သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားကို ဟန့်တားဖို့ ကန်လေယာဉ်တင်သင်္ဘော တတိယအုပ်စု စေလွှတ်


မှတ်တမ်းပုံ။ အမေရိကန် ရေတပ် Nimitz လေယာဉ်တင် သဘောၤ အုပ်စု ပစိဖိတ် သမုဒ္ဒရာတွင်း စစ်ရေးလေ့ကျင့်။ ဧပြီလ ၃ ရက် ၂၀၁၇။
မှတ်တမ်းပုံ။ အမေရိကန် ရေတပ် Nimitz လေယာဉ်တင် သဘောၤ အုပ်စု ပစိဖိတ် သမုဒ္ဒရာတွင်း စစ်ရေးလေ့ကျင့်။ ဧပြီလ ၃ ရက် ၂၀၁၇။

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နဲ့ နျူးကလီးယား အစီအစဉ်ကို ဟန့်တားဖို့ အတွက် မြောက်ကိုရီးယားကို သတိပေးတဲ့ အနေနဲ့ အမေရိကန်က တတိယမြောက် လေယာဉ်တင် စစ်သင်္ဘောတစင်း အပါအဝင် စစ်သင်္ဘော အုပ်စုတခုကို ပစိဖိတ် အနောက်ဘက်ခြမ်း ဒေသကို စေလွှတ်လိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောတွေထဲက တခုဖြစ်တဲ့ USS Nimitz လေယာဉ်တင် သင်္ဘောဟာ USS Carl Vinson နဲ့ USS Ronald Reagan တို့နဲ့ အတူ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းမှာ ပူးပေါင်းမှာဖြစ်တယ်လို့ သတင်းရင်းမြစ် ၂ ခုက ဗွီအိုအေကို ပြောပါတယ်။အမေရိကန် စစ်တပ်ဘက်က ဒေသတခုထဲကို အခုလို လေယာဉ်တင် စစ်သင်္ဘော ၃ စင်း တပြိုင်တည်း စေလွှတ်တယ် ဆိုတာမျိုးဟာ အတော်ကို ကြုံတောင့်ကြုံခဲ ကိစ္စ ဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှု အန္တရာယ် တိုးလာနေတာက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အတွက်တော့ ကြီးမားတဲ့ လုံခြုံရေး စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။ အီတလီနိုင်ငံ စစ္စလီကျွန်းမှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ဆွေးနွေးပွဲ မတိုင်ခင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အတူရှိနေစဉ် သမ္မတထရမ့် ပြောကြားခဲ့တာမှာတော့ G 7 ခေါင်းဆောင်တွေ အနေနဲ့ မြောက်ကိုရီးယား ကိစ္စကိုပဲ သပ်သပ် ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဘက် ပဲ့ထိန်းဒုံးကျည်နဲ့ နျူးကလီးယား အစီအစဉ်တွေ နောက်ထပ် ထပ်မလုပ်နိုင်အောင် တားဆီးတဲ့ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ တိုးမြှင့်သွားဖို့အတွက် အမေရိကန် နဲ့ ဂျပန်နိုင်ငံ ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့တယ်လို့ သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ အိမ်ဖြူတော်ရဲ့ကြေညာချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG