သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူလက်နက်စွန့်ရေး တရုတ်ဖိအားပေးနိုင်မည်ဟု ကန်ဒုသမ္မတယုံကြည်


အမေရိကန် ဒုတိယသမ္မတ Mike Pence က သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ
အမေရိကန် ဒုတိယသမ္မတ Mike Pence က သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ

မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာတွေကို စွန့်လွှတ်ဖို့ တရုတ်နိုင်ငံက သြဇာအရှိန်အဝါသုံးပြီး ပိုမိုဆောင်ရွက်သွားလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ထားကြောင်း ဆစ်ဒနီမြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယသမ္မတ Mike Pence က သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်ဖို့ ဖိအားပေးရာမှာ တရုတ်နိုင်ငံက ပိုမိုတာဝန်ယူဖို့လည်း အမေရိကန်နဲ့ သြစတြေးလျ ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ နှစ်ပေါင်း အစိတ်လောက် ကြာအောင် မြောက်ကိုရီးယား လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တဦးအဖြစ် သြစတြေးလျကို ပထမဆုံးရောက်လာတဲ့ ဒုသမ္မတ Pence က ပြောဆိုခဲ့တာပါ။

နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံး အစီအစဉ်တွေနဲ့ ဒေသတွင်းကိုပါ ကျော်လွန်ပြီး အမေရိကန် ပြည်ထောင်စုအထိ ခြိမ်းခြောက်လာနိုင်တဲ့ မြောက်ကိုရီးယားရဲ့ အန္တရာယ်ကို ဒုသမ္မတ Pence က သတိပေး ပြောဆိုသွားခဲ့တာပါ။ အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson ဦးဆောင်တဲ့ ရေတပ်အုပ်စုဟာ ကိုရီးယားကျွန်းဆွယ်က ထွက်ခွာလာပြီး၊ ရက်ပိုင်းအတွင်း ဂျပန်ပင်လယ်ပြင်ကို ရောက်မယ်လို့လည်း ပြောပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ်ကတော့ တရုတ်နိုင်ငံက စီးပွားရေးအရ မြောက်ကိုရီးယားကို ဖိအားပေးနိုင်ကြောင်း ပြောဆိုခဲ့တာပါ။ သြစတြေးလျနိုင်ငံကို ရောက်လာကြတဲ့ ခိုလှုံခွင့်ရဖို့ကြိုးပမ်းသူ ၁၂၅၀ ကို အမေရိကန်က လက်ခံဖို့ သဘောတူညီချက်ကို လေးစားလိုက်နာမှာ ဖြစ်ကြောင်းလည်း အမေရိကန်ဒုသမ္မတ Pence က ပြောကြားခဲ့ပါတယ်။ ဒုက္ခသည်တွေကို လက်ခံဖို့ သမ္မတဟောင်း Barack Obama လက်ထက်က သဘောတူညီချက်ကို သမ္မတ Trump ကတော့ အသုံးမကျတဲ့ အစီအစဉ်တခုအဖြစ် ဝေဖန်ထားတာပါ။ ဒုသမ္မတ Pence ဟာ ၁၀ ရက်ကြာ အာရှခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် သြစတြေးလျကို ရောက်ရှိနေတာဖြစ်ပြီး၊ ခရီးစဉ်အစမှာတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG