သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမဂ္ဂအဆောက်အဦးတည်ဆောက်ရေး စတင်ဆွေးနွေး


ဖျက်ဆီးမခံရမီက ကျောင်းသားသမဂ္ဂ အဆောက်အဦး။
ဖျက်ဆီးမခံရမီက ကျောင်းသားသမဂ္ဂ အဆောက်အဦး။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဖြစ်မြောက်ရေး ကော်မတီတရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ဆွေးနွေးကြတဲ့ အစည်းအဝေးကို ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ အစိုးရဘက်က ပုဂ္ဂိုလ်တချို့နဲ့ NLD ပါတီခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ တက်ရောက်ခဲ့တဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ဘယ်လိုအကြောင်းအရာတွေ အဓိက ဆွေးနွေးခဲ့ကြတာပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

စစ်အာဏာရှင်အစိုးရလက်ထက် ဖျက်ဆီးခံခဲ့ရတဲ့၊ မြန်မာ့နိုင်ငံရေးမှာ သမိုင်းမှတ်တိုင်သင်္ကေတ တခုဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) အဆောက်အအုံ ပြန်လည် တည်ဆောက်ဖို့ အစိုးရက ခွင့်ပြုထားပြီးဖြစ်လို့ ဒီသမိုင်းဝင် အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး အတွက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းဖို့ကိစ္စကို ဒီကနေ့ ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့တော့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးက အခုလို ပြောပြပါတယ်။

“လာမယ့် ၂၈ ရက်နေ့ မနက် ၁၀ နာရီနဲ့ ၁၂ နာရီမှာ တော်ဝင်နှင်းဆီ မှာ ကော်မတီတရပ်ဖွဲ့စည်းဖို့ကို ကျနော်တို့ လုပ်ပါမယ်ခင်ဗျ။ အဲဒီတော့ အဲဒီကော်မတီ ၁ ရပ်ဖွဲ့စည်းတဲ့အခါမှာ အားလုံးကိုဖိတ်ပြီးတော့မှ လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်တခုက ၆၂ ခုနှစ် ကျောင်းသား သမဂ္ဂမှာလည်း ပါဝင်ခဲ့ပြီး အခုအထိ သက်ရှိထင်ရှားရှိနေတဲ့ ကျနော်တို့ နောင်တော်ကြီးတွေရှိပါသေးတယ်။ ဒီနောင်တော်ကြီးတွေကို ဖိတ်ကြားပြီးတော့ မှ အားလုံးကို ဖြစ်နိုင်သမျှလုပ်သွားမှာပါ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်တာပဲ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီလို လုပ်တဲ့အခါမှာလည်း နံပတ်၁ က ပြည်သူလူထုဆီကနေပြီးတော့မှ အလှူငွေကောက်ခံပြီးတော့မှပဲ ဆောက်မယ်။ အစိုးရပိုက်ဆံနဲ့ကျနော်တို့ တည်ဆောက်မှာ မဟုတ်ဘူးဆိုတာကိုလည်း ဒီနေ့အစည်းအဝေးမှာ စကားပြောဖြစ်ခဲ့ကြပါတယ်။ ကျနော်တို့ အားလုံးဆန္ဒရှိတာကတော့ ပြည်သူလူထုဆီကနေပြီးတော့ အလှူခံမယ် ကျနော်တို့ ကျောင်းသားတွေကလည်း ၁၀ ပဲ တတ်နိုင်တတ်နိုင် ၊ ၁၀၀ ပဲ တတ်နိုင်တတ်နိုင်၊ ၁၀၀ ပဲ တတ်နိုင်တတ်နိုင် ၊ ၁ သောင်း- ၁ သိန်း ပဲ တတ်နိုင်တတ်နိုင် အားလုံးပါဝင်ပူးပေါင်းပြီးတော့မှ အဲလိုရတဲ့ ရန်ပုံငွေနဲ့ပဲ ကျနော်တို့ တည်ဆောက်မယ်ဆိုတာကို ကျနော်တို့ စဉ်းစားဖြစ်ပါတယ်။ အစိုးရက ဒီကိစ္စမှာ ပံ့ပိုးတာကလွဲပြီး ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။”

နိုင်ငံ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံတခုဖြစ်တဲ့ တ.က.သ အဆောက်အအုံကို အခုအချိန်မှာ ဘယ်လို ပုံစံနဲ့ ပြန်လည် တည်ဆောက်သွားမလဲ ဆိုတဲ့အပေါ်မှာ အယူအဆတွေကတော့ အမျိုးမျိုး ရှိပါတယ်။ အရင်ရှိခဲ့တဲ့ လက်ရာအတိုင်း ပြန်လည် တည်ဆောက်ချင်သူတွေ ရှိသလို၊ ပုံစံသစ်နဲ့ အထိန်းအမှတ် အဆောက်အအုံပုံစံ ထားရှိချင်ကြသူတွေလည်း ရှိနေတာပါ။ ဒီလို အယူအဆ အမျိုးမျိုးကို လာမယ့် ဖြစ်မြောက်ရေး ဆွေးနွေးပွဲမှာ ဝိုင်းဝန်း ဆွေးနွေးတင်ပြကြပြီးတော့မှ အကောင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့ ဦးမြအေးက ပြောပါတယ်။

“သမဂ္ဂအဆောက်အဦးကို အရင်ပုံစံအတိုင်းဆောက်မယ်ဆိုတာလည်းရှိတယ်။ ဒါမှ မဟုတ်လုံးဝမဆောက်ပဲနဲ့ ဒီ သမဂ္ဂမြက်ခင်းပြင်ကို ဒီအတိုင်းပဲ ထားမယ် ဆိုတဲ့အယူအဆရှိတဲ့ လူတွေလည်းရှိတယ်။ နောက်ခေတ်နဲ့ အညီ တည်ဆောက်ပြီးမှ Memorial အဖြစ်ဘာတွေထည့်သွင်းမယ် ဆိုတာလည်း ရှိကြတယ်။ အဲလိုအယူအဆတွေမျိုးစုံရှိပါစေ ဖြစ်မြောက်ရေးကော်မတီမှာ ဆွေးနွေးကြပါ။ ညှိနှိုင်းကြပါ ပြီးတဲ့အခါကျမှ အဆောက်အဦးကြီးပေါ်မှာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါလို့ ဒါအားလုံးကို ကျနော်တိုက်တွန်းချင်တယ်။ ဒါအဆောက်အဦးကြီးပဲ သတ်သတ် ၊ ဆောက်ရုံသတ်သတ်မဟုတ်ပါဘူး။သမိုင်းကို ပြန်ပြီးတော့မှ ထူထောင်ရတဲ့ အခြေအနေတရပ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

ဒီကနေ့ ဆွေးနွေးပွဲကိုတော့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်ကျင်းပပေးခဲ့တာ ဖြစ်ပေမဲ့ NLD အနေနဲ့ တ.က.သ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးမှာ ထိန်းချုပ်ဖို့ လွှမ်းမိုးဖို့ ဆိုတာမျိုး ကြိုးစားတာဘာမှ မရှိဘူးလို့လည်း ဦးမြအေးက ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကတော့ ကနဦးအဆင့် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းဖို့ကိစ္စ ဆွေးနွေးတာသာ ဖြစ်လို့ လာမယ့် ၂၈ ရက်နေ့ ဆွေးနွေးပွဲကျမှသာ တက်ရောက်သူတွေ ပိုစုံလင်နိုင်သလို၊ ဆွေးနွေးမှုတွေလည်း ပိုပြီး ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေတ်ဆက်ဆက် ကျောင်းသား လူငယ်ခေါင်းဆောင်တွေကြား မျိုးချစ်စိတ်တွေ ရှင်သန် စိုက်ထူပေးရာနေရာတခုဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟာ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင်အစိုးရက ဗုံးခွဲ ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG