သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် Mindanao မှာ ခရစ်စမတ်အကြိုည ဗုံးကွဲမှုဖြစ်


ဖိလစ်ပိုင် Mindanao ကျွန်း
ဖိလစ်ပိုင် Mindanao ကျွန်း

ဖိလစ်ပိုင်နိုင်ငံ Mindanao ကျွန်း ပေါ်မှာ မနေ့ စနေနေ့ နှောင်းပိုင်း Christmas အကြိုကာလ Catholic ခရစ်ယာန်ဘုရားကျောင်းတခုအပြင်ဘက်မှာ ပေါက်ကွဲမှု ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ အရာရှိတယောက် အပါအဝင် လူတဒါဇင်ကျော်လောက် ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ ဘုရားကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ကားတစင်းပျက်စီးစေခဲ့ပြီး မြောက်ဖက် Cotabato ဒေသ Midsayap မြို့က ဘုရားကျောင်းအပြင်ဖက်မှာ ရပ်နေတဲ့ လူတွေကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုက သူတို့လက်ချက်ဖြစ်တယ် လို့ ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး၊

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်ဆိုတာ ကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာလည်းမရှိသေးပါဘူး၊ ရဲအရာရှိ (၁)ယောက်အပါအဝင် လူ ၁၃ ယောက်ထက်မနည်း ဒဏ်ရာရပြီး ဒီဖောက်ခွဲမှုမှာ လက်ပစ်ဗုံးသုံးခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

ပေါက်ကွဲမှု ဖြစ်ချိန်မှာ ခရစ်တော် ရဲ့ နောက်ဆုံးညစာ အထိမ်းအမှတ်ပွဲကျင်းပနေတဲ့အချိန်ဖြစ်တယ်လို့ ဘုန်းတော်ကြီး Jay Virador က ပြင်သစ် သတင်းဌာနတခုကိုပြောဆိုပါတယ်။

ပေါက်ကွဲမှုဟာ ခရစ်ယာန်ဘုရားကျောင်းနဲ့ ပေ ၁၀၀လောက်အကွာ ဘုရားကျောင်း အဝင်ပေါက်နားမှာ ဖြစ်ခဲ့လို့ ထိတ်လန့်မှုတွေနဲ့အတူ လူအုပ်ကြီး ပြေးလွားလှုပ်ရှားမှုတွေရှိခဲ့ပြီး ပွဲကို အဆုံးအထိမကျင်းပနိုင်ခဲ့ဘူးလို့ ဘုန်းတော်ကြီး Jay ကပြောပါတယ်။

Midsayap ဟာ မနီလာမြို့တောင်ပိုင်း မိုင် ၅၆၀လောက်အကွာ Mindanao ကျွန်းပေါ်မှာ ရှိပြီး လက်နက်ကိုင် သူပုန်အဖွဲ့တချို့နဲ့ မွတ်ဆလင်လူနည်းစုနေထိုင်ရာ ဒေသလည်း ဖြစ်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းမှာ မနီလာမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဗုံးဖောက်ခွဲမှုနဲ့ပြန်ပေးဆွဲမှုအန္တရာယ်တွေရှိတဲ့ တောင်ပိုင်းကျွန်းတွေကို အမေရိကန်နိုင်ငံသားတွေမသွားကြဖို့ သတိပေးချက်ထုတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG