သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဂုဏ်ရည်ဆု ဖေါင်တော်ဦးကျောင်း ရရှိ


မန္တလေးမြို့က ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်း
မန္တလေးမြို့က ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်း

မြန်မာနိုင်ငံက လူမှုသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ “ ပြည်သူ့ဂုဏ်ရည်ဆု” ကိုနှစ်စဉ် ချီးမြှင့်နေရာမှာ ၂၀၁၇ ခုနှစ်အတွက် ဖောင်တော်ဦးဆရာတော် ဦးဆောင်တဲ့ ပညာရေး တွဲဖက် အထက်တန်းကျောင်းကို ချီးမြှင့်လိုက်ပါတယ်။

မနေ့ မေလ (၂၈)ရက်နေ့က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ ကျင်းပတဲ့ အဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးပွဲအခမ်းအနားမှာ ဆုရရှိသူကို ကြေညာခဲ့တာဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ပေးအပ်မှာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဆရာတော် အရှင်နာယက ဦးစီးတည်ထောင်ထားတဲ့ မန္တလေးမြို့က ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်းဟာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၈၀၀၀ ကျော် ကို ပညာသင်ကြားပေးနေတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာကိုပါ သင်ပေးနေတာကြောင့် ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တာဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက ပြောပါတယ်။

ဒါအပြင် ဖောင်တော်ဦး တွဲဖက်အထက်တန်းကျောင်းမှာ ကျောင်းဝင်ကြေး၊ ဆရာကန်တော့ကြေး စတဲ့ ကျောင်းနဲ့ပတ်သက်လို့ အခကြေးငွေတွေ ကောက်ခံယူခြင်းမရှိပဲ အခမဲ့ သင်ကြားပေးနေတာဖြစ်တယ်လို့ ကိုထိန်လင်းကပြောပါတယ်။ ထူးခြားချက်အဖြစ် လည်း ကျောင်းသားဗဟိုပြု ပညာရေးစနစ်ကို ကျင့်သုံးနေပြီးအင်္ဂလိပ်စာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်တတ်မြောက်အောင် သင်ကြားပေးနိုင်တဲ့ ကျောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် (၃)ဦးအဖြစ် ပရဟိတလုပ်ငန်းတွေအပြင် လိင်မှုဆိုင်ရာ ပညာပေးအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ကိုစိုးထိုက် (ဖဒို)၊ စာကြည့်တိုက်များကွန်ယက်နဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေတဲ့ အင်ဂျင်နီယာ ကိုအေးကျော်ကျော်တို့ကို ချီးမြှင့်ခဲ့ပါတယ်။ ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၀၀၀ စီပေးအပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီ စနစ်ကူးပြောင်းရေးကို တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့ လူမှုလုပ်ငန်းတွေကို ထူးထူးချွန်ချွန်ဆောင်ရွက်နေသူတွေကို ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုအဖြစ် ၂၀၁၀ ပြည့်နှစ်ကတည်းက နှစ်စဉ် ချီးမြှင့်လာခဲ့တာဖြစ်တယ်လို့လည်း ကိုထိန်လင်းကပြောပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ငွေတွေကို အမေရိကန်ပြည်ထောင်စုအပါအဝင် ပြည်ပရောက် မြန်မာမိသားစုတွေရဲ့ လုပ်အားခနဲ့ ပါဝင် လှူဒါန်းခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် အမည်တင်သွင်းခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ ပရဟိတအဖွဲ့ပေါင်း (၃၇) ဦးရှိခဲ့ပါတယ်။ အဲဒီထဲကမှ ပထမဆုံးဆုရှင်ကို အင်တာနက်အွန်လိုင်းကနေ မဲပေးစနစ်နဲ့ အများဆုံးရရှိသူကို ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ပြည့်နှစ်က ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ်နာရေးကူညီမှုအသင်းဥက္ကဌ အနုပညာရှင် ဦးကျော်သူ ချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG