သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီမြို့လယ်တိုက်ခိုက်မှု အကြမ်းဖက်ဝါဒီများ လက်ချက်


ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က Champs-Elysees လမ်းမကြီးမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒီတို့ရဲ့ လုပ်ရပ်အဖြစ် အခြေအနေအားလုံး ညွန်ပြနေကြောင်း သမ္မတFrancois Hollande ကပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ လုံခြုံရေကို တင်းကြပ်ထားမှာဖြစ်ပြီး အားလုံးနိုးနိုးကြားကြားနဲ့ သတိရှိနေဖို့ သမ္မတက ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားသွားတာဖြစ်ပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိထားပြီလို့ ပြင်သစ်ရဲကပြောပေမဲ့ သူနဲ့ပတ်သက်တဲ့အချက်အလက်တွေ မထုတ်ပြန်သေးသလို IS အဖွဲ့နဲ့ဆက်စပ်မှု ရှိမရှိဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ မျက်မြင်တွေရဲ့ ပြောကြားချက်တွေအရ မြေအောက်ဘူတာနားမှာ ကားတစီးထိုးရပ်ပြီး ကားထဲက ထွက်လာသူတယောက်က စက်သေနတ်တလက်နဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ရဲရဲ့ပြစ်ခတ်မှုကြောင့် သေနတ်သမားသေဆုံးသွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ နောက်ထပ်သူတွေ ပါ မပါဆိုတာ တိတိကျကျမသိရသေးပါဘူး။ IS စစ်သွေးကြွတွေကတော့ သူတို့လုပ်တာလို့ ဆိုပါတယ်။

ပစ်ခတ်သူဟာ IS တိုက်ခိုက်ရေးသမား Belgium နိုင်ငံသား Abu Yussef ဖြစ်တယ်လို့ IS သတင်းဌာနကတဆင့်ထုတ်ပြန်ခဲ့ပါတယ်။ ပါရီမြို့တော်က အထင်ကရနေရာတခုဖြစ်တဲ့ Champs-Elysees လမ်းမကြီးဟာ ကမ္ဘာလှည့်ခရီးသည်တွေအလာအများဆုံးနေရာတခုဖြစ်သလို ဈေးဝယ်သူတွေ၊ စားသောက်ဆိုင်တွေနဲ့ စည်ကားလှတဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက် အစ္စလာမ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်သစ်မှာ သေဆုံးသူ ၂၀၀ ကျော်ရှိနေပါပြီ။

ပြင်သစ်ပြည်သူတွေအတွက် အမေရိကန်သမ္မတ Donald Trump က ဝါရှင်တန်မြို့တော်ကနေ ဝမ်းနည်းစကားပါးခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ ဆိုးဝါးတဲ့ဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပြီး ဒီလိုအကြမ်းဖက်မှုတွေ ဘယ်တော့မှ အဆုံးမသတ်ဘူးဆိုတဲ့ သက်သေတခုဖြစ်တယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG