သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလစွပ်စွဲချက် မခိုင်လုံ


ကုလသမဂ္ဂ အစီရင်ခံစာတွေမှာ ဖော်ပြသလို ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆို တဲ့ စွပ်စွဲချက်တွေဟာ မခိုင်လုံဘူးလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောတိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် တဦးက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်နယ်စပ်ကို စတုတ္ထအကြိမ်မြောက် သွားရောက်ပြီး မြေပြင်အခြေအနေတွေကို ငါးရက်ကြာ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ဒီကနေ့ (အင်္ဂါနေ့) မှာပဲ ရန်ကုန်ကို ပြန်ရောက်လာတဲ့ ကော်မရှင်အဖွဲ့ဝင်တဦးက အဲဒီလိုပြောတာပါ။ ဒီကော်မရှင်ထဲကပဲ ဦးဇော်မြင့်ဖေ ဦးဆောင်တဲ့ အဖွဲ့ဝင်တချို့ကတော့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ် နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမြင့်မြင့်ခိုင်က သတင်းပေးပို့ထားပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တချို့ ဟာ မောင်တော၊ ဘူးသီးတောင်ဒေသဘက်ကို မတ်လ ၁၆ ရက်နေ့ထဲကသွားပြီး အခြေအနေတွေကို ကွင်းဆင်းလေ့လာခဲ့တာပါ။ သူတို့ရဲ့လေ့လာချက်တွေအရ တွေ့ရှိတာအပေါ် ခရီးစဉ်မှာပါသွားတဲ့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်နိုင်က အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ မြေပြင်မှာရှိတဲ့ အမှန်တရားကိုပဲ ကျနော်တို့ သွားပြီးတော့ ကြည့်ပြီးတော့ ဖော်ထုတ်တာပဲဖြစ်ပါတယ်။ ကျနော်တို့လက်ရှိ မြေပြင်အခြေအနေမှာတော့ သူတို့တင်ပြထားသလို Rape လုပ်တာတွေ ၊ ကလေးတွေ သတ်တာတွေ အဲဒါတွေ မရှိဘူးဆိုတာလည်း တွေ့ရတယ်။ ပြီးတော့ Discrimination လုပ်တာတွေ မရှိပဲနဲ့ သူတို့ကို ကူညီတဲ့အဖွဲ့တွေလည်း ကူညီခွင့်ရတယ်။ အစိုးရဘက်က ပြည်နယ်အစိုးရလည်း ထောက်ပံ့ကူညီမှုတွေ လုပ်ပေးနေတယ်။ ကျနော်တို့လိုအဖွဲ့တွေကလည်း သွားပြီးတော့ counter check တွေ recheck တွေလုပ်ပြီးတော့ သူတို့ခံစားခွင့် တကယ်ရတယ်၊ မရဘူးဆိုတာကိုလည်း အတည်ပြုပြီးတော့ ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲဒါကြောင့် အစီရင်ခံစာမှာ ပါတဲ့အချက်တွေဟာ မှန်ကန်ခြင်းရှိတယ်ဆိုတာကို ကျနော်တို့အနေနဲ့ကတော့ မမြင်ပါဘူးခင်ဗျ။ ကျနော်တို့ကတော့ လက်တွေ့မျက်မြင်အခြေအနေမှာ သူတို့တွေသည် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိနေတယ်၊ ဆိုတာကိုတော့တွေ့ခဲ့ရတယ်။ တခုရှိတာက သူတို့က သူတို့ဆီမှာရှိနေတဲ့အခက်အခဲ ၊ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ သူတို့လိုအပ်ချက်တွေကို ကျနော်တို့ဆီမတင်ပြဘူး။ အဲဒီလိုမတင်ပြပဲနဲ့ အခြားမီဒီယာတွေကို တလွဲတင်ပြတာတွေရှိတယ်။ ကျနော်ဒါကြောင့် အခုလည်း မှာခဲ့ပါတယ်၊ ကျနော်တို့တွေက ဗိုက်နာနေတယ်ဆိုတာကို သိမှ ဗိုက်နာပျောက်အောင် ကုသခွင့်ရမှာပါ။”

ဒီကော်မရှင်ဟာ ဘယ်သူ့ရဲ့ သြဇာလွှမ်းမိုးမှုမှမပါဘဲ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်နိုင်ကပြောပါတယ်။

“ ကျနေ်ာတို့ကေ်ာမရှင်က လွတ်လပ်တဲ့ ကော်မရှင်ဖြစ်တယ်လို့ ကျနော်က ရဲရဲတင်းတင်းပြောရဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ စဉ်းစားတာတွေ ကျနေ်ာတို့မေးတာတွေ ၊ ကျနော်တို့ တွေးတာတွေအားလုံးက very independent ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်သူ့လမ်းညွှန်ချက်နဲ့မှ ကျနော်တို့လုပ်တာတွေမဟုတ်ဘူး ကျနော်တို့ very independent ပါ။ ကျနော်တို့ independent ဖြစ်တဲ့အတွက် တယောက်ယောက်ကများ လွှမ်းမိုးနေသလားလို့ ယူဆစရာရှိတယ်။ ဘယ်သူကမှာ ဘာလုပ်ပါ၊ ဘယ်လိုစိစစ်ပါ၊ ဘယ်လိုတွေးပါဆိုပြီး မပြောပါဘူး။ ဒုသမ္မတထက်ကြီးတာဆိုရင် သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပဲရှိတယ်။ သူတို့ ကိုယ်တိုင်က ကျနော်တို့ကို Guideline မပေးဘူး ၊ ဘယ်လိုလုပ်ဆိုတာတွေမပေးဘူး။ လွတ်လွတ်လပ်လပ် independently လေ့လာပါ။ တွေ့ရှိချက်ကို အရှိအတိုင်းတင်ပါ။ ကျနော်တို့ ရဲရဲတင်းတင်းတွေ့ရှိချက်တွေကို အရှိအတိုင်းတင်ပါတယ်။”

ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေ ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဝင်တချို့ဟာလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းနေပါတယ်။ အဲဒီလိုတွေ့ဆုံမေးမြန်းတာမှာ ဒုက္ခ သည်တချို့က မျက်နှာဖော်ပြီးဖြေဆိုဖို့ ငြင်းကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အစိုးရတာဝန်ရှိသူ ပြောဆိုတာကို ကိုးကား ပြီး ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချူပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိုက်တွန်းထားသလို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေးမှာလဲ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ ပြောဆိုတာတွေရှိခဲ့ပေမဲ့ မြန်မာအစိုးရဘက်ကတော့ ငြင်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံမေးမြန်းနေတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေကတော့ နောက်ထပ် နှစ်ရက်အတွင်း ခရီးစဉ်အဆုံးသတ်မှာဖြစ်ပြီး အခုခရီးစဉ်တွေအတွင်း လေ့လာတွေ့ရှိချက်တွေကို မကြာခင်ရက်ပိုင်းမှာပဲ အစီရင်ခံစာ ထုတ်ပြန် သွားဖို့ ရှိပါတယ်။

XS
SM
MD
LG