သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရွေးချယ်တဲ့ နိုင်ငံခြားရေးဝန်ကြီးသစ်အပေါ် တုန့်ပြန်မှုအမျိုးမျိုး ထွက်ပေါ်


အရွေးချယ်ခံ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် Rex Tillerson
အရွေးချယ်ခံ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် Rex Tillerson

အမေရိကန် အစိုးရအဖွဲ့ထဲမှာ အရေးအကြီးဆုံး ထိပ်တန်းရာထူးဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးရာထူးအတွက် ExxonMobil ရေနံကုမ္ပဏီ အကြီးအကဲ Rex Tillerson ကို ခန့်အပ်ဖို့ ရွေးကောက်ခံသမ္မတ Donald Trump ကရွေးချယ်လိုက်ပါတယ်။ Mr. Tillerson ဟာ သံတမန်ရေးရာ အတေ့ွအကြုံရှိသူတယောက် မဟုတ်ပေမဲ့ ရုရှားနိုင်ငံ အပါအဝင် နိုင်ငံအတော်များများနဲ့ စီးပွားရေးအရ အဆက်အဆံ ရှိသူဖြစ်ပါတယ်။ ရုရှားသမ္မတနဲ့ နီးစပ်ပြီး သံတမန်အတွေ့အကြုံ မရှိတဲ့သူကိုနိုင်ငံခြားရေးဝန်ကြီးအဖြစ်ရွေးချယ်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့သတင်းကို မစုမြတ်မွန်က အပြည့်အစုံ တင်ပြပါမယ်။

Rex Tillerson ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ရွေးချယ်တယ်လို့ မကြေငြာခင်၊ သူဖြစ်ဖို့ အလားအလာရှိတယ်လို့ Donald Trump ရဲ့ အာဏာလွဲပြောင်းယူရေး အဖဲ့ွဝင်တွေက ပြောနေကြကတည်းက ExxonMobil ရေနံကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tillerson မှာ နိုင်ငံရေး အတွေ့အကြုံ မရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြခဲ့ ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ခံသမ္မတ Trump ကတော့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးအတွက် တခြား အရည်အချင်းတွေကို အလေးထားပုံရပါတယ်။

“ အဓိကကျ အရေးပါသူတော်တော်များများ သူနဲ့ ရင်းနှီးသိရှိတာက ကျွန်တော့်အတွက် အားသာချက်ကြီး တခုဖြစ်ပါတယ်။ ရုရှားမှာ ကြီးမားတဲ့ စီးပွားရေး သဘောတူညီ မှုတွေရအောင် လုပ်ခဲ့သူဖြစ်ပါတယ်” လို့ Donald Trump ကပြောခဲ့တာ ဖြစ်ပါတယ်။အဲဒီလို သဘောတူညီ မှုကြီးတွေကြောင့်ပဲ ရုရှားအစိုးရက ချီးမြှင့်တဲ့ Order of Friendship ဆုကို Mr. Tillerson ကို ရုရှားသမ္မတ Vladimir Putin က ၂၀၁၃ ခုနှစ်မှာ ပေးခဲ့ပါတယ်။

“ကျနော် သမ္မတပူတင်နဲ့ ၁၉၉၉ ခုနှစ်ထဲက သိခဲ့တာပါ။ သူနဲ့ကျွန်တော် တော်တော်လေး ရင်းနှီးပါတယ်လို့ Mr. Tillerson ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရုရှားအစိုးရအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ် မှုတွေကြောင့် အကျိုးအမြတ် အများကြီးရမယ့် စီမံကိန်းတချို့ကို ဖျက်ခဲ့ ရတဲ့အတွက် သူဟာ အဲဒီဒဏ်ခတ် အရေးယူမှုတွေကို ဝေဖန်ခဲ့သူ တယောက်လည်းဖြစ်ပါတယ်။ ခုလို ရုရှားနဲ့ စီးပွားရေးအရ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ Rex Tillerson အနေနဲ့ သူ့အပေါ် ခန့်အပ်မှု အတည်ပြုရေး အထက်လွှတ်တော ်ကြားနာပွဲမှာ အခက်အခဲ အတားအဆီးတွေ တေ့ွရနိုင်ပါတယ်။ သမ္မတပူတင်နဲ့ နီးစပ်သူကို နိုင်ငံခြားရေးဝန်ကြီး ခန့်မယ့်အပေါ် စိုးရိမ်တယ်လို့ Republican ပါတီမှာ သြဇာညောင်းတဲ့ အထက်လွှတ်တော်အမတ် John McCain ကပြောကြားခဲ့ပြီး မျှတတဲ့ ကြားနာပွဲ ဖြစ်စေရပါမယ်လို့ ကတိပြုခဲ့ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Donlad Trump အနိုင်ရအောင် ရုရှားအစိုးရက Email တွေကို ကြားဝင်ခိုးယူခဲ့တယ်လို့ CIA ဗဟိုထောက်လှမ်းရေးက ပြီးခဲ့တဲ့ သီတင်းပါတ်ထဲ ပြောကြားခဲ့ပြီးနောက် အမေရိကန်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးဟာ ပိုဆိုးခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ရုရှားသမ္မတနဲ့ ရင်းနှီးသူ တယောက်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ဖို့ စဉ်းစားတာနဲ့ ပတ်သက်လို့ Mr. Trump ရဲ့အကြံပေး Kellyanne Conway က ABC ရုပ်သံရဲ့ Good Morning America အစီအစဉ်မှာ ခုလိုကာကွယ်ပြောကြားခဲ့ပါတယ်။

“သူက ပူတင် နဲ့ အရက်ဆိုင်မှာ Vodka အရက် အတူတူသောက်နေ တာမျိုးမဟုတ်ပါဘူး။ စီးပွားရေးအရ ပူတင်နဲ့ဆက်ဆံ ဆွေးနွေးခဲ့ တာမျိုးပါ။ ကမ္ဘာ့နိုင်ငံ တော်တော်များများနဲ့ အမေရိကန ်ဆက်ဆံရေး မကောင်းဘူးဆိုတာ ကျမတို့သိကြတာပဲ၊ အဲဒီထဲမှာ ရုရှားနိုင်ငံလည်း ပါနေပါတယ်။”

ရုရှားအစိုးရနဲ့ ဆက်ဆံရေး တိုးတက်ဖို့ လိုလားတယ်လို့ Mr. Trump က အကြိမ်ကြိမ်ပြောကြား ခဲ့ဖူးပါတယ်။ အိမ်ခြံမြေလုပ်ငန်းနဲ့ ကြွယ်ဝသူ သူဌေးကြီးကနေ သမ္မတအဖြစ် အရွေးခံထားရသူ Trump ဟာ နိုင်ငံရေး အတွေးအခေါ်တွေထက် စီးပွားရေး အပေးအယူ သဘောတူညီ မှုတွေလုပ်ဖို့ ပိုစိတ်ဝင်စား နေတယ်လို့ သုံးသပ်သူ BUD KENNEDY က ထောက်ပြပါတယ်။

“ နိုင်ငံရေးအသိုင်းအဝိုင်း၊ သံတမန်ရေးအသိုင်းအဝိုင်းပြင်ပက လူတယောက်၊ အိမ်ဖြူတော် အတေ့ွအကြုံလည်းလုံးဝ မရှိတဲ့ စီးပွားရေး အမှုဆောင်အရှိချုပ်တယောက်ကို ရွေးချယ်ပြီး သူလုပ်လို့ရတယ်ဆိုတာကို ရဲရဲတင်းတင်းလုပ်ပြလိုက်တာဖြစ်ပါတယ်။”

တချိန်ထဲမှာ ဝါရင့်သံတမန် တယောက်ဖြစ်တဲ့ John Bolton ကို ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအဖြစ ်တာဝန်ပေးဖို့ Trump ကစီစဉ်နေတယ်လို့ တရားဝင် မဟုတ်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးတာဝန်ကို ယူခဲ့ဖူးသူ John Bolton ဟာဆိုရင်လည်း ညှိုနှိုင်းရ ခက်ခဲသူတယောက် ဖြစ်တယ်လို့ လူသိများသူ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG