သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်လုံခြုံရေးကြောင့် ရခိုင်လွှတ်တော်မှာ အရေးတကြီးအဆိုတင်သွင်းဖို့ ပြင်ဆင်


ရခိုင်လွှတ်တော် ပုံမှန် အစည်းဝေးပွဲ
ရခိုင်လွှတ်တော် ပုံမှန် အစည်းဝေးပွဲ

ရခိုင်ပြည်နယ် မောင်တောမြို့ လုံခြုံရေးစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒေသတွင်းလုံုခြုံတည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေးတကြီးအဆိုအဖြစ် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ လက်နက်ကိုင်လုံခြုံရေးတပ်တွေ အသက်ဆုံးရှုံးတဲ့အထိ အကြမ်းဖက်တိုက်ခိုက်ခံရတာကြောင့်၊ ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ထိရောက်တဲ့ လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဆောင်ရွက်ဖို့ မောင်တောမြို့ခံနိုင်ငံရေးပါတီတွေနဲ့ ရခိုင်အမျိုးသားအရေးလှုပ်ရှားသူတွေက ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို တောင်းဆိုနေပါတယ်။ စုံစမ်းမေးမြန်းထားတာတွေကို မဆုမွန်က တင်ပြပေးပါမယ် ။

အောက်တိုဘာလ ၉ရက်နေ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းတုန်းက ရခိုင်ပြည်နယ် မောင်တောခရိုင်၊ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှု နယ်မြေအတွင်းက ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရ နယ်မြေစခန်းတွေကို လူအုပ်စုနဲ့ အကြမ်းဖက် စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် ကာကင်း တပ်ဖွဲ့ဝင် အရာရှိ (၁) ဦးအပါအဝင် အခြား အဆင့် (၈) ဦး အပါအဝင် စုစုပေါင်း (၉) ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အရာရှိ (၁) ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုလို ဒေသတွင်းလုံခြုံရေး တာဝန်ယူထားတဲ့တပ်ဖွဲ့ဝင်တွေကို အင်အားသုံးတိုက်ခိုက်ခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေမှာလည်း ထိတ်လန့်နေကြပြီး ဒေသတွင်း လုံခြုံရေးတည်ငြိမ်ရေးအပေါ် စိုးရိမ်မှုတွေရှိနေတဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဘက်ကမကြာခင်ပြန်စတင်မယ့်ရခိုင်လွှတ်တော်မှာ အရေးတကြီး ဆွေးနွေးတင်ပြသွားဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဘူးသီးတောင်မြို့နယ် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ရခိုင်ပြည်နယ် နယ်စပ်ဒေသတလျှောက်မှာ အရေးကြီးတဲ့ အခြေအနေတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လွှတ်တော်မှာ ဆွေးနွေးသွားမယ်။ လွှတ်တော်မှာ အဆိုတင်ပြီးတော့ လုံခြုံရေးအတွက်ကို ထိထိရောက်ရောက်နဲ့ တရားဥပဒေစိုးမိုးအောင်ဆောင်ရွက်ဖို့အတွက်ကို တင်ပြသွားမယ်ဆိုတာကို ကျနော်စိတ်ကူးထားပါတယ်။”

မောင်တောဒေသခံလည်းဖြစ် မောင်တောမြို့နယ် ANP ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက မောင်တောမြို့တွင်း လက်ရှိလုံခြုံရေးအခြေအနေကို အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ မောင်တောမှာညမထွက်ရအမိန့်ထုတ်ထားတယ်လေ။ ည ၇ နာရီကနေ မနက် ၆ နာရီအထိပါ။ ပြည်သူတွေအနေနဲ့ကတော့ တအား စိုးရိမ်သောကတွေဖြစ်ရပါတယ်။ အခုက မြို့ပေါ်ကိုတော့ မြို့နယ်ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတယ်။ နယ်တွေမှာတော့ ကျနော်တို့ နယ်ခြားစောင့်ရယ် စစ်တပ်နဲ့ လုံခြုံရေးအဆင်သင့်ယူထားတဲ့သဘော ရှိတယ်။ ဒီမောင်တောမြို့မှာက တိုင်းရင်းသာတွေအားလုံးအပါအဝင် ၅ သောင်းလောက်ရှိတယ်။ ဒီလို ခက်ခဲမှုတွေက နောက်ထပ်လည်းရှိလာနိုင်ပါတယ်။ ဒီထက်ပိုပြီးဆိုးလာမယ့်အနေအထားရှိတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျာ။”

အခုလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသတွင်း လုံခြုံရေးစိုးရိမ်စရာအနေအထားဖြစ်လာလို့ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ပိုပြီးတော့မှ စနစ်တကျ ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ကိုလည်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကလည်း ပြောပါတယ်။

“ကျနော်တို့ အစိုးရိမ်ဆုံးအချက်ကတော့ ဘာလဲဆိုတော့ အရပ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်လာမှာကို စိုးရိမ်တယ် ။ အဲဒီအချက်အပေါ်မှာ ကျနော်တို့ အစိုးရအနေနဲ့ တာဝန် ယူမှု တာဝန်ခံမှုရှိအောင်ဖြေရှင်းဆောင်ရွက် ဖို့ လိုတယ်။ နောက်ပြီးတော့ ၂ နိုင်ငံ နယ်စပ် ဖြတ်ကျော်လာတဲ့ ပြဿနာတွေဖြစ်တဲ့အတွက် ဒီကိစ္စကို သံတမန်ရေးအရလည်း ချဉ်းကပ်ပြီးတော့ အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တဘက်မှာလည်း နိုင်ငံတကာကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြဿနာတွေမကဘူး ဒါဟာ ကျနော်တို့ အရပ်ဘက် ပစ်မှတ်တွေကိုလည်း တိုက်ခိုက်လာနိုင်တဲ့ကိစ္စဖြစ်တယ်။ ကျနော်တို့ ဒေသ တည်ငြိမ်လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ကိစ္စဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို သဘောပေါက်နားလည်အောင် ရှင်းပြထားသင့်တယ်လို့ ကျနော်နားလည်တယ်။”

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သာမက ရခိုင်ဒေသတွင်းက နယ်စပ်လမ်းကြောင်းတွေမှာပါ လုံခြုံရေး တင်းကျပ်ထားပြီး အကြမ်းဖက်တိုက်ခိုက်သူတွေ ယူသွားတဲ့ လက်နက်ခဲယမ်းတွေပြန်လည်ရရှိရေး၊ ပြစ်မှုကျူးလွန်သွားသူတွေကို အမြန်ဆုံး ဖမ်းဆီးရမိ အရေးယူနိုင်ရေး၊ ရခိုင်ပြည်နယ်တွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်းတွေနဲ့ ရဲလုံခြုံရေးတွေ ပူးပေါင်းပြီးတော့ နယ်မြေ ရှင်းလင်းတာကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ် ရဲချုပ်အပါအဝင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး နဲ့ပြည်သူ့အင်အား၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနဲ့ယဉ်ကျေးမှု အပါအဝင် ဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က သတင်းစာရှင်းလင်းပြီး ပြည်သူကိုပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG