သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် တိဘက်နဲ့ရှင်ကျန်းအရေး ဒေါ်စု သဘောထား အပေါ် သုံးသပ်ချက်


ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတနဲ့တွေ့ဆုံ။ သြဂုတ် ၁၉၊ ၂၀၁၆။
ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတနဲ့တွေ့ဆုံ။ သြဂုတ် ၁၉၊ ၂၀၁၆။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မကြာခန ဝေဖန်ခံရလေ့ရှိတဲ့ တရုတ်နိုင်ငံက တိဘက်နဲ့ ရှင်ကျန်းဒေသ အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို နားလည်ထောက် ခံကြောင်း မြန်မာအစိုးရက ပြောဆိုလိုက် ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တာပါ။ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒကို လက်ကိုင်ထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ အခုလို ထူးထူးခြားခြား ပြောဆိုခဲ့တဲ့အပေါ် မြန်မာ့အရေး ကျွမ်းကျင်သူ ဦးမင်းဇင်ရဲ့ သဘောထားကို ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း က မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ကိုမင်းဇင်ခင်ဗျာ၊ အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ၅ ရက်ကြာခရီးစဉ် အပြီးမှာ ထွက်လာတဲ့ တရုတ်နဲ့ မြန်မာ ပူးတွဲကြေ ညာချက်ပေါ့နော်။ ဒီကြေညာချက်ကို ဖတ်ရတာ အတော်လေး အားရစရာကောင်း ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးကိစ္စ၊ ပူးပေါင်းဆောင်ရွက်ကိစ္စ၊ ဒီ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို တရုတ်ကနေ ကူညီမယ်ဆိုတဲ့ကိစ္စ၊ နိုင်ငံ တကာ အရေးတွေမှာ မြန်မာနဲ့တရုတ် နားလည်မှုအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ကိစ္စတွေ၊ ဒီကိစ္စတွေက တော်တော်လေး အားရစရာကောင်းပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ထူးခြားတဲ့အချက်ကလေးတချက်ပါတယ်ခင်ဗျာ။ အထူးသဖြင့် ကြေညာချက်အပိုဒ် နံပါတ် ၇ မှာပေါ့နော်။ အဲ့ဒီထဲမှာ ထည့်ပြော ထားတာက တရုတ်နိုင်ငံရဲ့ တနိုင်ငံတည်းအဖြစ် ရပ်တည်ဖို့ဆိုတာကို အထူးသဖြင့် ထိုင်ဝမ် ကိစ္စပေါ့နော်၊ အဲဒါကို မြန်မာနိုင်ငံ ကနေပြီးတော့ နားလည်တယ်၊ ထောက် ခံတယ် ဆိုတဲ့အချက်။ ဒါအပြင် ဒီ့ထက်ပိုပြီးတော့ ထူးခြားတဲ့ အချက်က ဒီ တိဘက် ပြည်အရေးနဲ့ ဒီရှင်ကျန်းပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စတွေမှာ တရုတ်နိုင်ငံရဲ့ ရပ်တည် မှုကို မြန်မာဘက်ကနေပြီးတော့ နားလည်ပြီးတော့ ထောက်ခံပါတယ် ဆိုပြီးတော့ ဖော်ပြထားတယ်။ ဒါက တော်တော်လေး ထူးခြားတဲ့အချက်လို့ မမြင်ဘူးလားခင်ဗျာ။

ဦးမင်းဇင်။ ။ ခုန ပြောလိုပဲပေါ့နော်။ ဒီ ကျနော်တို့ ဒီ မြန်မာနဲ့ တရုတ်အိမ်နီးချင်း ဆက်ဆံရေးမှာ မြန်မာအစိုးရ အဆက်ဆက်ကတော့ တရုတ်နဲ့ပတ်သက်လို့ရှိရင် ဒီလက်တွေ့နိုင်ငံရေးပေါ့၊ လက်တွေ့နိုင်ငံရေးကို အခြေခံပြီးတော့ တတ်နိုင်သမျှ အထိုက်အလျှောက် လိုက်လိုက်ရောရော ဆက်ဆံတာတွေရှိပါတယ်။ ကိုယ့်မှာ လည်း ပြည်တွင်းစစ်က ရှိနေတယ်၊ အိမ်နီးချင်းနိုင်ငံကလည်း အင်အားကြီး နိုင်ငံဖြစ် တဲ့အခါကျတော့ ဒါကြောင့်မို့ တရုတ်တပြည်တည်းမူဝါဒ ဆိုဒါကတော့ အသစ်အဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် ခုနပြောသလိုပဲ ရှင်ကျန်းနဲ့ တိဘက်ကိစ္စက ကျတော့ ကျနော်နားလည်သလောက်ဆိုရင် ဒါဟာ အခုမှ ဒေါ်အောင်ဆန်းစုကြည် လက်ထက်ကျမှ တရားဝင်ပေါ့နော်၊ လူသိရှင်ကြားထုတ်ဖော်ပြောတဲ့ ကိစ္စလို့ ထင် ပါတယ်။ အရင် မဆလ၊ နဝတ၊ နအဖ အဆက်ဆက်ကတော့ ပြောကောင်းပြော ခဲ့မယ် ဒါပေမယ့် တရားဝင် ဒီလောက်ကြီး သူသိရှင်ကြား ပြောဒါမျိုးတော့ ကျနော် လက်လှမ်းမီသလောက်တော့ မရှိသေးပါဘူး။ ကျနော်မှားရင်တော့ မှားနိုင်ပါတယ်။ လက်လှမ်းမီသလောက်မရှိသေးပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ထူးခြားချက် တခုက ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ကပေါ့နော် အထူးသဖြင့် ဒါလူ့အခွင့်အရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး ကိစ္စတွေ၊ ဗမာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ တကယ့်ကိုယ် Icon တခုအနေနဲ့ ထင်ထင်ရှားရှားနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုတောင် ရရှိထားတဲ့ လူတယောက်အနေနဲ့က ဒီတရုတ်ပြည် ဒီအရေးမှာ တရုတ်နိုင်ငံကို နိုင်ငံတကာ က ဝေဖန်နေတယ်ဆိုတဲ့ ကိစ္စတွေဟာ ဒီတိဘက်နဲ့ ရှင်ကျန်းကိစ္စမှာ တရုတ်နိုင်ငံ အစိုးရရဲ့ ကိုယ်တွယ်ပုံတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကထား ပြီးဝေဖန်နေကြတာ။ အဲဒီတော့ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ် တစ်ယောက်က သူ့ရဲ့ခရီးစဉ်အပြီးမှာ ဒီလိုပူးတွဲကြေညာချက် ထုတ်တယ်ဆိုတာ ဒီနိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ အတွက် ဘယ်လိုသက်ရောက်မှုဖြစ် သွားစေမလဲ၊ ဘယ်လို ထင်ကြေးတွေပေါ်လာနိုင်သလဲခင်ဗျာ။

ဦးမင်းဇင်။ ။ ဒီဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီ အတိုက်အခံခေါင်းဆောင် ဘ၀ ကနေပြီးတော့ ဒါအစိုးရခေါင်းဆောင်ဖြစ်လာတဲ့ အခါကျတော့ သူ့မှာ စဉ်းစား ပုံတွေပြောင်းနိုင်တာတွေ ရှိနိုင်ပါတယ်။ နောက်ပြီးတော့ ချဉ်းကပ်ပုံတွေပြောင်း နိုင်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း တခုသေချာ တာကတော့ နိုင်ငံတကာ မှာ နိုင်ငံခြားရေးပေါ်လစီကိုလုပ်တဲ့အခါမှာ ဒီအမျိုးသားအကျိုးစီးပွားဆိုတဲ့ လက်တွေ့နိုင်ငံရေး တခုတည်းကိုပဲကြည့်ပြီးတော့ လုပ်နေမယ်ဆိုရင် အဲဒီနိုင်ငံဟာ ကျနော် တို့ နိုင်ငံတကာမှာ ပွဲလည်တင့်ပြီးတော့ သိက္ခာရှိတာမျိုး ရနိုင်ဖို့ ခဲယဉ်းပါတယ်။ ဘာဖြစ်လည်းဆိုတော့ အမျိုးသားအကျိုး စီးပွားကိုလည်းလုပ်တယ်၊ တဘက်က လည်း နိုင်ငံတကာ စံချိန်စံနှုန်းတွေဖြစ်တဲ့ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီတွေ ကို စောင့်ထိန်း လိုက်နာတာမျိုး၊ ဒါမျိုးလိုက်နာဖို့အတွက် မူဝါဒချမှတ်တာ မျိုးတွေကို နိုင်ငံတကာကမြင် ချင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုလို့ရှိရင်လည်း သူနေအိမ်အကျယ်ချုပ် ကျတဲ့အချိန်မှာ သူထောက်လျှောက်ပြောခဲ့တာရှိပါတယ်။ အဲဒါကဘာလဲဆို ဒီ please use your liberty to promote ours, သူပြောချင်တာကတော့ သင်တို့ရဲ့၊ ရှင်တို့ရဲ့ လွတ်လပ် ခွင့်တွေကိုသုံးပြီးတော့ ကျမတို့ရဲ့ လွတ်လပ်ခွင့်တွေကိုမြှင့်တင်ပေးပါ ဆိုပြီးတော့ သူကိုယ်တိုင် တောင်းဆိုခဲ့တာတွေရှိပါတယ်။ အခုအချိန်ထိလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်တယ်လို့ ပြောလို့ မရသေးပါဘူး။ ဒါကြောင့် မို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပဲ ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေးတွေ အတွက် နိုင်ငံတကာကို အကူအညီတောင်းနေ တာတွေရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံခြားရေး မူဝါဒကိုချမှတ်တဲ့အခါမှာ လူ့အခွင့်အရေး တခုပဲကြည့်ရမယ်လို့ ပြောလို့လည်းမရသလို တဘက်ကလည်း လူ့အခွင့်အရေးတွေ ကို လုံးဝမျက်ကွယ်ပြုု ပြီးတော့ အမျိုးသားအကျိုးစီးပွား တခုထဲပဲ လုပ်သင့်တယ် ဆိုလို့ရှိရင်လည်း နိုင်ငံတကာအလယ်မှာတော့ အင်မတန်မှ အငြင်းပွားစရာတွေ ဖြစ်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြောထားတာရှိပါတယ်။ သူဟာ နိုင်ငံရေးသမားပေါ့နော်။ အဲ့တော့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဆိုပြီးတော့ သူ့အနေနဲ့ လုံးလုံးခံယူပြီးတော့ အခုဒီလူ့အခွင့်အရေးကိစ္စတွေကို အမျိုးသားအကျိုးစီးပွား အတွက်ပဲ ကြည့်ပြီးတော့ အခုချိန်မှာ မပြောသင့်ဘူးလို့ သူဆုံးဖြတ်လိုက်တာရော ဖြစ်နိုင်သလားခင်ဗျာ။

ဦးမင်းဇင်။ ။ တခုက သူကနေ သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ခံယူ တာလည်း ဒါက သဘာ၀ ကျပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာက သူ့ကို ရှု့မြင်တာကတော့ နိုင်ငံတကာက သူ့အပေါ်မှာ လေးစားကြည်ညိုတာ ကတော့ နိုင်ငံ တကာမှာ သြဇာတိက္ကမကြီးတာကတော့ အဓိကတော့ သူဟာ လူ့အခွင့်အရေး တိုက်ပွဲမှာ ရုန်းကန်ခဲ့တဲ့လူ သတ္တိရှိတဲ့ လူဆိုတဲ့အမြင်နဲ့ နိုင်ငံ တကာက သူ့ကိုပိုပြီးတော့ ကြည်ညိုလေးစားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးသမား တယောက်အနေနဲ့ ဒီလိုအောင်ပွဲခံခဲ့တယ်၊ အခုနိုင်ငံရေးသမားတယောက်အနေနဲ့ကော သူဟာနိုင်ငံ တကာမှာ မျက်နှာပန်း ပွင့်မလား ဆိုတာကတော့ သူ့ရဲ့လုပ်ဆောင်ချက်အပေါ် အများကြီးမူတည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာကျနော် နှိုင်းယှဉ်ချက်လေးတခု သွားသတိရ ပါတယ်။ အထူးသဖြင့် တောင်အာဖရိက နိုင်ငံရဲ့ ခေါင်းဆောင်ကြီးNelson Mandela ပေါ့နော်။ Nelson Mandela ဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရထားတဲ့သူပါပဲ။ အဲဒီတော့ Nelson Mandela က ကျနော်တို့ သတိထားမိတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် တစုံတရာပြောဖို့သူ့အနေနဲ့ ပြောဆိုမှုတွေမရှိခဲ့ဘူး ၊ နည်းနည်း ဘေးထွက်လက်ရှောင်နေတာတွေများခဲ့တယ်။ ဆိုတော့ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပျက်မယ်ဆိုတဲ့ ၊ ဒါမှမဟုတ်လို့ရှိရင် မြန်မာစစ်အစိုးရနဲ့ ဒီကိစ္စနဲ့ ဆက်ဆံရေးပျက်မယ်ဆိုတဲ့ အချက်မျိုးလေးတွေရှိနေတော့ သူလက်ရှောင်နေခဲ့တဲ့ သာဓကလေးတွေရှိခဲ့တယ်။ ဒါပေမယ့် တောင်အာဖရိက မှာက တခြားလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ထင်ရှားတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Desmond Tutu ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို အားတက်သရောတွေ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ကိစ္စတွေဆိုတော့ ဒီအခြေအနေတွေမှာ အခုဘာနဲ့သွားပြီး နှိုင်းယှဉ်လို့ရသလဲ ဆိုတော့ တရုတ်နိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Liu Xiaobo ကိစ္စပေါ့နော် ။ သူ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ဒီခရီးစဉ်အတွင်းမှာ မပြောခဲ့ဘူးဆိုတာမျိုးပဲ ကျနော်တို့ခန့်မှန်းလို့ရတယ်လေ။ ဆိုတော့ အဲဒီ ၂ ခုကို ဘယ်လိုနှိုင်းယှဉ်လို့ရမလဲ။

ဦးမင်းဇင်။ ။ Nelson Mandela ကိုတော့ ကျနော် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်း စုကြည် ဒီပဲယင်းကိစ္စမှာ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ တွေ့ခဲ့ပါတယ်။ သူနဲ့ ၄၅ မိနစ်လောက်စကားပြောရပါတယ်။ ကျနော်ပြောတဲ့နေရာမှာ အဓိကပြောတာက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဒီလောက်အထိ ရက်ရက်စက်စက် လုပ်ကြံဖို့ ကြိုးစားတဲ့ ကိစ္စမှာ ဘာကြောင့်မို့လို့ Nelson Mandela က နှုတ်ဆိတ်နေ သလဲဆိုပြီးတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန် ကျနော်ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျနော်သူနဲ့တွေ့တုန်းကဆိုရင် ရင်ဘက်က ကျနော်ဝတ်ထားတဲ့ တီရှပ်တောင်မှ မင်းကိုနိုင် တီရှပ် ဝတ်ထားပြီးတော့ ကျနော် သူ့ကိုရှင်းပြပါတယ်။ ဒီလူတွေက ထောင်ထဲမှာ အနစ်နာခံနေရတယ်ဆိုတာကို ။ သူက ဒါကိုလည်း သူနားလည် ပါတယ်တဲ့ ဒါပေမယ့် နိုင်ငံရေးမှာ ဒီထက်ပိုပြီးတော့ သူသံခင်း တမန်ခင်း လုပ်စရာတွေရှိလို့ပါဆိုပြီးတော့ ပြောပါတယ်။

ကျနော်ပြောချင်တာ ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး Liu Xiaobo ကိစ္စလိုမျိုးပေါ့နော် ၊ အဲဒါမျိုးပြောမှာလား နောက် ဒလိုင်းလားမားလို ကိစ္စမျိုးပြောမှာလားလို့ လူတွေမျှော်လင့်ပါတယ်။ ကျနော်တို့အနေနဲ့က ကိုယ့်ပြည်တွင်း အခြေအနေကို တစုံတရာသိထားတဲ့ အခါကျတော့ သူဒီလောက်တော့ပြောမှာ မဟုတ်ဘူးလို့ ကျနော်တို့ နဂိုတည်းက နားလည်ထား ပါတယ်။ ဒါပေမယ့်လည်း ရှင်ကျန်နဲ့ တိဘက်ကိစ္စလိုမျိုးကတော့ သူကိုယ်တိုင်ပဲ လိုလိုချင်ချင် ပြောခဲ့တာလား၊ ဒါမှမဟုတ် တရုတ်ကပဲ ဒီကိစ္စကို တိုက်တွန်းလို့ သူ လက်ခံခဲ့တာလားဆိုတာကို ကျနော်နားလည်ရခက်လှပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဦးမင်းဇင်အနေနဲ့ ဘာသိ ထားတာတွေရှိသေးသလဲ။ အခုကတော့ ဦးမင်းဇင်ပြောတဲ့ အတိုင်းဆိုရင်တော့ ရှင်ကျန်နဲ့ တိဘက် ကိစ္စက ဒါသူ့ရဲ့ မူရင်းပြောဆိုချက်လား ၊ ဥပမာအားဖြင့် တရုတ်ဘက်ကနေပြီးတော့ ပူးတွဲကြေညာချက်ထဲမှာထုတ်ပေးဖို့ ပြောဆိုလာခဲ့တဲ့ ပူးတွဲကြေညာချက်အနေနဲ့ ထွက်လာခဲ့တာလား- ဆိုတာ အသေအချာ မသိနိုင်သေး ဘူးပေါ့။

ဦးမင်းဇင်။ ။ ကျနော်ကတော့ အဲဒီလိုပဲ နားလည်ထားပါတယ် ဒါကတော့ ဘယ်ဘက် ကစပြီး initiate လုပ်တာလဲ ဘယ်ဘက်ကစပြီးတော့ လုပ်ဖို့ လာကမ်းလှမ်းတာလဲ ဆိုတာ ကျနော်တို့ မသိနိုင်သေးပါဘူး။ အဲဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ အကဲဖြတ် ရတာ ခက်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တခုပြော ချင်တာကတော့ နိုင်ငံရေးေ လ့လာတဲ့သူ တော်တော်များများပေါ့နော် ဒါကတော့ Real politic ပဲ လက်တွေ့နိုင်ငံရေးပဲ ၊ ဒါအမျိုးသား အကျိုးစီးပွားလို့ပြောရတာကိုပဲ ကိုယ့်ကိုဟုတ်လှ ပြီလို့ အောင့်မေ့နေတဲ့ သူတွေလည်းရှိပါတယ်။ တကယ်တမ်းပြောရ မယ်ဆိုရင် နိုင်ငံရေးမှာ ကျင့်ဝတ်တွေ လုံးဝမပါတော့ဘူးဆိုရင် အဲဒီနိုင်ငံရေးဟာ အင်မတန်မှကို အကျိုးဆက်မကောင်းတော့တဲ့ နိုင်ငံရေးဆိုတာ သိသာပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တဲ့စကားတွေ အများကြီးရှိပါတယ်။ ရည်မှန်းချက် ရရုံတင်မဟုတ်ဘူး လုပ်ပုံလုပ်နည်းလည်း မှန်ဖို့လိုပါတယ် Ends Justify means ကြောင့် ရရင်ပြီးရော ဘယ်လိုပဲ ခိုးရခိုးရ ကြောင်ဖြူဖြူမဲမဲ အရေး မကြီးဘူးဆိုတာမျိုး သူမကြိုက်ဘူးဆိုတာ မကြာခန ပြောခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်ထင်ပါတယ် အခုဒီဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အပေါ်မှာ အကဲဖြတ် အပြစ်တင် မစောစေချင်ပါဘူး။ ဒါပေမယ့်လည်း ဒီကိစ္စက အင်မတန်မှ နိုင်ငံတကာမှာ အငြင်းပွားစရာဖြစ်တယ်လို့ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ကျေးဇူးပါပဲ ဦးမင်းဇင်ခင်ဗျ။"

တရုတ်တိဘက်နဲ့ ရှင်ကျန်းအရေး ဒေါ်စုသဘောထားအပေါ် သုံးသပ်ချက်
please wait

No media source currently available

0:00 0:08:17 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG