သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ရုရှား ပြိုင်ဆိုင်မှု


အမေရိကန်သမ္မတ Trump နဲ့ ရုရှားသမ္မတ Putin။
အမေရိကန်သမ္မတ Trump နဲ့ ရုရှားသမ္မတ Putin။

အမေရိကန်မှာ Trump အစိုးရသစ်အနေနဲ့ ဘယ်လို နိုင်ငံခြားရေးမူဝါဒကို ချမှတ်မှာလဲ ဆိုတာကို ပြတ်ပြတ်သားသား မသိရသေးချိန်မှာ ရုရှားနိုင်ငံက နိုင်ငံတချို့အပေါ် သူ့ရဲ့အရေးပါမှုနဲ့ သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေဖြစ်နေတဲ့နိုင်ငံတွေ၊ ရုရှားအတွက် မဟာဗြူဟာကျတဲ့ နိုင်ငံတွေနဲ့ သဘာဝအရင်းအမြစ်တွေပေါများတဲ့နိုင်ငံတွေနဲ့ ရုရှားက ဆက်ဆံရေးကောင်းဖို့ ကြိုးစားနေတဲ့အကြောင်း VOA သတင်းထောက် Paul Alexander ကသုံးသပ်ထားပါတယ်။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါလိမ့်မယ်။

အမေရိကန်သမ္မတ Donald Trump ရဲ့အစိုးရသစ်အတွင်း ဦးစားပေးဆောင်ရွက်မယ့် နိုင်ငံခြားရေး မူဝါဒတွေက ဘာတွေဖြစ်မလဲဆိုတာကို တိတိကျကျ မသိရသေးသလို၊ ရာထူးတာဝန်ခန့်အပ်မှုတွေ၊ အစိုးရသစ်ဦးစားပေးဆောင်ရွက်မယ့်ကိစ္စတွေက အသားတကျမရှိလှသေးပါဘူး။ အဲဒီလိုအခြေအနေမှာပဲ ဆိုဗိယက်ပြည်ထောင်စုကြီးပြိုကွဲခဲ့ပြီးနောက် သိသိသာသာကျဆင်းသွားတဲ့ ရုရှားရဲ့ သြဇာညောင်းမှုကို ပြန်လည်ရနိုင်ဖို့ ရှရှားသမ္မတ Vladimir Putin က ကြိုးစားနေပါတယ်။

မြောက်ပင်လယ်ကနေ Antarctic တိုက်အထိ ရုရှားရဲ့ အရေးပါမှုကိုပြနိုင်ဖို့ ကြိုးစားမှုတခုအဖြစ် Afghanistan နိုင်ငံငြိမ်းချမ်းရေးနဲ့ ပါတ်သက်တဲ့ ဆွေးနွေးပွဲ စကားဝိုင်းကို ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတက်ဖို့ Afghanistan၊ Pakistan၊ Iran၊ India နဲ့တရုတ်နိုင်ငံတို့ကို ဖိတ်ကြားခဲ့ပေမဲ့ အမေရိကန်ကိုတော့ ဖိတ်ခြင်းမရှိခဲ့ပါဘူး။ အာဖဂန်က Islamic အကြမ်းဖက်သမားတွေ ခြေမှုန်းရေးမှာ အမေရိကန်က စစ်ရေးအကူအညီပေးခဲ့တဲ့ အပြင် နိုင်ငံတည်ငြိမ်တဲ့လမ်းပေါ်ရောက်ဖို့လည်း အမေရိကန်က အများကြီးထောက်ပံ့ ကူညီမှုတွေလုပ်ခဲ့တာပါ။

Afghanistan မှာ ဆယ်စုနှစ်နဲ့ချီ ရုရှားတို့ရဲ့ကျူးကျော်မှု မအောင်မြင်ခဲ့တဲ့နောက် ရုရှားက စစ်မီးမွှေးသူလို့ အမြင်ခံနေရတဲ့ပုံရိပ်ကနေ ငြိမ်းချမ်းရေး ဆောင်ရွက်သူလို့ အမြင်ခံရဖို့ Afghanistan နိုင်ငံငြိမ်းချမ်းရေးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပနေပုံရပါတယ်။ ဒါတင်မက ဒေသတွင်းမှာ ပိုပြီးတက်ကြွတဲ့အခန်းနေရာကနေ ရုရှားအစိုးရက ဆောင်ရွက်ပြ ချင်ပုံ ရတယ်လို့ Afghanistan အရေးစောင့်ကြည့်နေကြသူတွေက သုံးသပ်ပါတယ်။

IS စစ်သွေးကြွတွေအပေါ် ထိရောက်တဲ့စစ်ဆင်ရေးတွေလုပ်နေပြီး အရှေ့အလယ်ပိုင်းဒေသမှာ၊ အထူးသဖြင့် ဆီးရီးယားမှာ သူ့ရဲ့အရေးပါမှုကို ရုရှားက လုပ်ပြခဲ့တယ်လို့ Afghanistan နဲ့တာလီဘန်တို့ အကြောင်း တောက်လျှောက်ရေးသား လာတဲ့ ပါကက်စတန်သတင်းထောက် Rahimullah Yousafzai က VOA ကိုပြောခဲ့ပါတယ်။

"ဆီးရီးယားက အပြစ်အခတ်ရပ်ဆဲရေးနဲ့ ငြိမ်းချမ်းရေး ညှိုနှိုင်းဆွေးနွေးမှုတွေမှာ ရုရှားရဲ့ အခန်းကဏ္ဍက မပါမဖြစ်ပါနေမှာဖြစ်ပါတယ်။ အခုဆို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပါတ်သက်သမျှ ဆွေးနွေးမှုတွေမှာလည်း ရုရှားက ပါဝင်ချင်တဲ့ပုံကို မြင်ရပါတယ်။ အဲဒီလိုပါဝင်နိုင်ဖို့အတွက် သူတို့ရဲ့အားထုတ်မှုကလည်း အောင်မြင်နေပုံရပါတယ်။"

Afghanistan မှာအမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ရဲ့ အကျိုးစီးပွားတွေရှိကြပါတယ်။ ဒီ ၃ နိုင်ငံအနေနဲ့ ဘုံရန်သူဖြစ်တဲ့ IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့နေရာမှာတော့ မဟာမိတ်တွေ ဖြစ်နိုင်ကြတယ်လို့ Rahimullah Yousafzai ကထင်ပါတယ်။ တာလီဘန်တို့ဟာ IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့နေရာမှာ ရုရှားရဲ့ မဟာမိတ်ဖြစ်တယ်လို့ မှတ်ယူထားတဲ့အတွက် အမေရိကန်အစိုးရနဲ့ သဘောထားကွဲနေပါတယ်။

ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ ရုရှားအစိုးရဖက်ကပြောပေမဲ့ အမေရိကန်အစိုးရကတော့ အမေရိကန်ထောက်ခံတဲ့ Afghan အစိုးရကို တိုက်နေတဲ့တာလီဘန်တွေကို ရုရှားကကူညီနေတယ်လို့ ပြောပါတယ်။ ရုရှားက Afghanistan ကိစ္စမှာ ပါဝင်နေရတဲ့ အဓိကအကြောင်းအရင်းက IS တို့ရဲ့ အစွန်းရောက်ဝါဒကို အလယ်ပိုင်းအာရှမှာ ပျံ့နှံ့လာမှာ စိုးရိမ်တဲ့အတွက် တားဆီးနိုင်ဖို့နဲ့ ကမ္ဘာမှာဘိန်းထုတ်လုပ်မှုအများဆုံး Afghanistan ဖက်က မူးယစ်ဆေးတွေရုရှားထဲရောက်မလာအောင် တားဆီးနိုင်ဖို့ဖြစ်တယ်လို့ Afghanistan သတင်းထောက် Sami Yousafzai ကသုံးသပ်ပါတယ်။

ဒီထက်အရေးကြီးတဲ့အချက်ကတော့ Afghanistan ဟာရုရှားအတွက် မဟာဗြူဟာအရ အချက်အခြာကျတဲ့နေရာမှာ တည်ရှိတာကြောင့် ၁၉၇၉ ခုနှစ်မှာ ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ ရေးသားနေတဲ့ သတင်းထောက် Sami Yousafzai ကထောက်ပြပါတယ်။

ရုရှားအစိုးရနဲ့အဆင်ပြေတဲ့အတွက် နိုင်ငံတကာမှာ တာလီဘန်တွေကို Afghanistan ရဲ့ နိုင်ငံရေးအင်အားစုအဖြစ် အမြင်တော့ မရောက်နိုင်ဘူးလို့လည်း သူကဆိုပါတယ်။ ကမ္ဘာ့ဇတ်ခုံမှာ ရုရှားရဲ့သြဇာလွှမ်းမှုနိုင်မှုမရှိတာအပြင် အီရန်က ရှီရာမွတ်ဆလင်တွေကိုထောက်ခံမှုကြောင့် အရှေ့အလယ်ပိုင်းက ဆူနီမွတ်ဆလင်နိုင်ငံတွေက ရုရှားအပေါ် ဒေသထွက်နေကြတာပါ။

"တာလီဘန်တွေက သူတို့ကို နိုင်ငံရေးအင်အားစုတခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုစေချင်တယ်၊ နိုင်ငံရေးအရ နေရာရချင်တယ်ဆိုရင် အမေရိကန်နဲ့ နေတိုးအဖွဲ့ရဲ့ ထောက်ခံမှုရဖို့လိုအပ်ပါတယ်။"

Afghanistan အပေါ်ရုရှားတို့ရဲ့ စိတ်ဝင်စားမှုက အပေါ်ယံတခုသာဖြစ် သလို တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်တို့ရဲ့ ရဲရဲတင်းတင်း စစ်ရေးအင်အား တည်ဆောက်နေတာမျိုး ရုရှားတို့ရဲ့လုပ်ရပ်ကို မြင်နေကြသူတွေလည်းရှိပါတယ်။ တရုတ်အစိုးရနဲ့ ရုရှားအစိုးရကြား အကန့်အသတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြေက အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ဖြစ်တယ်လို့လည်း တချို့က မြင်ကြပါတယ်။

သေချာတာကတော့ အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်ကချမှတ်ခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒကြောင့် အဆင်မဖြေခဲ့တဲ့နိုင်ငံတွေကို တရုတ်နဲ့ရုရှားက အခွင့်ကောင်းယူ သိသိသာသာ ချဉ်းကပ်ခဲ့တာမျိုးတွေလည်းရှိပါတယ်။ Balkan ဒေသထဲက အမေရိကန်တို့အကျိုးစီးပွားရှိတဲ့နိုင်ငံတွေမှာ ရုရှားက နိုင်ငံရေးအရ ဝင်နှောင့်ယှက်မှုတွေရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

Pacific ဒေသမှာဆိုလည်း ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အရေးယူ ဒဏ်ခတ်ခံထားရတဲ့ Fiji ကျွန်းနိုင်ငံကို ရုရှားအစိုးရက လက်နက်တွေ စစ်သုံးယန္တာရားတွေ ပြီးခဲ့တဲ့ တနှစ်ကပဲ လှူဒါန်းပြီး မဟာမိတ်သစ်ဖွဲ့ခဲ့ပါတယ်။ နောင် ၁၀ နှစ် ၁၅ နှစ်လောက်ကျရင် ရုရှားရဲ့ ရေတပ်သင်္ဘောတွေ Fiji မြို့တော် Suva ဆီကို ပုံမှန်လာတာမျိုး၊ နောင်အနှစ် ၂၀ လောက်အတွင်း Fiji နိုင်ငံမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ စစ်အခြေစိုက်စခန်းတွေ ထားရှိခွင့်ရတာမျိုးတွေ မြင်လာရနိုင်တယ်လို့ လုံခြုံရေးဆိုင်ရာ သုံးသပ်တဲ့ 36th Parallel Assessments အဖွဲ့ရဲ့ညွှန်ကြားရေးမှူးက Guardian သတင်းစာကို ပြောထားပါတယ်။ Russia ဟာလစ်ဗျားနဲ့လည်း ဆက်ဆံရေးတည်ဆောက်နေပါတယ်။

သဘာဝအရင်းအမြစ်တွေပေါများတဲ့ ကမ္ဘာ့တောင်ပိုင်း Antarctica တိုက်အထိ ရုရှားရဲ့ တည်ရှိမှုကို ပြနိုင်ဖို့ ကြိုးစားနေပါတယ်။ အရင်က နှင်းဖုန်းနေလို့ သွားလာလို့ မရခဲ့တဲ့ ကမ္ဘာ့မြောက်ခြမ်းက အာတိတ်ဒေသမှာလည်း ရုရှားက အကျိုးစီးပွား ရှာဖွေနေပါတယ်။

အမေရိကန်-ရုရှား ပြိုင်ဆိုင်မှု
please wait

No media source currently available

0:00 0:04:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG