သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC ပင်လုံညီလာခံမတက်


မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ၂၁ရာစုပင်လုံညီလာခံတက်ဖို့ တရုတ်မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့ နေပြည်တော်ကို ရောက်ရှိနေချိန်မှာပဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ ညီလာခံမတက်ရောက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အထူးသဖြင့် တခြားကိုယ်စားလှယ် နည်းတူ ဆွေးနွေးဆုံးဖြတ်ခွင့်ရှိတဲ့အနေအထားနဲ့ ဖိတ်ကြားခံရတာမဟုတ်လို့ မတက်ရောက်ဖို့ဆုံးဖြတ်တာ ဖြစ်တယ်လို့လဲ UNFCခေါင်းဆောင်တွေက ပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်း ပေးပို့ထားပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ ဒီကနေ့အစည်းအဝေးကနေ ဆုံးဖြတ်ချက်အရ ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံကို အဖွဲ့အနေ နဲ့တက်ရောက်မှာမဟုတ်ဘူးလို့ဒုတိယဥက္ကဌနိုင်ဟံသာက ပြောပါတယ်။

“ကျနော်တို့ ကြားဖြတ်ညှိနှိုင်းနေတဲ့ ၉ ချက်အပေါ်မှာ ပြေလည်မှုမရသေးဘူးခင်ဗျ ကျနော်တို့ကတော့ ရှေ့တဆင့်တိုးဖို့ဆိုတဲ့နေရာမှာ သွားလို့မရသေးဘူးပေါ့နော် အခု ၂၁ ပင်လုံအပေါ်မှာ အစည်းအဝေးနဲ့လည်း ကပ်နေတယ်။ နောက်သူတို့ဖိတ်စာကလည်းရောက်တာ တော်တော်လေးနောက်ကျတယ်။ ကျနေ်ာတို့ကို အထူးဧည့်သည်အနေနဲ့ ဖိတ်တယ် ဒါကတော့ စကားလုံးလှအောင်လို့ “အထူးဖိတ်ကြားသူ”ပေါ့နော် အမှန်ကတော့ လေ့လာသူဖြစ်ပါတယ်။ တခြားကိုယ်စားလှယ်တွေနဲ့ တန်းတူ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်တွေ မရှိတဲ့အခြေအနေမှာတော့ ကျနော်တို့ကတော့ မတက်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။”

“အထူးဖိတ်ကြားသူ” အဆင့်အနေအထားဖြင့်သာ ဖိတ်ကြားလာလို့ UNFC အနေဖြင့် ပါဝင်တက် ရောက်ဖို့ မရှိဘူးလို့ သူကဆိုပါတယ်။

UNFCရဲ့ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့မြန်မာအစိုးရတို့အကြား အဆိုပြုချက်(၉)ချက်ကို ညှိနှိုင်းသဘောတူညီချက်မရခဲ့လို့NCA လက်မှတ်ရေးထိုးနိုင်ရေးမတိုင်မီ နှစ်ဘက်အပြန်အလှန် ကတိကဝတ်ပြုချက်မပြုနိုင်တဲ့အခြေအနေမှာရှိပါတယ်။

UWSAဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ကဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ အဖွဲ့(၇)ဖွဲ့ကတော့ အထူးဖိတ်ကြားသူတွေအဖြစ် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့ တရုတ်နိုင်ငံကနေတဆင့် နေပြည်တော်ကိုရောက်ရှိနေပြီးဖြစ်ပါတယ်။

UNFCအနေနဲ့ကတော့ ၂၁ရာစုပင်လုံညီလာခံဖိတ်ကြားမှုဟာ တန်းတူဆွေးနွေးခွင့်မရှိတဲ့အနေအထားဖြစ်သလို NCAလက်မှတ်ရေးထိုးရေးမှာလဲ ခိုင်မာ တဲ့သလောတူညီမှုတခုနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ နိုင်ဟံသာက ပြောပါတယ်။

“ပထမအကြိမ် ၂၁ ပင်လုံတုန်းက ကျနော်တို့ကို တရားဝင်ဖြစ်တယ်၊ တန်းတူဆွေးနွေးခွင့်ရှိတဲ့အပေါ်မှာ ကျနော်တို့ တက်ခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာတော့ အဲဒီလိုမဟုတ်ဘူး။ နောက် NCA ကိစ္စအပေါ်မှာလည်း အရင်တုန်းက NRCP အနေနဲ့ဆွေးနွေးလာတယ်။ အခုဆိုရင်လည်း ဆက်ဆွေးနွေးတာပဲ။ သဘောကတော့ ခိုင်မာတဲ့သဘောတူညီမှု တခုနဲ့ အပစ်ရပ်စဲရေးလုပ်ပြီးမှ နိုင်ငံရေးဖြေရှင်းရေးကို တက်လှမ်းသွားဖို့ အဲဒီအပေါ်မှာ ကျနော်တို့ အခိုင်အမာယုံကြည်တယ်။ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်နိုင်ရေးကိုလည်း အဓိက ဇောင်းပေးရမယ်။”

၂၁ရာစုပင်လုံညီလာခံကိုမတက်ရောက်လို့ မြန်မာအစိုးရကနေ တမျိုးတဖုံသဘောထား ရှိနိုင်မလားဆိုတဲ့အပေါ် နိုင်ဟံသာကအခုလိုဆက်ပြောပါတယ်။

“ဒါကအစိုးရအပေါ်မှာ တကယ်လို့ ၂၁ရာစုပင်လုံညီလာခံကိုမတက်လို့ တမျိုးမျိုး သဘောထားမယ်ဆိုရင် ဒါကတော့ မတတ်နိုင်ဘူးလေနော်။ သူတို့ကတော့ အစီအစဉ်ရှိလို့ သူတို့လုပ်သွားတာပါ။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ဆက်လက်ပြီးတော့ ညှိသွားဖို့ လိုလိမ့်မယ်လို့ ကျနော်တို့မြင်တယ်။”

လက်ရှိUNFCအဖွဲ့ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့မွန်ုပြည်သစ်ပါတီ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA ရခိုင်အမျိုးသားကောင်စီ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ တက်ရောက်ခဲ့ ပါတယ်။

UNFC အနေနဲ့ကတော့ပင်လုံမူ၊ ပင်လုံစိတ်ဓါတ် ၊ ပင်လုံကတိကဝတ်နဲ့အညီ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နဲ့အမျိုးသား ပြည်နယ်များကိုအခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ဦး

တည်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို UNFC အနေဖြင့် ကြိုဆိုထောက်ခံ ဝိုင်းရံပံ့ပိုးသွားမယ်လို့လဲ ဒီကနေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။

UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ကဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ UWSA, KIA, SSPP, NDAA, TNLA, AA, MNDAA အဖွဲ့(၇)ဖွဲ့ကတော့ အထူးဖိတ်ကြားသူတွေ အဖြစ် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့ တရုတ် နိုင်ငံကနေတဆင့် နေပြည်တော်ကိုရောက်ရှိနေပြီးဖြစ်ပါတယ်။

UNFC ပင်လုံညီလာခံမတက်
please wait

No media source currently available

0:00 0:03:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG