သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလုံ အစည်းဝေးခေါ်ဖို့ နိုင်ငံရေးပါတီတချို့ တောင်းဆို


အရပ်သား အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေကြောင့် နိုင်ငံရေး အကြပ်အတည်း ပိုပြီး ကြီးမားသွားနိုင်တာကြောင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အမြန်ဆုံး ခေါ်ဖို့ နိုင်ငံရေး ပါတီ တချို့က တောင်းဆိုပါတယ်။ နိုင်ငံ အနောက်ပိုင်းက အကြမ်းဖက်မှုတွေ၊ အရှေ့ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ အပါအဝင် နိုင်ငံတွင်း အကြပ်အတည်းတွေကတော့ ကာလုံ အစည်းအဝေး ခေါ်ပြီး ဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါသလား ဆိုတာကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ၊ နောက် ရန်ကုန်မြို့က ဖောက်ခွဲမှုတွေ၊ ဆင်းရဲမွဲတေမှုတွေဟာ နိုင်ငံတော်ရဲ့ အထွေထွေ အကြပ်အတည်းတွေ ဖြစ်လာပြီမို့ ဒီအရေးကို ကိုင်တွယ်ဖို့ အတွက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို အမြန်ဆုံး ခေါ်ယူပါလို့ နိုင်ငံရေး ပါတီ ၁၃ ခုက ပူးတွဲ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ တောင်းဆိုချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ပါတီရဲ့ ဥက္ကဌ ဦးသိန်းညွန့်ကတော့ အခုလို ပြောပါတယ်။

“တိုင်းပြည်က အထွေထွေအကြပ်အတည်း ဖြစ်နေပြီ။ ရခိုင်မှာ ကျနော်တို့နယ်မြေ စိုးမိုးနိုင်တဲ့အထိ အချုပ်အခြာအာဏာကို ထိပါးတော့မယ်။ အဲဒီလိုပဲ အရှေ့မြောက်မှာလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိပါးနေပြီ။ ရန်ကုန်မြို့တော်ကြီးမှာလည်း ပေါက်ကွဲမှုတွေဖြစ်နေပြီ။ ဒီလို အထွေထွေအကြပ်အတည်းအချိန်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၀၁ မှာ ပြဌာန်းထားတယ်။ ၂၀၀ မှာ အစိုးရအဖွဲ့အစည်းဖွဲ့စည်းရေးကို ပြဌာန်းထားတယ်။ အဲဒီတော့ တိုင်းပြည်ရဲ့ အထွေထွေအကြပ်အတည်းကာလမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ သူ့တာဝန်ကို ထမ်းရမှာဖြစ်တဲ့အတွက် ဒါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာပါ။”

ရခိုင်ပြည်နယ် မောင်တော ဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေမှာ မြန်မာ့ တပ်မတော်က ထဲထဲဝင်ဝင် ပါဝင်တိုက်ခိုက်နေသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးကိစ္စကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေဟာ ကာလုံ အစည်းအဝေး မခေါ်တာကြောင့် အကန့်အသတ်နဲ့ ဖြစ်နေရတယ်လို့လည်း အမျိုးသား ဒီမိုကရေစီ ပါတီသစ်ပါတီရဲ့ ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

“တပ်မတော်ကလူတွေဟာ အခြေခံဥပဒေနဲ့ ပတ်သက်ရင် သူတို့ဟာ ကာကွယ်ရမယ့်တာဝန်ရှိတဲ့အတွက် သူတို့တွေဟာ အင်မတန်လေးစားလိုက်နာတယ်။ အခုအချိန်တပ်မတော် က ရခိုင်ကိစ္စနဲ့ ရှမ်းပြည်ကိစ္စတွေမှာ သူတို့က အကန့်အသတ်နဲ့ လုပ်နေရတယ်ဆိုတာ ပြောတဲ့ဟာက သူတို့ဘက်က လုပ်သင့်လုပ်ထိုက်တဲ့အရာကို ကာလုံအစည်းအဝေးမခေါ်သေးတဲ့ အတွက် သူတို့ လုပ်လို့မရတာ ဖြစ်နေတယ်။”

နိုင်ငံအရေးကို ကိုင်တွယ်ဖို့ ကာလုံ အစည်းအဝေး ခေါ်ယူဖို့ ဆိုတာကိုတော့ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ အခုလို တုံ့ပြန်ပါတယ်။

“အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေ ကြားမှာ တွေ့ဆုံဆွေးနွေးဖို့က ပိုပြီးတော့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးဖြစ်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေး ပါတီတွေအနေနဲ့ အကြံ ဉာဏ်ပေးတာ ၊ သဘောထားပေးတာ ၊ ဝေဖန်တာ ၊ ထောက်ပြတယ်ဆိုတာ ကျနော့်အမြင်အားဖြင့် ဒီမိုကရေစီနိုင်ငံရေးမှာ ကောင်းတဲ့လက္ခဏာလို့ ကျနော်ကတော့ မြင်ပါတယ်။ ဒါပေမယ့် အဲလို လုပ်ဆောင်ချက်တွေဟာ ၊ အဲဒီလို သုံးသပ်ချက်တွေဟာ ကြောင်းကျိုးဆီလျော်မှုရှိဖို့တော့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ နိုင်ငံရေး အကျိုးစီးပွား၊ ကိုယ်ကျိုးစီးပွား အပါအဝင်ပေါ့လေ အကျိုးစီးပွားအရပ်ရပ်နဲ့ စပ်ဆက်ပြီးတော့ နိုင်ငံရေးအရ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ ပုံစံမျိုးဖြစ်မယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရေးအရ အင်မတန်မှ မလုပ်သင့်မလုပ်ထိုက်တဲ့ ခြေလှမ်းတခုလို့ ကျနော်သုံးသပ်ပါတယ်။”

ကာလုံ အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုတဲ့ နိုင်ငံရေး ပါတီတွေ ဘက်ကတော့ ကာလုံအစည်းအဝေး အမြန်ဆုံးခေါ်ယူပြီး ဘယ်လို ဆောင်ရွက်ချက်တွေ ဆောင်ရွက်စေချင်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။ ဒီကိစ္စကို ကာလုံမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ကာလုံ အစည်းအဝေး ခေါ်ယူဖို့ လက်မှတ်ထိုး တောင်းဆိုထားတဲ့ နိုင်ငံရေး ပါတီတွေထဲမှာတော့ အရင် စစ်အစိုးရအဖွဲ့ဝင်တွေ အများစု ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ စစ်အစိုးရ မတိုင်မီက အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ အပြင် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကာလ၊ နောက် ၂၀၁၅ ရွေးကောက်ပွဲ ကာလတို့မှာ အသစ်ဖွဲ့စည်းခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေလည်း ပါဝင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG