သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓါတုလက်နက်တိုက်ခိုက်မှု ကုလ အရေးပေါ်ဆွေးနွေး


ဆီးရီယား ဓါတုလက်နက်တိုက်ခိုက်မှု ကုလ အရေးပေါ်ဆွေးနွေး
ဆီးရီယား ဓါတုလက်နက်တိုက်ခိုက်မှု ကုလ အရေးပေါ်ဆွေးနွေး

ဆီးရီးယားနိုင်ငံမှာ လူအမြောက်အများ သေဆုံးခဲ့တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေ ထွက်ပေါ်နေချိန်မှာပဲ၊ ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ကျင်းပနေပါတယ်။

အကဲခတ်တွေ၊ သံတမန်တွေနဲ့ ဆန်းစစ်လေ့လာသူတွေကတော့ Idlib ပြည်နယ် Khan Sheikhoun မြို့က အဖြစ်အပျက်အတွက် ဆီးရီးယားသမ္မတ Bashar al-Assad ကို သစ္စာခံတဲ့ တပ်တွေနဲ့ မဟာမိတ် ရုရှားအပေါ် အပြစ်ဖို့နေကြတာပါ။

ထိခိုက်သေဆုံးသူတွေဟာ အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်သင့်ခဲ့တဲ့ ရောဂါလက္ခဏာတွေ တွေ့ရကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။ အနောက်နိုင်ငံတွေက အကူအညီပေးရေး အဖွဲ့အစည်းတွေကတော့ သေဆုံးသူ အရေအတွက်ဟာ ၁၀၀ လောက် ရှိနေပြီး၊ အဆိပ်သင့် ဖျားနာနေသူ ၃၅၀ ကျော် ရှိကြောင်း ပြောဆိုခဲ့ကြတာပါ။

ရုရှားကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ဆီးရီးယား အစိုးရတပ်တွေရဲ့ လေကြောင်းထိုးစစ်အတွင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဓာတုလက်နက်စက်ရုံ၊ ဒါမှမဟုတ် သိုလှောင်ထားတဲ့ နေရာကို ထိမှန်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား အစိုးရကလည်း ၆ နှစ်ကြာ ပြည်တွင်းစစ်အတွင်း အရပ်သားတွေအပေါ် ဓာတုလက်နက် အသုံးပြုတာမျိုး မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်ခိုက်မှုအတွက် ဆီးရီးယား အစိုးရကို အပြစ်တင်တဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပေမဲ့၊ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက အဆိုပြုခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဆီးရီးယား အစိုးရကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒီကနေ့မှာပဲ ပုပ်ရဟန်းမင်းကြီး Francis ကလည်း လက်ခံနိုင်စရာ မရှိတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ဒီကနေ့ပဲ ဗာတီကန်ကျောင်းတော်ကနေ ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ကလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချကြောင်း မနေ့တုန်းကပဲ အိမ်ဖြူတော်ကနေ ကြေငြာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ ၂၀၁၃ ခုနှစ်က ဒမတ်စကတ်မြို့တော်အနီး အရပ်သား ရာနဲ့ချီသေဆုံးမှုမှာ Sarin ဓာတုအဆိပ်ငွေ့ အသုံးပြုခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းသူတွေ အထောက်အထားတွေ နဲ့တကွ တွေ့ရှိခဲ့ တဲ့ ဖြစ်ရပ်ပြီးရင်၊ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့၊ အတိုက်အခံ ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ကတော့ ထိတ်လန့်တုန်လှုပ်စရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG