သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတသစ် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများ


တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတ မွန်းဂျေအင်းက ထောက်ခံသူတွေကို လက်ဆွဲနုတ်ဆက်နေစဉ်။ ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတ မွန်းဂျေအင်းက ထောက်ခံသူတွေကို လက်ဆွဲနုတ်ဆက်နေစဉ်။ ဓာတ်ပုံ - ရိုက်တာ

တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ပွဲမှာ Moon Jae-in အနိုင်ရရှိသွားပါပြီ။ ရွေးကောက်ခံသမ္မတ Moon Jae-in ဦးဆောင်မယ့် အစိုးရသစ်အနေနဲ့ မြောက်ကိုရီးယား အရေးကိစ္စ ကိုင်တွယ်ရေး၊ ဒုံးလက်နက်ရန် ကာကွယ်ရေးနဲ့ ပတ်သက်လို့ အင်အားကြီးမားတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ပြေလည်အောင် ဆောင်ရွက်ရေး စတဲ့ စိန်ခေါ်မှုတွကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် သမ္မတသစ် Moon Jae-in အစိုးရ တက်လာရင် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဘယ်လို သက်ရောက်ပြောင်းလဲမှုတွေ ရှိနိုင်ပါသလဲ။ မရှားဖောင်က စုစည်းတင်ပြထားပါတယ်။

တောင်ကိုရီးယားမှာ အင်္ဂါနေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ Liberal အတွေးအမြင်ရှိသူ Moon Jae-in မဲအများစုနဲ့ အနိုင်ရသွားပါပြီ။ မဲအများစုရေတွက်ပြီး အနိုင်ရလောက် သေချာသွားချိန်မှာ Moon Jae-in က အင်္ဂါနေ့ညမှာပဲ သူ့ကို ထောက်ခံတဲ့သူတွေကို ဆိုလ်းမြို့တော်မှာ အောင်ပွဲခံတဲ့ မိန်းခွန်းပြောကြားခဲ့ပါတယ်။

“မနက်ဖြန်ကနေစပြီး အားလုံးကိုကိုယ်စားပြုတဲ့ သမ္မတ တစ်ယောက် ကျနော်ဖြစ်လာတော့မှာပါ။ ပြည်သူအားလုံး ညီညွတ်မှုရှိအောင်ဆောင်ရွက်မယ့် သမ္မတဖြစ်အောင်ကြိုးစားသွားမှာဖြစ်သလို ကျွန်တော့်ကို မထောက်ခံသူတွေရဲ့ အကျိုးကိုပါဆောင်ရွက်သွားမယ့် သမ္မတဖြစ်စေရပါမယ်။”

သူရဲ့နောက်မှာ လိုက်နေတဲ့ ပြိုင်ဘက် သမ္မတလောင်း ၂ ယောက်က သူတို့ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပြီးနောက် လစ်ဘရယ်ကျတဲ့ လူ့အခွင့်အရေး ရှေ့နေဟောင်း Moon Jae-in က ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း အောင်ပွဲခံမိန့်ခွန်းပြောခဲ့တာပါ။ သူဟာ တချိန်တုန်းက ကျောင်းသားဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့တဲ့အမှုနဲ့ သမ္မတ ရာထူးကနေ ဖြုတ်ချခံလိုက်တဲ့ Park Geun-hye ကနေ ထောင်ချတာခံခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အခုအခါမှာ အဂတိလိုက်စားမှုတွေနဲ့ ဖမ်းဆီး တရားစွဲခံနေရတဲ့ သမ္မတဟောင်း Park Geun-hye အစိုးရရဲ့နိုင်ငံရေး အရှုပ်တော်ပုံကြောင့် အစိုးရအပေါ် အယုံအကြည်နည်းနေတဲ့ ပြည်သူတွေရဲ့ယုံကြည်မှုရရှိအောင် သမ္မတသစ်လုပ်ရမှာဖြစ်သလို၊ ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် အတွေးအမြင်ရှိသူအကြား သဘောထားကွဲလွဲမှုတွေရှိနေတဲ့ တိုင်းပြည်ကို သူ ဦးဆောင်သွားရတော့မှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းကတော့ ပြည်တွင်းလုံခြုံရေးကို ဦးစားပေးတဲ့ ကွန်ဆာဗေးတစ် ဖြစ်သူ Park Park Geun-hye ကို Moon Jae-in က သီသီကလေးကပ်ပြီး ရှုံးနိမ့်ခဲ့တာပါ။

Moon Jae-in က သူသမ္မတ ဖြစ်လာရင် ပညာရေးနဲ့ပြည်တွင်း အလုပ်အကိုင် ရရှိရေးအတွက် အစိုးရရဲ့အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲမယ်လို့ ပြောဆိုထားတာကြောင့် သူ့ကို ကြိုက်နှစ်သက်ကြတာ ဖြစ်တယ်လို့ သူအပေါ်ထောက်ခံသူ အတော်များများက ပြောပါတယ်။ဒါပေမယ့် မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံရေးကို လိုလားတဲ့ Moon Jae-in ရဲ့မူဝါဒတချို့ကြောင့် တောင်ကိုရီးယားရဲ့လုံခြုံရေးကို အားနည်းစေနိုင်တယ် ဆိုသူတွေကတော့ သူ့ကို လက်မခံချင်ကြပါဘူး။

Moon Jae-in ဟာ မြောက်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး အတွက် ဆွေးနွေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ လိုလားတဲ့ တချိန်တည်းမှာပဲ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှု အစီအစဉ်တွေကို စွန့်လွှတ်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် ဖိအားပေးမှုတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့တွေကို ဆက်လက် ထားရှိဖို့ လိုလားသူဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်အစောပိုင်း တောင်ကိုရီးယား သမ္မတဟောင်း Kim Dae-jung လုပ်ဆောင်ခဲ့တဲ့ Sunshine Policy Of Engagement မူဝါဒအတိုင်း မြောက်ကိုရီးယားအပေါ် ထောက်ပံ့မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီး တောင်နဲ့မြောက် ကိုရီးယားကြား ယုံကြည်မှု တည်ဆောက်မယ့်မူကို ပြန်လည်ကျင့်သုံးချင်သူ Moon Jae-in ရဲ့ အစီအစဉ်ကို တောင်ကိုရီးယားလူမျိုး တော်တော်များများက သဘောကျကြပါတယ်။

မွန်းဂျေအင်း ရွေးကောက်ပွဲအနိုင်ရမှု အပေါ် ထောက်ခံသူတွေ ပျော်ရွှင်အော်ဟစ်ခဲ့ကြပါတယ်။
မွန်းဂျေအင်း ရွေးကောက်ပွဲအနိုင်ရမှု အပေါ် ထောက်ခံသူတွေ ပျော်ရွှင်အော်ဟစ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားက စစ်ရေးရန်လိုမှုတွေနဲ့ နျူကလီးယားအစီအစဉ်တွေကို စွန့်လွှတ်ဖို့ ငြင်းဆိုနေတာကြောင့် ကိုရီးယားအချင်းချင်းကြားက ယုံကြည်မှုတည်ဆောက်ဖို့ ရည်ရွယ်တဲ့ ဒီ ထောက်ပံ့ရေး လုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေ ရပ်ဆိုင်းနေတာပါ။

သမ္မတသစ်အနေနဲ့ မြောက်ကိုရီးယားအရေးနဲ့ ပါတ်သက်လို့ အမေရိကန်နဲ့ တရုတ်ကြားမှာ ခက်ခဲတဲ့ သံခင်းတမန်ခင်း ဆောင်ရွက်မှုတွေ သမ္မတသစ်လုပ်ရလိမ့်မယ်လို့ ဆိုးလ်မြို့မှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် Brian Paden ကသုံးသပ်ပါတယ်။ အခု တောင်ကိုရီးယားနိုင်ငံမှာ တပ်ဆင်ထားပြီဖြစ်တဲ့ အမေရိကန်ရဲ့ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ် နိုင်ငံထဲမှာ ထားရှိရေး ပြန်လည်စဉ်းစားသင့်တယ်လို့ Moon Jae-in ပြောဆိုထားဖူးပါတယ်။

THAAD စနစ်ကြောင့် တောင်ကိုရီးယားနဲ့ တရုတ်ဆက်ဆံရေး ထိခိုက်နေတာပါ။ ကိုရီးယားကျွန်းဆွယ်မှာ ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ် ချထားခြင်းဟာ ဒေသအတွင်း အမေရိကန်က စစ်ရေးခြေဆန့်လာနေတယ်လို့ တရုတ်ဘက်ကမြင်ပြီး ဒါကိုမလိုလားတဲ့အတွက် တောင်ကိုရီးယားအပေါ် ခရီးသွားလုပ်ငန်းနဲ့ ကုန်ပစ္စည်းတင်ပို့မှုတွေကို တရုတ်ဘက်က တင်းကြပ်ကန့်သတ်နေပါတယ်။ ခုလို တောင်ကိုရီးယားအတွက် အရေးကြီးတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးကို သမ္မတသစ်အနေနဲ့ ချိန်ခွင်လျှာညှိ ဆောင်ရွက်သွားရမှာက စိန်ခေါ်မှုတခုအဖြစ် လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ တောင်ကိုရီးယားမှာ အစိုးရသစ် အပြောင်းအလဲ ဖြစ်လာတော့မှာမို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ်မှာရော ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ တောင်ကိုရီးယားမှာ နေထိုင်သူ မြန်မာ့အရေးဆောင်ရွက်သူ ကိုရန်နိုင်ထွန်းရဲ့ အမြင်ကတော့

“ သူက ဒီမိုကရက်တစ် ပါတီကကိုး၊ ဒီမိုကရက်တစ် ပါတီဆိုတာက အရင်က တောင်ကိုရီးယား နိုင်ငံရဲ့ နိုဘဲလ် ဆုရှင်ဖြစ်တဲ့ သမ္မတ ကင်ဒေးဂျုံ ပါတီက ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ဒီမိုကရက်တစ် ပါတီနဲ့ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနဲ့က အဆက်အစပ်တွေ အများကြီး ရှိပါတယ်။ သမိုင်းကြောင်းတွေ တူတာတွေလည်း အများကြီး ရှိပါတယ်။ စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှုတွေလည်း ရှိပါတယ်။ အခု ကျနော်တို့ ကိုရီးယား နိုင်ငံမှာ ရှိနေတဲ့ အချိန်ကာလ တောက်လေ ျှာက် အတွင်းမှာလည်း ဒီ ဒီမိုကရက်တစ် ပါတီကဘဲ ကျနော်တို့ကို ကူညီတာတွေ၊ ဖေးမတာတွေ၊ ထောက်ပံ့တာတွေ အများကြီး ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေတဲ့ အချိန်ကာလမှာလည်း တောက်လေ ျှာက်လိုလို အားပေးကူညီ ထောက်ပံ့ ခဲ့တာက ဒီ ကျနော်တို့ ကိုရီးယား နိုင်ငံရဲ့ ဒီမိုကရက်တစ် ပါတီကပါ။ အခု ဒီ ဒီမိုကရက်တစ် ပါတီကနေ ပြီးတော့ ကိုရီးယား နိုင်ငံရဲ့ ၁၉ ကြိမ်မြောက် သမ္မတ အဖြစ် Moon Jae-in အရွေးခံလိုက်ရတဲ့ အချိန်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကတော့ စီးပွားရေး မဆန်တဲ့ အတွင်းကျကျ ရင်းနှီးပွင့်လင်းစွာနဲ့ ဆက်ဆံမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ အရင်တုန်းကတော့ မြန်မာနိုင်ငံကို စီးပွားရေးဆန်တဲ့ ဆက်ဆံမှုတွေနဲ့ အစိုးရကနေပြီးတော့ ဆက်ဆံခဲ့ပါတယ်။ အခု ဒီ ဒီမိုကရက်တစ် ပါတီ အစိုးရ လက်ထက်မှာ ဒီမိုကရက်တစ် ပါတီက ပုဂ္ဂိုလ်က သမ္မတ ဖြစ်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံနဲ့ အတွင်းကျကျ ရင်းနှီးစွာနဲ့ ဒီမိုကရေစီရေးကို အားပေးတဲ့ ဆက်ဆံမှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျနောတို့ကတော့ ထဲထဲဝင်ဝင် အတွင်းကျကျ ယုံကြည်ပါတယ် ခင်ဗျ။"

တောင်ကိုရီးယားရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရသွားတဲ့ Moon Jae-in ဟာ တောင်ကိုရီးယား သမ္မတ သစ်အဖြစ် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG