သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်ဖွယ် မရှိသေး


NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးပွဲ
NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးပွဲ

အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတို့ကြား လက်ရှိ အခြေနေကိုကြည့်ရင် ကောင်းမွန်မှု မရှိတဲ့အတွက် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တခုမှ လုပ်ဦးမှာ မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြာသပတေးနေ့ Brussels က ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

အခုအချိန်မှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားမဟုတ်ပေမယ့် ၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပြီး ဘုံ သဘောတူညီမှု ရအောင်ကြိုးစားကြမှာ ဖြစ်ကြောင်း ဝန်ကြီး Mattis က နေတိုးဌာနချုပ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် အမေရိကန်ရွေးကောက်ပွဲကို ရုရှားက ကြားဝင်နှောက်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပြင် ရုရှားရဲ့ ယူကရိန်းအရေး ဆက်ပြီး လုပ်ဆောင်နေတာတွေကြောင့် အခုချိန်မှာ ၂ နိုင်ငံကြား ဆက်ဆံရေးဟာ စစ်အေးခေတ် ကာလကနေ စကြည့်ရင် အဆိုးဝါးဆုံး အခြေနေကို ရောက်နေတာ ဖြစ်ပါတယ်။

ရုရှားနဲ့ စစ်ရေးအရ တစုံတရာ ပူးပေါင်းဆောင်ရွက်မှုတွေ စမလုပ်ခင် ရုရှားဘက်က နိုင်ငံတကာ ဥပဒေနဲ့အညီ ကျင့်သုံးလုပ်ဆောင် နိုင်တယ် ဆိုတာကို ပြသနိုင်ရမယ်လို့ ဝန်ကြီး Mattis က ပြောပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ရုရှားအနေနဲ့ အမေရိကန် စစ်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လုပ်ဖို့ အသင့်ပဲလို့ ပြောဆိုခဲ့ပြီး တဲ့နောက်မှာ အခုလို ဝန်ကြီး Mattis က ပြောကြားခဲ့တာပါ။

အမေရိကန် သမ္မတ Donald Trump ဟာ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလမှာရော သမ္မတတာဝန် ယူပြီးချိန်မှာပါ ရုရှားသမ္မတ Vladimir Putin ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းလက်က Crimea ဒေသကို ရုရှားသိမ်းပိုက်မှုကြောင့် အမေရိကန်ဘက်က ပူးပေါင်း ဆောင်ရွက်မှုတွေ ရပ်ဆိုင်းခဲ့ပေမယ့် IS စစ်သွေးကြွ တိုက်ဖျက်ရေးလို ၂ နိုင်ငံ စိတ်ဝင်စားတဲ့ လုပ်ငန်းရပ်မျိုးမှာ ရုရှားနဲ့ ပြန်ပြီး လက်တွဲ လုပ်ဆောင်ဖို့ စိတ်ဝင်စားကြောင်း Trump က ပြောကြားခဲ့ပါတယ်။

ဝန်ကြီး Mattis ကတော့ IS စစ်သွေးကြွ တိုက်ဖျက်ရေးဟာ အမြန်ပြီးဆုံးမယ်လို့ သူ မထင်ပေမယ့် ဒီတိုက်ဖျက်ရေးအတွက် နိုင်ငံတကာစစ်ဆင်ရေးအဖြစ် အမေရိကန်ဘက်က အမြန်တိုးလုပ်ဆောင်ချင်ကြောင်း ကြာသပတေးနေ့မှာပဲ ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG