သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေကို Tillerson နှုတ်ဆက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ - အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ - ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းက ဦးစားပေးရမယ့် ကိစ္စတွေမှာ - အနီးကပ် လက်တွဲ ဆောင်ရွက်ရေး - ဆွေးနွေးခဲ့ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာ မဟာမိတ် ဆက်ဆံရေးနဲ့ စီးပွားရေး၊ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားကောင်းအောင် ဆောင်ရွက်သွားဖို့ အမေရိကန်အစိုးရက ရည်မှန်းထားတာတွေကို တနင်္လာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုမှုအတွင်း ဝန်ကြီး Tillerson က ထပ်လောင်း ပြောကြားခဲ့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ပြောဆိုခဲ့တာပါ။

IS အစွန်းရောက်အဖွဲ့၊ မြောက်ကိုရီးယားရဲ့ တရားမဝင် နျူကလီးယားနဲ့ ဒုံးလက်နက်အစီအစဉ်တွေ၊ အရှေ့နဲ့ တောင်တရုတ်ပင်လယ်ပြင်က တင်းမာမှုတွေကြောင့် - ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို - အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ - အရေးကြီးကြောင်းကိုလည်း - ဝန်ကြီး Tillerson နဲ့ ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တဦးချင်းစီက သဘောတူ လက်ခံခဲ့တယ်လို့ ပြောပါတယ်။

တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမြန်ဆုံး တွေ့ဆုံဖို့ မျှော်လင့်ကြောင်းနဲ့ ဒေသတွင်း လုံခြုံရေး၊ ကမ္ဘာကြီးသာယာဝပြောရေး၊ ဒီမိုကရေစီ အခြေခံတွေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာနိုင်ငံတွေက ဝိုင်းဝန်း ပံ့ပိုးပေးနေတဲ့ အတွက် အထူးလေးစားကြောင်း ဝန်ကြီး Tillerson က ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG