပိုးလမ်းမကြီးလို့ ခေါ်တဲ့ One Belt, One Road တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံကို ကုလသမဂ္ဂနဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးတို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေနဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံက တိုင်းပြည်ခေါင်းဆောင်တွေ တက်ရောက်နေကြတာပါ။

ဒီလာခံမှာ တက်ရောက်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက သူတို့ရဲ့ အမြင် သဘောထားတွေကို ထုတ်ဖော် ပြောဆိုလာကြတာမှာ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး Christine Lagarde က - ဒီ စီမံကိန်းဟာ ယဉ်ကျေးမှုတွေကို ပေါင်းစည်းပေးတဲ့၊ လူမှုအသိုင်းဝိုင်းတွေကို ချိတ်ဆက်ပေးတဲ့၊ လူတွေရဲ့ စီးပွားရေးနဲ့ လူနေမှုအဆင့်အတန်းကို မြင့်တင်ပေးတဲ့ စီမံကိန်းဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ - ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကနေ ကမ္ဘာမြေပေါ် နေထိုင်ကြသူ အားလုံး အတွက် ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်ဟာ ကျွနု်ပ်တို့အားလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်ကြောင်း ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ - ဆင်းရဲနွမ်းပါးမှု၊ ဒေသတွင်းက တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးမှု အတိုင်းအတာတွေဟာ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒနဲ့ ပုံမှန်မဟုတ်တဲ့ ရွေ့ပြောင်းနေထိုင်မှုတွေ ဖြစ်ပေါ်စေအောင် တွန်းပို့နေတဲ့ အကြောင်းအရာတွေဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးမှု ရပ်တန့်နေတာကို မကျော်လွှားနိုင်ဘူးဆိုရင် အဲဒီ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Henry Paulson ကတော့ - တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကို အယုံအကြည် မရှိတဲ့အထဲ အမေရိကန်ပြည်ထောင်စုလည်း ပါဝင်တယ်ဆိုတာ သူသိကြောင်း၊ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ဒီစီမံကိန်းကို တခြားလူတွေ ပါလာနိုင်အောင် တရုတ်နိုင်ငံက ဆွဲဆောင်နိုင်လေလေ အမေရိကန်အပါအဝင် တကမ္ဘာလုံးမှာ ရှိတဲ့သူတွေက လက်ခံလာလေလေ ဖြစ်မယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဒီ စီမံကိန်းဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ Kashmir ဒေသနဲ့ ပါကစ္စတန်နိုင်ငံတို့ကို ဖြတ်ပြီး ဖောက်လုပ်မှာ ဖြစ်တဲ့အတွက် ဒီ စီမံကိန်းကို အိန္ဒိအစိုးရကလည်း ကန့်ကွက်နေပါတယ်။

အလားတူပဲ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းမှာ လုပ်ဆောင်နေတဲ့ ဧရာမ စီမံကိန်းကြီးတွေဖြစ်တဲ့ ကျောက်ဖြူ ရေနက် စီမံကိန်းနဲ့ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထဲအထိ ဖောက်လုပ်နေတဲ့ ရေနံ ပိုက်လိုင်း စီမံကိန်းအတွက် မြေသိမ်း ယာသိမ်းတွေ ရှိခဲ့သလို နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒေသခံတွေ ရှိနေတာကြောင့် အဲဒီ စီမံကိန်းတွေကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ မြန်မာဒေသခံ အများအပြားလည်း ရှိနေတာပါ။

ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ ဒီ One Belt, One Road တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံကို တက်ရောက်နေတဲ့ သီရိလင်္ကာ ဝန်ကြီးချုပ် Ranil Wickremesinghe ဟာ မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီလာခံ ပြင်ပမှာ တနင်္ဂနွေနေ့က သီးခြား တွေ့ဆုံပြီး နှစ်နိုင်ငံအကြား သမိုင်းအစဉ်အလာ ရှိခဲ့တဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး အနာဂတ်မှာ ဆက်ဆံရေးတွေ တိုးမြင့် လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုဟာ ခိုင်မာ တောင့်တင်းတဲ့ ဒီမိုကရေစီ အစိုးရ တည်ဆောက်ရေး ဖြစ်ကြောင်း၊ ဒါကြောင့် သီရိလင်္ကာနိုင်ငံဘက်က ဒီမိုကရေစီ အစိုးရဖြစ်ပေါ်လာရေးနဲ့ အင်အား တောင့်တင်းတဲ့ လွှတ်တော် ပေါ်ပေါက်လာရေးတို့အတွက် ကျွမ်းကျင်သူတွေ စေလွတ်ပေးစေလိုကြောင်း သီရိလင်္ကာဝန်ကြီးချုပ်ကို ပြန်လည် ပြောကြားခဲ့ပါတယ်။

အင်အားတောင့်တင်းတဲ့ ဒီမိုကရေစီ အစိုးရဖြစ်ပေါ်လာရေး မြန်မာအစိုးရရဲ့ တောင်းဆိုချက်ကို သီရိလင်္ကာဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိကြောင်း၊ သီရိလင်္ကာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို စေလွတ်ဖို့ စီစဉ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပိုးလမ်းမ OBOR အပေါ် အမြင်များ
please wait

No media source currently available

0:00 0:02:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG