သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ အမေရိကန်မှာ အခြေချနိုင်မှု အလားအလာ


ကရင်ဒုက္ခသည်များ
ကရင်ဒုက္ခသည်များ

သမ္မတထရမ့်ရဲ့ အမိန့်အရ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ လာရောက် အခြေချခွင့်ကို ယာယီဆိုင်းငံ့ထားတဲ့အတွက် ထိုင်းနဲ့ မလေးရှားတို့မှာ စောင့်ဆိုင်းနေကြတဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေဟာ မရေမရာဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မြန်မာဒုက္ခသည်တွေ အများစုနေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့အခြေစိုက် မြန်မာဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမြင့်ကို ဦးသားညွန့်ဦးက မေးမြန်းရာမှာ သူက အခုလို စ ဖြေပါတယ်။

ကျနော်ကြားရသလောက်ပေါ့ဗျာ ကျနော်နေတာကလည်း ဖို့ဝိန်းဗျ။ ဖို့ဝိန်းဆိုတာကလည်း မြန်မာပြည်သား ဒုက္ခသည်တွေ တော်တော်များများ စု နေတဲ့ နေရာဗျ။ နောက်တခုက ကျနော်ကိုယ်တိုင်လည်း ဒုက္ခသည်တွေကိစ္စမှာ လိုက်ပြီးတော့ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီနေတဲ့သူဆိုတော့ သူတို့ဆီကတဆင့် ပြောတာ ကြားရတာတွေပေါ့။ အဲဒါတွေရှိတယ်။ ဒါပေမဲ့လို့ အချက်အလက်တွေကတော့ အမှန်တွေပါ။ ဥပမာပေါ့ဗျာ - မိသားစုတစုဆိုရင် ဒီကို သူ့အမေရော၊ အဖေရော၊ အမ နှစ်ယောက်ရဲ့မိသားစုတွေရော အကုန်ရောက်နေပြီ။ ဟိုမှာ မောင်က ကျန်ခဲ့တယ်ဗျ။ အဲဒီမောင်လေးက မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်နဲ့ ဒီကို လာဖို့အတွက် လုပ်ငန်းစဉ်က အကုန်ပြီးသွားပြီ။ သူက လာဖို့အတွက် လေယာဉ်စီးရမယ့်ရက်ကလည်း ကျပြီ။ အဲဒီအချိန်ကျတော့မှ သမ္မတ ထရမ့် ကနေပြီးတော့ ခုနကိစ္စကို လက်မှတ်ထိုးလိုက်တော့ ပိတ်သွားတယ်ဗျ။ ဒီကို ပြန်လာလို့ မရဘူး။ ဒါပေမဲ့လို့ သူ့အမဆီကနေ ထပ်ပြီး ကြားရတာက သူတို့ရဲ့အမိန့်က ပြန်ပြီးတော့ ပျက်ပြယ်သွားတဲ့အတွက် လုပ်ငန်းစဉ်က ပြန်တော့ စ လိမ့်မယ်။ ဒါပေမဲ့ ကြာမယ်ပေါ့ဗျာ။ ဘယ်လောက်ကြာဦးမယ်မှန်းတော့ မသိဘူးတဲ့။ အဲဒီအတွက် သူတို့မှာလည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်တယ်ပေါ့ဗျာ။ အဲ့လောက်ကြားတယ်။

ဦးသားညွန့်ဦး - အခုက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတအမိန့်ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဒုက္ခသည်တွေ တော်တော်များများလည်း ဝင်လို့ မရတော့ဘူး။ ရပ်ဆိုင်းသွားတဲ့အနေအထားမျိုး ဖြစ်နေတဲ့အခါကျတော့ အခု ကိုမျိုးမြင့် နေနေတဲ့ အသိုင်းအဝိုင်းနားမှာလည်း ဒုက္ခသည်အများအပြားရှိတော့ မြန်မာဒုက္ခသည်တွေရဲ့ စိုးရိမ်မှုရော အခြေအနေ ဘယ်လိုရှိလဲဗျ။ ဒီအမိန့်ကြေညာချက်နဲ့ ပတ်သက်လို့။

ဦးမျိုးမြင့် - အဓိကကတော့ဗျာ မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်နဲ့ မိသားစုတွေပေါ့ ဘာလို့လဲဆိုတော့ သူတို့က ဒုက္ခသည်က အရင်တုန်းကလို အုပ်စုနဲ့ ပို့တာမရှိတော့ဘူး။ အခုဥစ္စာက အခုနလို မိသားစုပြန်လည်ပေါင်းစည်းရေးလို ဟာမျိုးတွေအတွက်ပဲ ပို့တာ။ ပို့တာ မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက်တော့ သူတို့ရဲ့ ကျန်ခဲ့တဲ့ ဆွေတွေမျိုးတွေ ရောက်လာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ နေ နေတာဗျ။ အခု ဒီအမိန့်လည်း ထုတ်လည်းထုတ်လိုက်ရော တချို့လည်း ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။ တချို့ ဥပမာ - ကျနော် ခုနကပြောသလိုပေါ့ဗျာ။ ထွက်ခွာရမယ့် ရက် ရပြီးသားလူတောင် ရပ်ပစ်လိုက်တယ်ဆိုတော့ ငါတို့ ဟိုမှာ ကျန်ခဲ့တဲ့သူတွေ လုပ်ငန်းစဉ်ထဲမှာတောင် မဝင်သေးဘူး။ ဘယ်လိုဖြစ်မလဲဆိုပြီး တော်တော်လေးကို စိုးရိမ်ပူပန်မှုတွေ ကြီးလာတယ်။

ဦးသားညွန့်ဦး - အဲတော့ လက်ရှိ ဒုက္ခသည်အဖြစ်နဲ့ နေနေရတဲ့ အခြေအနေမှာရော သမ္မတဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးကန့်သတ်မှုတွေက တဖြေးဖြေး ပြင်းထန်လာတဲ့အခါကျ ဒီအပေါ်မှာရော တခြား စိုးရိမ်စိတ်တွေ ရှိကြလား။

ဦးမျိုးမြင့် - ဆိုလိုတာကတော့ပေါ့ဗျာ မြန်မာပြည်သား ဒုက္ခသည်အများစုကတော့ ရောက်လာတည်းကိုက ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပြေးလာကြတဲ့ လူတွေဖြစ်တော့ နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း နည်းနည်း အလှမ်းဝေးတယ်ပေါ့။ ဒါကတချက်ပေါ့။ နောက်တခုက ဗမာနိုင်ငံရေးနဲ့ အလှမ်းဝေးယုံတင်မကဘူး။ အမေရိကန်နိုင်ငံရေးနဲ့ပါ အလှမ်းဝေးတယ်ဆိုတော့ နောက် ဘာသာစကား ပြဿနာလည်းရှိတယ်ဗျာ။ သူတို့ သိပ်သေသေချာချာ မသိဘူး။ ဒါပေမဲ့လို့ အသိုင်းအဝိုင်း အချင်းချင်းကြားထဲမှာ ပြောကြဆိုကြတာတွေရှိတယ်။ အဲ့လို ပြောတဲ့ဆိုတဲ့ဟာတွေမှာလည်း တချို့ အချက်အလက်တွေက မှန်ပြီးတော့ တချို့အချက်အလက်တွေက မမှန်ဘူးပေါ့ဗျာ။ ကားနေ ချဲ့နေတာတွေ အဲ့လိုမျိုးတွေရှိတော့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုက ပိုကြီးတယ်ဗျ။ တကယ်လို့ သူတို့က အမေရိကန်နိုင်ငံရေး၊ ဗမာ့နိုင်ငံရေးနဲ့ နောက် ဘာသာစကား အခက်အခဲ မရှိဘူးဆိုရင် တိတိကျကျ ခြေခြေမြစ်မြစ် ပိုသိရပြီးတော့ သူတို့ကြည့်ရတဲ့ဒုက္ခ အခုလောက်တော့ ကြီးစရာမရှိဘူးထင်ပါတယ်။

ဦးသားညွန့်ဦး - အခုတော့ သမ္မတထရမ့်ရဲ့ အမိန့်ကြေညာချက်ကို ပြည်ထောင်စု တရားသူကြီးတဦးကနေပြီးတော့ ဆိုင်းငံ့ဖို့ဆိုပြီးတော့ အမိန့်ထုတ်လိုက်တယ်။ အဲတော့ သမ္မတရဲ့အမိန့်ကတော့ လတ်တလော အသက်မဝင်တဲ့သဘော ရှိနေတာပေါ့။ ဒုက္ခသည်တွေ ပြန်လာမယ့် အလားအလာ အခြေအနေ၊ ဒီအခြေအနေနဲ့ ပတ်သက်လို့ရော သိကြလား၊ မျှော်လင့်ကြလား ဒုက္ခသည်တွေကြားထဲမှာ။

ဦးမျိုးမြင့် - ကျနော် ခုနက ပြောသလိုပေါ့ဗျာ ဒီတရားသူကြီးချုပ်ကနေပြီးတော့ သမ္မတထရမ့်ရဲ့ အမိန့်ကိုပေါ့ဗျာ reject သဘောမျိုးလုပ်လိုက်တယ်။ လုပ်လိုက်တဲ့အတွက် ငါတို့မိသားစုတွေကတော့ တချိန်ချိန်တော့ ပြန်ဆုံရမှာပဲ။ အခု ချက်ခြင်းကြီး မဆုံရင်တောင် တချိန်ချိန်တော့ ပြန်ဆုံရမှာဆိုတဲ့ မျှော်လင့်ချက်တွေက ရှိတယ်ဗျ။ အဲ့လို သတင်းစကားမျိုးကျတော့ မြန်ပါတယ်။ တယောက်နဲ့တယောက် ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ် ပြောတတ်ကြတယ်လေ။ အခုဟာတော့ နည်းနည်းတော့ စိတ်ပြန်အေးရတဲ့သဘော ရှိတာပေါ့ဗျာ။ ပြီးခဲ့တဲ့ တပတ်လောက်ကထက်စာရင်။

ဦးသားညွန့်ဦး - ဟုတ်ကဲ့ ကိုမျိုးမြင့်ရေ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG