သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား နိုင်ငံရေးအကွဲအပြဲ


တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံး။
တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံး။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကိုတရားစွဲသင့် မစွဲသင့်ဆုံးဖြတ်ချက် မကြာခင် ချတော့မယ့်အချိန်မှာပဲ နိုင်ငံရဲ့အမျိုးသား လုံခြုံရေးဆိုင်ရာ မူဝါဒတွေနဲ့ပါတ်သက်လို့ သဘောထားတွေ သိသိသာသာကွဲနေကြပါတယ်။ အမေရိကန်နဲ့ မဟာမိတ်ဆက်ဆံရေး ခိုင်မာအောင် အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်ကို နိုင်ငံထဲမှာ တပ်ဆင်ထားရှိဖို့ လိုလားနေကြတဲ့ Conservative တွေနဲ့ ဒီစနစ်ထားလိုက်ရင် တရုတ်နဲ့ ဆက်ဆံရေးပျက် သွားမှာကို စိုးရိမ်နေကြတဲ့ Progressive တွေကြားမှာ သဘောထား ကွဲပြားမှု ကြီးမားလာတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်ကနေ VOA သတင်းထောက် Brian Padden ကသတင်းပေးပို့ပါတယ်။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

သမ္မတ Park Geun-hye နဲ့ သူ့နဲ့အင်မတန်ရင်းနှီးတဲ့အမျိုးသမီးမိတ်ဆွေတယောက်က အလှူငွေ ဒေါ်လာသန်းပေါင်းများစွာ ရယူပြီး အဲဒီသူတွေကို နိုင်ငံရေး အကျိုးအမြတ်တွေပေး ခဲ့တယ်ဆိုတဲ့ အရှုပ်တော်ပုံကြီးကြောင့် တောင်ကိုရီးယား မှာ နိုင်ငံရေး ပြဿနာပေါ်နေ ပါတယ်။ အာဏာအလွဲသုံးစားလုပ်မှုနဲ့ သမ္မတ Park ကိုတရားစွဲသင့် မသင့် ဖွဲ့စည်းပုံတရားရုံးက အဆုံးအဖြတ်ပေးရမယ်လို့ လွှတ်တော်မှာ ထောက်ခံခဲ့ကြတဲ့ ဒီဇင်ဘာလထဲက Park Geun-hye သမ္မတရာထူးကနေ ယာယီဖယ်ရှားခံထားရပါတယ်။ ဖွဲ့စည်းပုံ တရားရုံးရဲ့ဆုံးဖြတ်ချက် မကြာခင် ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

တကယ်လို့ တရားစွဲသင့်တယ်လို့ ဆုံးဖြတ်ရင် ရက်ပေါင်း ၆၀ အတွင်း သမ္မတရွေးကောက်ပွဲကို ကျင်းပရမှာဖြစ်ပြီး တရားမစွဲသင့်ဘူးလို့ ဆုံးဖြတ်ရင်တော့ အခုနှစ်ကုန်မှာ ရွေးကောက်ပွဲကို ကျင်းပပြီး Park Geun-hye ရဲ့ ၅ နှစ် သမ္မတသက်တမ်း ၂၀၁၈ အစောပိုင်းမှာ အဆုံးသပ်သွားမှာဖြစ်ပါတယ်။ အစိုးရက အဂတိလိုက်စားတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးပြဿနာပေါ်နေချိန်မှာပဲ တချိန်ထဲမှာ မြောက်ကိုရီးယား Nuclear အရေးကိစ္စနဲ့ပါတ်သက်လို့လည်း တောင်ကိုရီးယားမှာ အခြေအတင် အငြင်းပွားနေကြပါတယ်။

မတ်လ ၁ ရက်နေ့ကကျရောက်တဲ့ တောင်ကိုရီးယားလွတ်လပ်ရေးနေ့မှာ Park Geun-hye အပေါ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ Seoul မြို့တော်ထဲက Gwanghwamun ရင်ပြင်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အတော်များများက သမ္မတကို တရားစွဲဖို့ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတရဲ့ မြောက်ကိုရီးယားအပေါ် ကိုင်တွယ်ပုံဟာ သိပ်ကိုသဘောထားတင်းမာလွန်းပြီး မြောက်ကိုရီးယား Nuclear အစီအစဉ်တွေ လျော့နည်းသွားအောင် မလုပ်နိုင်ဘူးလို့ သမ္မတ Park ကို ဆန့်ကျင်သူတွေက ပြောကြပါတယ်။

အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်ကိုတောင်ကိုရီးယားမှာ တပ်ဆင်ထားရှိမယ့်ကိစ္စကိုလည်း အတော်များများက ကန့်ကွက်ကြပါတယ်။ ဒီအငြင်းပွားစရာစနစ်ကို ယာယီသမ္မတလည်းဖြစ် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Hwang Kyo-ahn က ဆက်ပြီး ထောက်ခံခဲ့တာပါ။ အင်အားကောင်းတဲ့ THAAD စနစ်က မြောက်ကိုရီးယားရဲ့ ရန်သာမက အာရှတိုက်နဲ့ ဥရောပတိုက်ကို ချိတ်ဆက်ဖြန့်ကြက်ထားတဲ့ ကျယ်ပြန့်တဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်ဖြစ်တယ်လို့ တရုတ်တို့ကဆိုပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာပါ။

မကြာခင်က တောင်ကိုရီးယားကို သွားခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် James Mattis နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Han Minkoo တို့ကြား THAAD စနစ်ထားရှိသွားရေးကို ဆွေးနွေးခဲ့ကြပြီးနောက်မှာ တရုတ်ဖက်က တောင်ကိုရီးယားအပေါ် စီးပွားရေးအရ ဖိအားတွေ တိုးခဲ့ပါတယ်။ တောင်ကိုရီယား Supermarket လုပ်ငန်းကြီးဖြစ်တဲ့ Lotte Group က Shenyang မြို့မှာ တည်ဆောက်မယ့် ဒေါ်လာ သန်းထောင်ချီတန် Project ကြီးကို တရုတ်အာဏာပိုင်တွေက ဆိုင်းထားတာအပါအဝင် တရုတ်က တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေလုပ်နေပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ THAAD စနစ်ကြောင့် တောင်ကိုရီးယားနဲ့ တရုတ်ကြား တင်းမာမှုတွေမဖြစ်သင့်ဘူးလို့ ဆန့်ကျင်ကန့်ကွက်နေကြသူတွေက ပြောနေကြပါတယ်။

"တောင်ကိုရီးယားနိုင်ငံက ကြားညှပ်နေတဲ့အတွက် ဘာမှလုပ်လို့မရပါ။ THAAD စနစ်ထားမှာကို ကျွန်တော်တို့ တော်တော်များများ ကန့်ကွက်ပါတယ်။ "

သဘောထားတင်းမာတဲ့ Conservative တွေဖက်က သမ္မတနဲ့ပါတ်သက်နေတဲ့ အရှုပ်တော်ပုံကြီးကို အရေးမကြီးသလိုလုပ်ပြီး နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရမယ်ဆိုတဲ့အချက်ကို အလေးထားပြော လာနေကြတာနဲ့အတူ သမ္မတ Park Geun-hye အပေါ် ထောက်ခံသူတွေလည်း အခုသီတင်းပါတ်ပိုင်းအတွင်းများလာနေပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက သမ္မတကိုထောက်ခံတဲ့ ဆန္ဒပြပွဲမှာ အမေရိကန်အလံတွေကို ဝှေ့ယမ်းဆန္ဒပြသူတွေက တရုတ်အစိုးရက ဖိအားပေးနေတဲ့အပေါ် အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

"တရုတ်က ကျွန်တော်တို့ရဲ့ မိတ်ဆွေမဟုတ်သလို မဟာမိတ်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရန်သူရဲ့ အနီးကပ်မဟာမိတ်ပါ။ အနာဂါတ်ကိုရီးယားအတွက် အဆုံးအဖြတ်ပေးမယ့် ကိုရီးယားကျွန်းဆွယ်နဲ့ဆိုင်သမျှ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ဖို့ တရုတ်ကကြိုးစားနေသမျှကို ကျနော်တို့ ဆန့်ကျင်ပါတယ်။"

Seoul မြို့တော်မှာရှိတဲ့ Presbyterian College and Theological Seminary ကောလိပ်က တွဲဖက်ပါမောက္ခလည်းဖြစ် Conservative လှုပ်ရှားသူ လည်းဖြစ်တဲ့ Chulhong Kim ပြောခဲ့တာပါ။ ခုလို အမေရိကန်ရဲ့ THAAD ဒုံးလက်နက်ရန် ကာကွယ်ရေးစနစ်က သဘောထားကွဲနေတဲ့ နိုင်ငံရေးဘက် ၂ ခုကြား အဓိကထောက်ပြစရာ ကိစ္စတခုဖြစ်နေပေမဲ့ နိုင်ငံရဲ့အကြီးဆုံး နိုင်ငံရေးပါတီကြီး ၃ ခုက သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ခြေရှိသူတွေကတော့ ဒီကိစ္စနဲ့ပါတ်သက်လို့ အလယ်အလတ်သဘောထား ပြသနေကြပါတယ်။

လက်ရှိအာဏာရ Liberty Korea ပါတီအတွက် သမ္မတလောင်းဖြစ်နိုင်တယ်လို့ အများမြင်နေကြတဲ့ လက်ရှိယာယီသမ္မတ Hwang က THAAD စနစ်ဟာ နိုင်ငံအတွက် အရေးကြီး၊ လိုအပ်တဲ့ အကာအကွယ်ဖြစ်တယ်လို့ ခိုင်ခိုင်မာမာပြောခဲ့ပေမဲ့ အခုတော့ တရုတ်နဲ့ သဘောထားကွဲမှုတွေကို သူ့အစိုးရက ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမယ် လို့ ပြောပါတယ်။ အဓိကအတိုက်အခံပါတီဖြစ်တဲ့ Democratic Party of Korea ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ ရှေ့ပြေးနေတဲ့ Moon Jae-in ကလည်း အမေရိကန်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာကို ထောက်ခံပေ မဲ့ ရွေးကောက်ပွဲပြီးတဲ့အထိ THAAD စနစ်တပ်ဆင်ဖို့ဆောင်ရွက်မှုတွေကို ဆိုင်းထားသင့်တယ်လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့လည်း သူကထောက်ခံပါတယ်။ သမ္မတ Park Geun-hye ကိုတရားစွဲဖို့ ထောက်ခံတဲ့ People’s Party ရဲ့သမ္မတလောင်း Ahn Cheol-soo ကတော့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ THAAD စနစ်ကို ထောက်ခံပေမဲ့ တောင်ကိုရီးယားရဲ့ လုံခြုံရေးကိစ္စမှာ တရုတ်က ဝင်စွက်ဖို့ ကြိုးစားမှုမှန်သမျှကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

"သိပ်ကို စိတ်ဆိုး မကျေမနပ်ဖြစ်နေရင်တောင် မကျော်သင့်တဲ့ စည်းဆိုတာ ရှိပါတယ်။ ဒါကြောင့် တရုတ်ရဲ့လုပ်ရပ်ကြောင့် ဖြစ်နေရတဲ့ အခြေအနေတွေအပေါ်မှာ ကျွန်တော်သိပ်ကို စိုးရိမ်ပါတယ်။"

တောင်ကိုရီးယားအစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ရွေးချယ် မနေသင့်ဘဲ ဆွေနွေးညှိနှိုင်းပြီး ၂ နိုင်ငံလုံးနဲ့ မဟာဗြူဟာမြောက် ဆက်ဆံရေး ထားရှိသင့်တယ်လို့လည်း ပြည်သူ့ပါတီရဲ့ သမ္မတလောင်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG