သုံးရလွယ်ကူစေသည့် Link များ

လေသံပြောင်းတဲ့ ပူတင်ရဲ့နိုင်ငံတော်အခြေပြု မိန့်ခွန်း


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

ရုရှားသမ္မတVladimir Putin ကြာသပတေးနေ့က ပြောကြားခဲ့တဲ့ နှစ်စဉ် နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ အရင်နှစ်တွေနဲ့ မတူဘဲ၊ ရုရှားအပေါ် ရန်လိုနေတယ်လို့ ယူဆတဲ့ တိုင်းပြည်တွေအပေါ် ပြစ်တင်ပြောဆို ဒေါသထွက်တာမျိုး မတွေ့ခဲ့ရပါဘူး။

မနှစ်က ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ကရင်မလင်နန်းတော်မှာ ဥပဒေပြုအမတ်တွေနဲ့ ဂုဏ်သရေရှိဧည့်သည်တွေကို မိန့်ခွန်းပြောကြားခဲ့စဉ် တုန်းကတော့ - ဆီးရီးယားနဲ့ နယ်စပ်အနီးမှာ ရုရှားတိုက်လေယာဉ်တစင်းကို ပစ်ချခဲ့တဲ့ တူရကီနိုင်ငံကို မကောင်းဆိုးရွားအဖြစ် ရည်ညွှန်းပြောဆိုခဲ့တာပါ။ ယူကရိန်းသူပုန်တွေကို အားပေးပြီး၊ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားပိုင်နက်ထဲ သွတ်သွင်းခဲ့တဲ့အတွက် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကြုံခဲ့ရတဲ့ ၂၀၁၄ ခုနှစ်က မိန့်ခွန်းမှာတော့ - အနောက်နိုင်ငံတွေဟာ အခွင့်သာရင် သာသလို ရုရှားနိုင်ငံကို အားပျော့အောင် ကြိုးပမ်းနေတယ်လို့ ပြောဆိုခဲ့တာပါ။

အရင်နှစ်တွေက မိန့်ခွန်းတွေနဲ့ယှဉ်မယ်ဆိုရင်တော့၊ ဒီနှစ်မိန့်ခွန်းဟာ လေပြေသွေးတဲ့ သဘောထားတွေ တွေ့ရပြီး၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုတွေဟာ တခြားသူတယောက်ရဲ့ ကကွက်အတိုင်းလိုက်ကအောင် ကြိုးပမ်းနေပြီး၊ ရုရှားနိုင်ငံရဲ့ အခြေခံအမျိုးသား အကျိုးစီးပွားကို လျစ်လျူရှုတဲ့ လုပ်ရပ်အဖြစ်နဲ့သာ ပြောဆိုသွားပါတယ်။ ဇွန်လထဲမှာတုန်းက ရုရှားနဲ့ပြေလည်မှုရအောင် တူရကီသမ္မတ Recep Tayyip Erdogan ကြိုးပမ်းခဲ့တဲ့အတွက်လည်း တူရကီနိုင်ငံနဲ့ ပတ်သက်လို့ တလုံးမှပြောမသွားခဲ့ပါဘူး။

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Donald Trump ကို ဦးတည်ပြီးတော့လည်း - ရုရှားနိုင်ငံဟာ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်လိုတယ်။ နိုင်ငံတကာ အကြမ်းဝါဒတိုက်ဖျက်ရေးမှာ အမှန်တကယ် ထိရောက်မှုရှိစေဖို့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ ပူးပေါင်းလိုတယ်လို့ ပြောဆိုခဲ့တာပါ။

မိနစ် ၇၀ ကြာမိန့်ခွန်းရဲ့ တဝက်ကျော်လောက်မှာတော့ - လူမှုဖူလုံရေးကိစ္စနဲ့ စီးပွားရေးအတွက် ရုန်းကန်နေရတာလို ပြည်တွင်းရေး ကိစ္စတွေကိုသာ ပြောဆိုခဲ့သလို၊ နောက်ပိုင်းမှသာ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြောဆိုခဲ့တာပါ။ ရုရှားနိုင်ငံအနေနဲ့ မိတ်ဆွေတွေ လိုအပ်ပေမဲ့၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာတာမျိုးတော့ အဖြစ်မခံနိုင်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG