သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ ပါကစ္စတန်နဲ့ Russia ရဲ့ IS အရေးဆွေးနွေးပွဲ


 အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ အလံနား အာဖဂန်နစ္စတန်ရဲများဖြတ်သွားစဉ်
အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ အလံနား အာဖဂန်နစ္စတန်ရဲများဖြတ်သွားစဉ်

တရုတ်၊ ပါကစ္စတန်နဲ့ ရုရှားက အကြီးတန်းအရာရှိတွေဟာ သူတို့နိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေမှာ အာဖဂန်နစ္စတန်မှာရှိနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့အန္တရာယ်ကြီးထွားလာနေတာကို သုံးသပ်ကြဖို့ ဒီကနေ့ အင်္ဂါနေ့မှာ မော်စကိုမြို့မှာ တွေ့ဆုံကြပါလိမ့်မယ်။

အာဖဂန်မှာ လွှမ်းမိုးနေတဲ့အကြမ်းဖက်အုပ်စုရဲ့အန္တရာယ်က သူတို့ သုံးနိုင်ငံကို ပေါင်းစည်းမိစေတာဖြစ်ကြောင်းနဲ့ လာမယ့် အစည်းအဝေး တွေမှာ အီရန်နိုင်ငံလည်း ပါဝင်လာနိုင်ကြောင်း သုံးနိုင်ငံလုံးက ပြောပါတယ်။ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေဟာ အာဖဂန်နဲ့ နယ်စပ်ခြင်း တိုက်ရိုက် ထိစပ်နေပြီး ရုရှားကတော့ အကြမ်းဖက်သမားတွေဟာ Tajikistan နဲ့ Uzbekistan တို့လို အာရှတိုက် အလယ်ပိုင်းနိုင်ငံ နယ်စပ်တွေ ကနေတဆင့် နယ်ချဲ့ထွင်လာမှာကို စိုးရိမ်တာဖြစ်ပါတယ်။

အာဖဂန်သမ္မတ Ashraf Ghani ရဲ့ အစိုးရကတော့ ဒီအစည်းအဝေးတွေမှာ ပါဝင်မှာမဟုတ်တဲ့အပြင် တွေ့ဆုံစည်းဝေးကြတဲ့ အကြောင်း ရင်းကို မေးခွန်းထုတ်နေကြောင်း ပြောနေကြပါတယ်။ အာဖဂန်နိုင်ငံနဲ့ တာလီဘန်တွေကိုတိုက်ထုတ်ဖို့ အာဖဂန်တပ်ဖွဲ့တွေကို ထောက်ပံ့ ပေးနေတဲ့ အမေရိကန်တို့ကလည်း အာဖဂန်မှာ ဟာမစ်ခါဇိုင်းအစိုးရကို ဖြုတ်ချဖို့ ကြိုးစားတဲ့ အဲဒီအကြမ်းဖက်အဖွဲ့နဲ့ တွေ့ဆုံမယ့် အဲဒီသုံးနိုင်ငံရဲ့ လုပ်ရပ်ကို ကန့်ကွက်နေတာဖြစ်ပါတယ်။

ရုရှားနဲ့ ပါကစ္စတန်တို့ကတော့ သူတို့အနေနဲ့ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လိုလားတာဖြစ်ကြောင်းနဲ့ အာဖဂန်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာ အစိုးရအုပ်ချုပ်ရေးလက်လှမ်းမမှီတဲ့ နေရာတွေမှာ IS အဖွဲ့လို အကြမ်းဖက်အဖွဲ့တွေက ခြေကုပ်ယူနိုင်အောင် ဖန်တီးပေးနေသလို ဖြစ်စေကြောင်း ချေပပြောဆိုပါတယ်။

ဒါပေမယ့် အာဖဂန်မှာရှိနေတဲ့ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ တပ်မှူး အမေရိကန်စစ်ဗိုလ်ချုပ် John Nicholson ကတော့ - အခုလို ပြောင်ကျကျ ဆက်သွယ်မှုတွေဟာ အာဖဂန်အစိုးရနဲ့ ဆက်ဆံရေးကို ပျက်စီးစေဖို့သာဖြစ်ပြီး သောင်းကြမ်းသူတွေကို အားပေးကူညီနေတာသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG