သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အချုပ်အခြာပိုင်မှုခြိမ်းခြောက်ရင် နျူကလီးယားလက်နက်သုံးမည်" ရုရှားသမ္မတ


ရုရှားသမ္မတပူတင်က Rossiya Segodnya မီဒီယာဒါရိုက်တာချုပ် ဒီမီထရီ ကစ်ဆလ်ရော့ဗ် နီဲ အင်တာဗျူး။ (မတ်လ ၁၂၊ ၂၀၂၄)
ရုရှားသမ္မတပူတင်က Rossiya Segodnya မီဒီယာဒါရိုက်တာချုပ် ဒီမီထရီ ကစ်ဆလ်ရော့ဗ် နီဲ အင်တာဗျူး။ (မတ်လ ၁၂၊ ၂၀၂၄)

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က နိုင်ငံရဲ့အချုပ်အခြာအာဏာ ဒါမှမဟုတ် လွတ်လပ်ရေးကို ခြိမ်းခြောက်ခံရရင် နျူကလီးယားလက်နက် အသုံးပြုဖို့ ပြင်ဆင်ထားကြောင်း ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းစစ်မြေပြင်မှာတိုက်ခိုက်ဖို့ တပ်ဖွဲ့တွေစေလွှတ်လာရင်လည်း ပဋိပက္ခက ပိုကြီးလာဖို့ရှိတယ်လို့ ထပ်မံသတိပေးကြောင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား မေးမြန်းခန်းမှာ ရုရှားသမ္မတပူတင်က ပြောပါတယ်။

ပူတင်ရဲ့မှတ်ချက်စကားဟာ ယူကရိန်းက ရုရှား သိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ရည်ရွယ်ပြီး “ရုရှားနိုင်ငံ တည်ရှိမှု၊ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ရင် နျူကလီးယားလက်နက် အသုံးပြုဖို့ အဆင်သင့်ပဲလို့ အနောက်နိုင်ငံတွေကို သတိပေးတာ ဖြစ်ပါတယ်။ “ကျနော်တို့ရဲ့ နည်းဗျူဟာမှာ ဒါတွေ ထည့်သွင်းထားပြီး ဒါက ပြောင်းလဲမှု မရှိဘူး” လို့ ပူတင်က ဆိုပါတယ်။ သူ့ရဲ့အင်တာဗျူးထဲမှာ ယူကရိန်းကိုထောက်ခံတဲ့ နေတိုးမဟာမိတ်တွေကို ထင်ထင်ရှားရှား ရည်ညွှန်းပြီး ပြောကြားချက်အဖြစ် “ရုရှားနဲ့ပတ်သက်ပြီး သည်းခံနိုင်တဲ့အတိုင်းအတာ ကန့်သတ်ထားတဲ့အနီရောင်မျဉ်းတွေမရှိဘူးလို့ ပြောနေတဲ့ နိုင်ငံတွေကိုလည်း ရုရှားက အလားတူ အနီလိုင်းကန့်သတ်ချက်မရှိဘူးဆိုတာ သဘောပေါက်သင့်တယ်” လို့လည်း ပူတင်က ကြေညာပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်ဖို့မရှိကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန် (Emmanuel Macron) ကတော့ သိပ်မကြာသေးခင်တုန်းက ယူကရိန်းစစ်ပွဲက လတ်တလောမှာ အဆုံးသတ်နိုင်ဖွယ်မရှိ ဖြစ်နေလို့ ဒီပဋိပက္ခမှာ အနောက်မဟာမိတ်အုပ်စု တပ်တွေ ပါဝင်လာနိုင်ခြေကို လုံးလုံးပယ်ချဖို့ ငြင်းဆိုထားခဲ့ဖူးပါတယ်။

ဗုဒ္ဓဟူးနေ့က ပူတင် အင်တာဗျူးထဲမှာတော့ နှစ်နှစ်ကျော်ကြာလာနေပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲ အတွင်း နျူကလီးယားလက်နက် အသုံးပြုဖို့ မလိုကြောင်းနဲ့ ကမ္ဘာကြီးဟာ နျူကလီးယား ထိပ်တိုက်တွေ့မှုဆီသို့ ဦးတည်သွားနေတယ်လို့ မထင်ကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာလည်း နျူကလီးယားစစ်ပွဲရဲ့အန္တရာယ်ကိုနားလည်တဲ့ ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တယ်လို့လည်း ပူတင်က အင်တာဗျူးထဲမှာ ဖြေသွားပါတယ်။

ဒါပေမဲ့ ပူတင်အနေနဲ့ နောက်ထပ် ခြောက်နှစ်သက်တမ်း အာဏာဆုပ်ကိုင်နိုင်ဖို့ သေချာနေတဲ့ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ အခုလို နျူကလီးယားလက်နက်ကိစ္စ တကျော့ပြန် ပြောလာပြီး ပြတ်ပြတ်သားသား သတိပေးပြောလာတာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အလုံးစုံကျူးကျော်ခဲ့ပြီးနောက်မှာ နျူကလီးယား လက်နက်အသုံးပြုဖို့ အဆင်သင့်ပဲလို့ ရုရှားခေါင်းဆောင်က အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးတာပါ။ အရင်လကတင် ပူတင်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ယူကရိန်းစစ်ပွဲမှာ အနောက်နိုင်ငံတွေ ထဲထဲဝင်ပါလာရင် နျူကလီးယားစစ်ပွဲ အန္တရာယ် ကြုံရဖွယ်ရှိတယ်လို့ သတိပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ အမေရိကန်မှာ “ရုရှား-အမေရိကန် ဆက်ဆံရေးနယ်ပယ်နဲ့ ဗျူဟာမြောက် ထိန်းချုပ်မှုနယ်ပယ်တွေမှာ အထူးကျွမ်းကျင်သူတွေ လုံလုံလောက်လောက် ရှိနေလို့ အလျင်စလို နျူကလီးယားစစ်ပွဲအထိ ထိပ်တိုက်တွေ့ဖွယ် မရှိဘူး” လို့ ရုရှားသမ္မတပူတင်က သုံးသပ်ပါတယ်။ ဒါပေမဲ့ဖြစ်လာရင်လည်း ရုရှားအနေနဲ့ “အဆင်သင့်ပဲ” လို့ ပူတင်က သတိပေးပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Adrienne Watson ကတော့ “ယူကရိန်း ပဋိပက္ခတလျှောက်လုံး ရုရှားဟာ နျူကလီးယားနဲ့ပတ်သက်တဲ့ စကားလုံးတွေကို မဆင်မခြင်နဲ့ တာဝန်မဲ့ ပြောဆိုနေတယ်” လို့ တုံ့ပြန်ပါတယ်။ ယူကရိန်းကို ရန်စပြီး အကြောင်းပြချက်မရှိဘဲ ရက်ရက်စက်စက် ကျူးကျော်ဝင်ရောက်ခဲ့တာက ရုရှားသာဖြစ်ပြီး မိမိရဲ့ နိုင်ငံပိုင်နက်နဲ့ အချုပ်အခြာအာဏာကို ရုရှားကျူးကျော်မှုကနေ ခုခံကာကွယ်နေရတဲ့ယူကရိန်းကို အမေရိကန်အနေနဲ့ ဆက်လက် ထောက်ခံကူညီသွားမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG