သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံမှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်း


ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမြို့မှာ ဒီကနေ့မနက်ကျင်းပတဲ့ နှစ်၇၀ပြည့် ပြည်ထောင်စုအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာမှာ ပင်လုံစာချုပ်နဲ့ ပင်လုံရဲ့ ကတိကဝတ်တွေကို အလေးထားအဓိပ္ပါယ်ဖွင့်ဆိုခဲ့သလို ငြိမ်းချမ်းရေးအတွက် ယုံကြည်ချက်ရှိရှိ ပါဝင်ဆောင်ရွက်ဖို့ အဓိက ထားတိုက်တွန်းထားပါတယ်။

ဒီနေ့ အခမ်းအနားမှာပါဝင်တဲ့ တိုင်းရင်းသားလူငယ်တွေနဲ့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာလည်း ပင်လုံကတိကဝတ်နဲ့ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးရေးတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ပင်လုံမြို့ကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

နှစ်၇၀ပြည့် ပြည်ထောင်စုနေ့အခမ်းအနားဟာ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုရာ ပင်လုံမြို့မှာ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးပြန်လည်ကျင်းပတာဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေနဲ့အတူ တက်ရောက် ခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်ရဲ့ အနှစ်သာရကို အခုလို ထည့်သွင်းပြောကြားပါတယ်။

“ စောစောက ဖတ်ပြသွားတဲ့ ပင်လုံစာချုပ်ရဲ့ အချက်အလက်တွေကို လေ့လာမယ်ဆိုရင် တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ သဘောတူညီမှုယူခြင်း ဆိုတဲ့မူတွေအပေါ်မှာ အခြေခံပြီးတော့ ပြည်ထောင်စုကို စတင် ထူထောင်ခဲ့တာဖြစ်ပါ တယ်။”

တိုင်းပြည်ငြိမ်းချမ်းရေး၇ရှိဖို့အတွက်လည်း ယုံကြည်ချက်ရှိရှိပါဝင်စေဖို့ အခုလို ပန့်ကြားပါတယ်။

“ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါနေတဲ့ အစုအဖွဲ့ပုဂ္ဂိုလ်များအားလုံးဟာ ကိုယ့်ကိုယ်ကို ယုံကြည်တယ်၊ ကိုယ်ဟာ ကိုယ့်နိုင်ငံအကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတဲ့ ယုံကြည်ဖို့ဟာ ပထမလိုအပ် ချက်ဖြစ်ပါတယ်။ ဒီလိုယုံကြည်မှုရှိပြီဆိုရင် ငြိမ်းချမ်းရေးညီလာခံမှာ မပါဝင်နိုင်တဲ့သူ တစ်ယောက်မှရှိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းအားဖြင့် ကိုယ်ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်ထောင်စုအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ စေတနာရှိတယ်၊ လုပ်ပေးနိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာကို ယုံကြည်သောအားဖြင့် ကျွန်မတို့ရဲ့ (၂၁)ရာစုပင်လုံညီလာခံမှာ အားလုံးပဲ ပါဝင်ကြပါလို့ ကျွန်မအနေနဲ့ ဆော်သြချင်ပါ တယ်။”

ဒေါ်အောင်ဆန်းစုကြည်ဒီကနေ့ ပြောဆိုတဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေး၇ယူရေးအတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီး ၂၁ရာစု ပင်လုံညီလာခံမှာ ပါဝင်ရေးကို အဓိက တိုက်တွန်းထားပါတယ်။

ဒီနေ့ အခမ်းအနားမှာပါဝင်တဲ့ တိုင်းရင်းသားလူငယ်တွေနဲ့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပင်လုံကတိကဝတ် အပေါ် အခုလို အဓိပ္ပါယ်ဖွင့်ဆို ပြောဆိုပါတယ်။

“တိုင်ပင်ဆွေးနွေးအဖြေရှာမယ်ဆိုတာ ပင်လုံရဲ့ အဓိက ကတိကဝတ်ဖြစ်ပါတယ်၊ ဒီတော့ ကျမတို့ရဲ့ တိုင်ပင်ဆွေးနွေးအဖြေရှာနိုင်တဲ့ အဆင့်ကို မရောက်ဘူးဆိုရင်တော့ ဒါ ပင်လုံစာချုပ်ဟာ စကားပဲရှိတယ် အပြုအမှုမရှိဘူးလို့ပြောလို့ရပါတယ်။ အခုဆိုရင်ကျမတို့ တိုင်ပင်ဆွေးနွေးအဖြေရှာဖို့အတွက် ညီလာခံကြီးကို အားလုံးကို ဖိတ်ခေါ်နေတာပါ။ ညီလာခံအတွင်းမှာ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ အဖြေရှာမယ်။”

ပင်လုံစာချုပ်ပါကတိကဝတ်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ၂၁ရာစုပင်လုံညီလာခံဆိုတဲ့ နိုင်ငံရေးမူဘောင်တခု ချမှတ်ကျင်းပတာဖြစ်ပြီး ဒီမှာ ပါဝင်ဆွေးနွေးပြီး အပေးအယူပြုဖို့အကြောင်း အခုလို ပြောပါတယ်။

“အဲဒါကြောင့် ဒီဘောင်ထဲမှာ ဝင်ကြပါ၊ ဝင်ပြီးတော့ ဆွေးနွေးပါ တိုင်ပင်ပါ၊ လိုချင်တာကိုတောင်းပါ။ ဒါပေမယ့် လိုချင်တာတောင်းပေမယ့် ငါတို့လိုချင်တာ ၁၀၀ ရာခိုင်နှှုန်းရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆိုရင်တော့ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။”

နိုင်ငံရေးအရ အပေးအယူလုပ်တာဟာ မိမိအတွက် မဟုတ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ကျမ ခဏခဏပြောတယ် အပေးအယူဆိုတာ ငါကတော့ ယူမယ်၊ ခင်ဗျားကတော့ ပေးမယ်၊ အဲလိုမဟုတ်ဘူး ကျနော်ကယူမယ် ခင်ဗျားကပေး အဲလိုမဟုတ်ဘူး။ ကျနော်လည်းပေးမယ် ခင်ဗျားလည်းပေး တယောက်နဲ့တယောက် အပေးအယူဆိုတာ လုပ်ရမယ်၊ နောက်ဆုံးဘယ်သူ့အတွက်လည်း ကိုယ့်အတွက်လည်းမဟုတ်ဘူး သူ့အတွက်လည်းမဟုတ်ဘူး ပြည်ထောင်စုအတွက်။”

အခမ်းအနားကိုတက်ရောက်လာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က နာယက ဗိုလ်မှုးကြီး ခွန်ဥက္ကာကတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုတဲ့ မိန့်ခွန်းအပေါ်မှာ အခုလို သုံး သပ်ပြောဆိုပါတယ်။

“သူ့မိန့်ခွန်းကတော့ အသစ်တော့မဟုတ်ပါဘူး မူဟောင်းပါပဲ၊ ဒါပေမယ့် တခုပဲရှိတာက ၇၀ ပြည့်နှစ် သူ့အဖေခြေရာနင်းတဲ့အနေနဲ့ အဖေတုန်းက စာချုပ်ချုပ်ဖို့ ကျနော်တို့လိုက်ရတာပေါ့နော် အခုကျတော့ သူ့အနေနဲ့ အဖေခြေရာနင်းပြီးတော့ ဒီပြည်ထောင်စုနေ့ ပြည်ထောင်စုပွဲမှာပဲ နောက်ထပ် ငြိမ်းချမ်းရေးအပါအဝင်ပေါ့ဗျာ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဆုံးဖြတ်ချက်မျိုး အခိုင်အမာရသွားရင်တော့ သမိုင်းမှာကျန်မှာပေါ့။”

ဒီကနေ့ ပြည်ထောင်စုနေ့ အခမ်းအနားကို မနက် ၁၀နာရီလောက်မှာ စတင်ကျင်းပပြီး နေ့ခင်း ၁နာရီလောက်မှာ ပြီးဆုံးပါတယ်။ အခမ်းအနားကို အရပ်ဖက် ၊ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရှမ်းပြည်နယ်အခြေပြု နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ကျောင်းသားလူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတွေ ထောင်နဲ့ချီပါဝင်တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG