သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအပေါ် စစ်ရေးအရအရေးယူဖို့ ကန်ဝန်ကြီးသတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-se နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ။ (မတ် ၁၇၊ ၂၀၁၇)

မြောက်ကိုးရီးယားအပေါ် မဟာဗျူဟာကျကျ စိတ်ရှည်သီးခံပေးတဲ့ မူဝါဒတွေ အဆုံးသတ်သွားပြီဖြစ်တာကြောင့်၊ စစ်ရေးအရ အရေးယူဖို့ နည်းလမ်းသာ ကျန်တော့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောဆိုလိုက်ပါတယ်။

မြောက်ကိုးရီးယားအနေနဲ့ လုံခြုံပြီး၊ စီးပွားရေးအရ အလားအလာကောင်းတွေနဲ့ အနာဂတ်ကို ဖန်တီးဖို့ တခုတည်းသော နည်းလမ်းက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ကျိုးပမ်းချက်တွေ၊ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေနဲ့ လူအစုလိုက်အပြုံလိုက်သေစေတဲ့ လက်နက်ထုတ်လုပ်မှုတွေကို စွန့်လွှတ်ရမယ် ဆိုတာကို နားလည်ရလိမ့်မယ်လို့လည်း ၀န်ကြီး Tillerson က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-se နဲ့ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၀န်ကြီး Tillersonက အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုးရီးယားနိုင်ငံကို ကိုင်တွယ်ဖို့ အစွမ်းကုန်လုပ်နိုင်မယ့် နည်းလမ်းတွေပြင်ဆင်နေတယ်လို့လည်းပြောပါတယ်။

အာရှနိုင်ငံတွေကို ခရီးထွက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ ဂျပန်နိုင်ငံကနေ တောင်ကိုးရီးယားနိုင်ငံကိုရောက်ရှိလာတာပါ။ မြောက်ကိုးရီးယားရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကျိုးပမ်းချက်ကို ကာကွယ်ဖို့ သံတမန်ရေးနည်းနဲ့ အနှစ် ၂၀ ကျော် ချည်းကပ်လာတာ မအောင်မြင်တဲ့အတွက် တခြားနည်းလမ်းတခုနဲ့ လုပ်ဖို့လိုနေပြီလိုလည်း ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့က ပြောပါတယ်။

အာရှဒေသကို လာရောက်ရတဲ့ အကြောင်းရင်းထဲမှာ ဂျပန်၊ တောင်ကိုးရီးယားနဲ့ တရုတ်နိုင်ငံတွေနဲ့ ရှေ့ ဆက် အမြင်ချင်း ဖလှယ်ဖို့ တစိတ်တပိုင်းပါဝင်တယ်လို့လည်း သူကပြောပါတယ်။ အာရှဒေသနောက်ဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ၀န်ကြီး Tillerson ခရီးဆက်မှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ပျင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG