သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူသတ်တရားခံပြေး မြန်မာပြည်မှာမိ


ထိုင်း-မြန်မာ နယ်စပ်ဂိတ်
ထိုင်း-မြန်မာ နယ်စပ်ဂိတ်

မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားတယောက်ကို သတ်ဖြတ်မှု၊ တရားမဝင်လူကုန်ကူးမှုတွေနဲ့ မျက်ကွယ်သေဒဏ်ချခံထားရတဲ့ ထိုင်းရဲဆရာဝန်ဟောင်းတယောက်ကို ထိုင်းနဲ့ မြန်မာအာဏာပိုင်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ မွန်ပြည်နယ်ထဲမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုင်းရဲဆရာဝန်ဟောင်း ရဲမှူးကြီး Supat Laohawattana ဟာ မြန်မာနိုင်ငံသားတယောက်တင်မက ထိုင်းလူမျိုး ၂ ယောက်ကို သတ်ဖြတ်မှု၊ တရားမဝင် လူကုန်ကူးမှုတွေနဲ့ ထိုင်းရဲက သူ့ကိုအလိုရှိနေတာဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းသတင်းတွေနဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာပေးပို့တဲ့သတင်းတွေကို အခြေခံပြီး ရှားဖောင်က ဆက်တင်ပြပေးပါ့မယ်။

မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတယောက်ကို သတ်ဖြတ်မှုနဲ့ ဆရာဝန်ဟောင်း ရဲမှူးကြီး Supat Laohawattana နဲ့ သား ၂ ယောက်ကို ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့က ထိုင်းနိုင်ငံ Phetchaburi ခရိုင် တရားရုံးကနေ သူ့ကို မျက်ကွယ်သေဒဏ် မချမှတ်ခင် အာမခံနဲ့လွတ်မြောက်နေချိန်မှာ သူထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ရဲဆရာဝန်ဟောင်း Supat နဲ့ သားဖြစ်သူ Ake ဆိုသူဟာ မြန်မာအလုပ်သမားကို သတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ကျန်သားတယောက်ဖြစ်တဲ့ Akara ကိုတော့ အစောပိုင်းမှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပေမယ့်လို့ သူဟာ အမှုကျူးလွန်ခဲ့တဲ့အချိန်မှာ အသက် ၁၉ နှစ်သာရှိသေးတာကြောင့် နောက်ပိုင်းမှာ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခဲ့ပါတယ်။ ဆရာဝန်ဟောင်း ရဲမှူးကြီး Supat ကို မြန်မာနိုင်ငံသားတယောက်အပြင် ထိုင်းလူမျိုး ၂ ယောက်ကို သတ်ဖြတ်မှု၊ တရားမဝင်လူကုန်ကူးမှုတို့နဲ့လည်း ထိုင်းရဲက အလိုရှိနေတာဖြစ်ပါတယ်။

သူထွက်ပြေးလွတ်မြောက်နေတာ ၁ နှစ်ကျော်အကြာ မြန်မာနိုင်ငံထဲမှာ ရှိနေတယ်ဆိုတဲ့ သတင်းရရှိပြီးနောက် ထိုင်းရဲနဲ့ မြန်မာရဲတို့ ပူးပေါင်းပြီးတော့ မွန်ပြည်နယ်ဘက်ခြမ်းမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာဖက်က ရွှေ့ပြောင်းအလုပ်သမားတွေကို တရားမဝင် လူကုန်ကူးနေတဲ့ ရဲမှူးကြီး Supat ကို ပြန်လည်ဖမ်းနိုင်လိုက်တာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဒုဥက္ကဌ ဦးအောင်ကျော်က အခုလို ပြောပါတယ်။

“မြန်မာလုပ်သား၁ ဦးကို ခြံဝန်းထဲမှာ သတ်ထားတယ် ဆိုတာ ကျနော်တို့သိခဲ့တယ်။ အဲဒီတုန်းကလည်း ကျနေ်ာတို့ စိတ်ဝင်တစားနဲ့လေ့လာခဲ့တယ်။ သူ့ကို ထိုင်းဥပဒေအရ အာမခံပေးလို့ရတဲ့အမှုဖြစ်နေတော့ အာမခံနဲ့ ထွက်နေတယ်။ ဒီအမှုကို ဆက်လက်ပြီးရင်ဆိုင်နေတယ်လို့ ကျနေ်ာတို့ ကြားရတယ်။ အခုနောက်ဆုံးရလာတဲ့သတင်းအရ မြန်မာနိုင်ငံ မွန်ပြည်နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒီ ပုဂ္ဂိုလ် ကိုဖမ်းဆီးနိုင်ပြီးတော့မှ ထိုင်းဘက်ကို လွဲပြောင်းလိုက်ပြီဆိုပြီးတော့ ကျနော်တို့တွေ့ရတယ်။ ဆိုတော့ ဒီ ပုဂ္ဂိုလ် ဟာ ရွေ့ပြောင်းအလုပ်သမားတွေကို လူကုန်ကူးမှုမှာလည်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အစိတ်အပိုင်းမှာ အခုလို ၂ ဖက်နိုင်ငံ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးမှ အခုလို ဖမ်းဆီးလိုက်နိုင်ပြီဆိုတော့ ကျနော်ထင်ပါတယ် ကျနော်တို့ အနာဂတ်ကာလမှာ ရွေ့ပြောင်းအလုပ်သမားတွေကို လူကုန်ကူးခြင်းခံရတဲ့ ကိစ္စတွေနောက်နောင်ဖြစ်ပေါ်လာဖို့ နည်းသွားမယ်လို့ ကျနော်တို့ သုံးသပ်လို့ ရတာပေါ့ခင်ဗျ။”

ဆရာဝန် Supat ဟာ ထိုင်းနိုင်ငံ ဘက်ခြမ်း ကန်ချနဘူရီ ခရိုင် အတွင်းမှာရှိတဲ့ ဘုရားသုံးဆူ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီးတော့ မြန်မာလူမျိုး ဇနီးနဲ့အတူ မြန်မာနိုင်ငံဘက်ခြမ်းမှာ ပုန်းနေခဲ့တာဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေရဲ့အပြောကို ကိုးကားပြီး Bangkok Post သတင်းစာထဲမှာ ဖော်ပြပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကို ပက်ချာဘူရီခရိုင်ထဲက နာနတ်ခြံတခုပိုင်ရှင်ရဲ့ သားနဲ့ ချွေးမဖြစ်သူတို့နဲ့အတူပျောက်ဆုံးနေတဲ့ ထရပ်ကားကို Nonthaburi ခရိုင်က ရဲမှူးကြီး Supat ပိုင်တဲ့ အိမ်တခုမှာတွေ့ရှိခဲ့ရာက စစ်ဆေးမှုတွေ စတင်ခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုကနေ သူပိုင်တဲ့ သစ်ခွခြံထဲမှာ မြှုပ်နှံထားတဲ့ အရိုးစု ၃ ခုကို တူးဖော်တွေ့ခဲ့ကြပါတယ်။ အရိုးစုတခုက မြန်မာလူမျိုး တယောက်ဖြစ်တယ်လို့ DNA စစ်ဆေးမှုတွေကတေ့ွရှိခဲ့ပါတယ်။ ဒါကြောင့် ဆရာဝန်ဟောင်း ရဲမှူးကြီး Supat Laohawattana ကို လူသတ်မှု၊ လူမှောင်ခိုကူးမှု၊ လူသေအလောင်းဖျောက်ဖျက်မှု၊ ခိုးမှုတို့နဲ့ တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံသားကိုသတ်မှုနဲ့ သေဒဏ်ချခံထားရတာဖြစ်ပါတယ် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG