ထိုင်းနိုင်ငံမှာ အလုပ်ခိုင်းဖို့အတွက် ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၄၄ ယောက်ကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ တယ်လို့ ဒီကနေ့ထုတ် အစိုးရအာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၂ ဦးကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ထိုင်းရဲတပ်ဖွဲ့က လွှဲပြောင်းပေးခဲ့တာပါ။ အဲဒီလူတွေကို မော်လမြိုင်က လူငယ်သင်တန်းကျောင်းမှာ သုံးရက်ထားပြီးတဲ့နောက် လိုအပ်တဲ့ စစ်ဆေး ဆောင်ရွက်ချက်တွေပေးရင် နေရပ် ပြန်လွှတ်ပေးမယ်လို့ မြဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ပြောတာကို သတင်းမှာ ကိုးကားဖော်ပြထား ပါတယ်။
မြန်မာနိုင်ငံက အလုပ်သမား သန်းနဲ့ချီပြီးတော့ ထိုင်းနိုင်ငံတွင်း ဒေသအသီးသီးမှာ အလုပ်သွားလုပ်နေကြပြီး လူမှောင်ခိုကူးခံရတဲ့ ဖြစ်ရပ်အများအပြားလဲ ရှိထားပါတယ်။ အများအားဖြင့်တော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလန်းရှားတဲ့အတွက် မိသားစု စားဝတ်နေရေးပြေလည်ဖို့ မျှော်မှန်းချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ချင်သူတွေကို လူမှောင်ခိုကူးသူတွေက သွားဆောင် ဖြားယောင်းပြီး ရောင်းစားကြတာပါ။
ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင်သွားပြီးတဲ့နောက် ငါးဖမ်းလှေတွေနဲ့ တခြားလုပ်ငန်းတွေမှာ ရောင်းစားခံရတဲ့ အမျိုးသားနဲ့လူငယ်တွေ၊ အိမ်ဖော်တွေ၊ လိင်ဖျော်ဖြေသူတွေအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေ အများအပြား ရှိပါတယ်။