သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice အယ်ဒီတာချုပ် ၆၆(ဃ)နဲ့ တရားစွဲခံရ


The Voice နေ့စဉ် သတင်းစာ
The Voice နေ့စဉ် သတင်းစာ

The Voice နေ့စဉ် သတင်းစာမှာဖော်ပြခဲ့တဲ့“ကျည်ထောင်စုသစ္စာ” သရော်စာနဲ့ပတ် သက်လို့တပ်မတော်က The Voice အယ်ဒီတာချုပ်နဲ့ကလောင်ရှင်ကို ဒီကနေ့မှာ ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့တရားစွဲလိုက်ပါတယ်။

ဒါနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံ သတင်း နဲ့ မီဒီယာကောင်စီထံ တိုင်ကြား ထားပြီး ပြေလည်မှုရရှိရန် ကောင်စီက ကြား ဝင်ဖြေရှင်းပေးနေရဆဲအချိန်မှာ အခုလိုအမှုဖွင့် လိုက်တာပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း ကမေခကမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လက်နက်ကိုင်ပဋိပက္ခကို ဝေဖန်သရော် ထားတဲ့“ကျည်ထောင်စုသစ္စာ” သရော်စာကို မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့တာမှာ တပ်မတော်ဘက်က ဒီအပေါ်ကန့်ကွက်လွှာပေး ဖို့ခဲ့သလို မြန်မာနိုင်ငံသတင်းနဲ့ မီဒီယာ ကောင်စီထံ တိုင်ကြားထားခဲ့တာ ပြီးခဲ့တဲ့လထဲ ကပါ။ မြန်မာနိုင်ငံသတင်းနဲ့ မီဒီယာ ကောင်စီထံ တိုင်ကြားထားပြီး ပြေလည်မှုရရှိဖို့ကို ကောင်စီက ကြားဝင် ဖြေရှင်းပေးနေရ ဆဲဖြစ်ပါတယ်။

ဒီသရော်စာကို The Voice ပင်တိုင်သရော်စာကလောင်ရှင် ဗြိတိသျှ ကိုကိုမောင်က ရေးသားထား တာပါ။ နာမည်ကျော် ၆၆ ဃပုဒ်မ နဲ့တရားစွဲခံရတာနဲ့ပတ်သတ်လို့ ကာယကံရှင် The Voice သတင်း ဌာနအယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ တရားစွဲခံရတဲ့အပေါ်ခုလိုပြောပြပါတယ်။

“ဟုတ်တယ် အဲဒါကတော့ ဗဟန်းရဲစခန်းကနေပြီးတော့ စာပို့တယ် အယ်ဒီတာချုပ်ရယ်၊ဗြိတိသျှကိုကိုမောင် ၂ ယောက်ကို လောလောဆယ်တော့ ဒီကိစ္စကို မီဒီယာတွေကို ကျနော် အယ်ဒီတာအဖွဲ့နဲ့ တိုင်ပင်ရဦးမှာမို့ မဖြေသေးဘူးနော် နောက်မှ။”

ဒီသရော်စာ ခေါင်းစဉ်ကို ၇၂ ကြိမ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အနေနဲ့ တပ်မတော်က ရိုက်ကူးထုတ် လုပ်ခဲ့တဲ့ “ပြည်ထောင်စုသစ္စာ” ဇာတ်ကားအမည်ကို အခြေခံပြီး ပေးထားခြင်း ဖြစ်ပါတယ်။ ပြေလည်ဖို့အတွက် ညှိနှိုင်းနေချိန်အတွင်းမှာပဲ တပ်မတော်ဘက်က အမှုဖွင့်လိုက်တာနဲ့ပတ်သက်ပြီး The Voice နေ့စဉ် သတင်းစာ ရဲ့တာဝန်ခံအယ်ဒီတာ ကိုကျော်ဆန်းမင်းက

“တကယ်တော့ ကျနော်တို့ကလည်း အမူဖွင့်တာမသိဘူးခင်ဗျ ဒီနေ့ နေ့လည်ပိုင်းကပဲ စာရောက်လာမှ အမူဖွင့်တာသိတာပေါ့နော် သူတို့က ပ ၂၂၄/၂၀၁၇ နဲ့ဖွင့်တာပေါ့နော်။ ၆၆ ဃ ပုဒ်မနဲ့ပေါ့နော်။ စာနည်ဇင်းကောင်စီကလည်း မသိဘူးထင်တယ် ဘာကြောင့်လဲဆိုတော့ စာနည်ဇင်းကောင်စီကလည်းမနက်ဖြန် ကျနော်တို့ကို တွေ့ဖို့ခေါ်ထားတယ်။ ဒီကိစ္စညှိနှိုင်းဖို့ပေါ့နော် ခေါ်ထားတယ်ဆိုတော့ ကျနော်တို့ကတော့ လောလောဆယ်မှာ ညှိနှိုင်းအဆင့်လို့ပြောရမှာပဲ။ မပြတ်သေးဘူးပေါ့နော် အဲဒီအချိန်မှာ ဘာကြောင့်အမှုဖွင့်သလဲ ဆိုတာတော့ ကျနော်လည်း မသိသေးဘူးပေါ့နော် မနက်ဖြန် စာနည်ဇင်းကောင်စီနဲ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ကိုတွေ့ဖို့ ချိန်းထားတယ်၊ ဒါက အရင်ကတည်းက ချိန်းထားတာပေါ့နော် ။ဆိုတော့ ကျနော်တို့က မနက်ဖြန် စာနည်ဇင်းကောင်စီနဲ့တွေ့မယ် နောက် ညနေပိုင်း ၄ နာရီကို ရဲစခန်းမှာ သွားပြီးတော့ ဖြေရှင်းဖို့ ရှိပါတယ်။”

တရားစွဲထားတာနဲ့ပတ်သတ်လို့ တပ်မတော်ကိုဆက်သွယ်မေးမြန်းတာမှာ ပြည်သူ့ ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှုးရုံးက ပြန်ကြားရေးတာဝန်ခံ ကိုဆက်သွယ်ရာမှာတော့ ဆွေးနွေးပွဲလုပ်ဆောင်နေရတာဖြစ်တဲ့အတွက် ဖြေကြားနိုင်ခြင်းမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမှုဆွဲတာနဲ့ပတ်သတ်လို့ ဗဟန်းရဲစခန်းကိုဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေ ကြားခြင်းမရှိပါဘူး။

လက်ရှိတည်ဆဲ မီဒီယာ ဥပဒေအရ စာနယ်ဇင်းကောင်စီအနေနဲ့ တိုင်ကြားမှု မှန်သမျှကို ရရှိပြီး ၁၅ ရက်အတွင်း စတင်ကိုင်တွယ်ရမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ပြီးပြတ် အောင် ဆောင်ရွက်ပေးရမှာပါ။

တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားဖော်ပြ မှုများနဲ့ပတ်သက်လို့ တပ်မတော်ဘက်က တရားစွဲဆိုတာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက စစ်တက္ကသိုလ် ကျောင်းဆင်းများ သို့ ပေးပို့သည့် သဝဏ်လွှာကို သတင်းရေးတာနဲ့ ပတ်သက်လို့ 7Day Daily ကိုတပ်မတော် က ရာဇဝတ် မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃၁ နဲ့ တရားစွဲဆိုခဲ့ဖူးပါတယ်။

ညှိုနှိုင်းလို့ရတဲ့အတွက် အမှုပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် 7Day သတင်းစာက အစိုးရ သတင်း စာများမှာပါ တပ်မတော်ကို တောင်းပန်စာတစောင်နဲ့တောင်းပန် ပေးခဲ့ရဖူး ပါတယ်။ ၂၀၁၅ ခုနှစ် တုန်း ကတော့ မြန်မာတိုင်းမ် သတင်းဌာနအပတ်စဉ် ထုတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ကာတွန်းဆရာ ထူးချစ် တကွက်ကာတွန်းနဲ့ပတ်သတ်လို့ တပ်မတော်ကကန့်ကွက်ခဲ့ပြီး ဒါကိုလည်း တောင်းပန်ခဲ့ရဖူးပါတယ်။

အရင်အစိုးရလက်ထက်မှာ ၆၆(ဃ)နဲ့ တရားစွဲခံရမှု(၇)မှုရှိခဲ့ပြီးပြစ်ဒဏ် ချမှတ်ခံရသူ (၅)မှုရှိခဲ့ပါတယ်။လက်ရှိအစိုးရလက်ထက်မှုာတော့ တရားရုံးတင် တရားစွဲဆိုခံရနတဲ့ အမှုပေါင်း(၅၉)မှု ရှိပြီး ပြစ်ဒဏ်ချမှတ်ပြီးအမှု(၁ဝ)မှု၊ လတ်တလော အာမခံမရရှိဘဲ အချုပ်ကျနေသောအမှု(၆)မှု ရှိနေပါတယ်။ ၂ဝ၁၇ခုနှစ်၊ မေလ(၁၇)ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းတွေကို ကြည့်မယ်ဆို ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)နဲ့ တရားရုံးတင်ပြီးတရားစွဲဆိုမှု စုစုပေါင်း(၆၆)မှု ရှိသွားပြီဖြစ်ပါတယ်လို့ဆက် သွယ်ရေး ဥပဒေဆိုင်ရာသုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG