သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်ရရှိဖို့ ပအိုဝ့်လူထုလိုလား


ပအို့ဝ်လူထုတွေ့ဆုံပွဲ (photo credit- Nan Soe FB)
ပအို့ဝ်လူထုတွေ့ဆုံပွဲ (photo credit- Nan Soe FB)

မြန်မာနိုင်ငံ ပြည်နယ်အချို့မှာ ပျံ့နှံ့ရပ်တည်နေကြတဲ့ ပအိုဝ့်လူမျိုးတွေအတွက် ပအိုဝ်ကိုယ်ပိုင်ခွင့်ရပြည်နယ်တခု ပေါ်လာစေဖို့ ပအိုဝ်လူထုက လိုလားနေပါတယ်။ ပြည်ထောင်စုကနေ ခွဲထွက်တာမဟုတ်ပဲ၊ ပအိုဝ်လူထုရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာပေ စတာတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ လိုလားတာဖြစ်ပြီး၊ ဒီ လိုလားချက်ကို နိုင်ငံရေးဆွေးနွေးမှုတွေကနေ အကောင်အထည်ဖော်သွားမယ်လို့ ပအိုဝ်ခေါင်းဆောင်တွေက ပြောပါတယ်။ အသေးစိတ်ကို စုံစမ်းမေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

အပစ်ရပ်ထားတဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ဦးဆောင်မှုနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ပအို့ဝ်တမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှမ်းပြည်နယ်ကစလို့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေအထိပါ ဆက်တိုက် ကျင်းပလာနေတာဖြစ်ပါတယ်။ ပအို့ဝ်လက်နက်ကိုင်အဖွဲ့၊ ပအို့ဝ်နိုင်ငံရေးပါတီတွေနဲ့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ ပအို့ဝ်လူထု တွေ့ဆုံကြတဲ့အခါမှာတော့ ပအို့ဝ်တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြည်နယ်ပေါ်ထွန်းရေး အဓိက တောင်းဆိုခဲ့ကြတယ်လို့ ပအို့ဝ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“မိမိတို့ရဲ့ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေချင်တဲ့ဆန္ဒပေါ့။ ထို့အတူပဲ ကျနော်တို့ ပအို့ဝ်လူမျိုးက ပြည်ထောင်စုတဝှမ်းလုံးမှာ အနှံ့အပြားနေထိုင်ပြီးတော့ ပြည်ထောင်စုလူဦးရေရဲ့ နံပတ် ၆ အဆင့်မှာ ရှိတဲ့လူမျိုး ၁ မျိုးဖြစ်တယ်။ ပြီးရင် ကျနေ်ာတို့ရဲ့ သမိုင်းအစဉ်အလာပေါ့လေ၊ ရာဇဝင်အစဉ်အလာ ဒီလိုထင်ရှားရှိခဲ့တယ်။ ပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြုပြည်ပြုလွှတ်တော်ကို တင်ခဲ့တဲ့ အခြေခံမူ ၇ ချက်နဲ့လည်း ကိုက်ညီတဲ့အတွက် ကျနော်တို့ ကိုယ့်အမျိုးသားများအနေနဲ့က ဒီနေ့ ဒီအချိန်အခါမှာတော့ပအို့ဝ် အမျိုးသားများပြည်နယ်တရပ်ပေါ်ထွန်းရေးဆိုတာကို ပြင်းပြင်းပြပြလိုလားကြတာဖြစ်ပါတယ်။ ကျနော်တို့ ပအို့ဝ် အမျိုးသားများရဲ့ နိုင်ငံရေးဆိုင်ရာ အန္တိမ ရည်မှန်းချက်အနေနဲ့ ထားရှိတာဖြစ်ပါတယ်။ သို့သော်လည်း ပအို့ဝ် အမျိုးသားပြည်နယ်တရပ်ပေါ်ထွန်းရေးကို ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ အကြမ်းဖက်နည်းလမ်းတွေကို အသုံးမပြုဘူး၊ ဥပဒေနဲ့ အညီ နိုင်ငံရေးနည်းလမ်းများနဲ့ အညီ ဒါကို ကျနော်တို့ ဆောင်ရွက်သွားမယ်။ အထူးသဖြင့်တော့ ရှမ်းပြည်အတွင်းမှာရှိတဲ့ အခြားသောညီနောင်တိုင်းရင်းသားတွေအကြားမှာလည်း ကျနော်တို့ စေ့စေ့စပ်စပ်ညှိညှိနှိုင်းနှိုင်းနဲ့ ပဲ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ပအို့ဝ်တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြည်နယ်ရရှိရေး ဆန္ဒပြုတောင်းဆိုခဲ့တဲ့အပေါ် ပအို့ဝ်ခေါင်းဆောင်တွေအနေနဲ့ အကောင်အထည်ဖော်နိုင်ရေး ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် PNO တွဲဖက်အတွင်းရေးမှူး(၂) ဦးခွန်ထွန်းရွှေက ပြောပါတယ်။

“ရှင်းရှင်းပြောရင်တော့ သံခင်း တမန်ခင်း အားလုံးလက်ခံနိုင်တဲ့ မူအရပဲ သွားမှာပါ။ ကျနော်တို့ကတော့ ကြိုက်တဲ့နည်းလမ်းတွေတော့ မရှိပါဘူး။”

အခုလို ပအို့ဝ်တိုင်းရင်းသားတွေဘက်က ပအို့ဝ်ပြည်နယ်တောင်းဆိုရတာဟာ ပအို့ဝ်တွေရဲ့ကိုယ်ပိုင် ယဉ်ကျေးမှု၊ စာပေ အနုပညာနဲ့ ရိုးရားအစဉ်အလာတွေအတွက်ဖြစ်ပြီး ပြည်ထောင်စုက ခွဲထွက်ဖို့ တောင်းဆိုတာမဟုတ်တဲ့အကြောင်းကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက အောင်မြင်ဖို့၊ အဓိက ယုံကြည်မှု တည်ဆောက်ဖို့အတွက်ကတော့ ဒီပြည်ထောင်စုက ခွဲမထွက်ကြဖို့ ဆိုတဲ့ အချက်ကလည်း အဓိက ကျပါတယ်။ ကျနော်တို့ ဆွေးနွေး ညှိနှိုင်းမှုတွေအားလုံးမှာတော့ ကျနော်တို့ ပြည်ထောင်စုတဝှမ်းလုံးမှာရှိတဲ့ ပအို့ဝ် အမျိုးသားတွေက ပြည်ထောင်စုက ခွဲထွက်ရေး မူကို လုံးဝအားမပေးဘူး။ ထို့နည်းတူ ပြည်ထောင်စုကမခွဲထွက်ဘူးဆိုတဲ့ အဓိကအချက်ပေါ့။ ဒီလိုအချက်မျိုးတွေကိုလည်း ပြည်ထောင်စုသားတွေအနေနဲ့ ယူသင့်ယူထိုက်တဲ့ တာဝန်တွေကို ကျနော်တို့ ရဲရဲယူပြီးတော့ ကျနော်တို့ အမျိုးသား ၁ ရပ်လုံးနဲ့ထိုက်ထိုက်တန်တန် အခွင့်အလမ်းများကိုလည်း ရယူချင်တာဖြစ်ပါတယ်။”

ပြည်နယ်နဲ့တိုင်းအသီးသီးက ပအို့ဝ်လူထုတွေနဲ့ ပအို့ဝ်ခေါင်းဆောင်တွေ တွေ့ဆုံပြီးတဲ့နောက်မှာတော့ လာမယ့်ဖေဖော်ဝါရီလ လလယ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအို့ဝ်တိုင်းရင်းသားတွေ အားလုံးစုဝေးပြီး အစည်းအဝေးတရပ်ကျင်းပဖို့ရှိပြီး အဲ့ဒီ့အစည်းအဝေးမှာတော့ ပအို့ဝ်လူထုတွေ့ဆုံမှုတွေကနေ တောင်းဆိုလာတဲ့ဆန္ဒတွေ အကြံပြုချက်တွေနဲ့ပတ်သက်လို့ ပြန်ပြီး အသေးစိတ် ဆွေးနွေးကြမှာဖြစ်တယ်လို့ လည်း ပအို့ယ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ပြောပါတယ်။

ပြည်နယ်ရရှိဖို့ ပအိုဝ့်လူထုလိုလား
please wait

No media source currently available

0:00 0:03:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG