သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TPP သဘောတူညီချက် အိုဘားမား ကာကွယ်ပြောဆို


အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အဖွဲ့ဝင် အစီးအဝေး အိုဘားမားတက်ရောက်
အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အဖွဲ့ဝင် အစီးအဝေး အိုဘားမားတက်ရောက်

အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အဖွဲ့ဝင် ၂၁ နိုင်ငံဟာ ဒီနှစ်အစောပိုင်းကရယူခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာ ရပ်ဝန်းနိုင်ငံတွေကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် TPP နဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြ ဆဲပဲလို့ အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ပီရူးနိုင်ငံ Lima မြို့မှာကျင်းပတဲ့ APEC ထိပ်သီး ဆွေးနွေးပွဲမှာ တနင်္ဂနွေနေ့က အဲဒီလို ပြောသွားတာပါ။ ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump ကတော့ ဒီ TPP သဘောတူ စာချုပ်ကို ကန့်ကွက်ထားပါတယ်။

ကုန်သွယ်ရေးနဲ့ပတ်သက်လာရင် ကမ္ဘာတဝှမ်း အဆိုးမြင်မှုတွေ များလာတယ်ဆိုတာကို APEC အဖွဲ့ဝင်နိုင်ငံတွေ အသိအမှတ်ပြုတဲ့ တချိန်တည်းမှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို တိုက်ဖျက်ပြီး အမေရိကန်ပြည်ထောင်စု ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ APEC နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဈေးကွက်တွေကို လမ်းဖွင့်ပေးထားမှာဖြစ်တယ်လို့ APEC အဖွဲ့က ကြေညာချက် ထုတ်ပြန် ထားပါတယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ Trump ကတော့ - ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့ မြောက် အမေရိကားနိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် NAFTA ကို ပိုပြီး မျှမျှတတဖြစ်အောင် ပြန်လည် ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ဖို့ စည်းရုံး ပြောဆိုနေပါတယ်။

ဒီအတောအတွင်း TPP အဖွဲ့ဝင်မဟုတ်တဲ့ တရုတ်နိုင်ငံကလည်း လွတ်လပ်စွာကုန်သွယ်နိုင်ဖို့အတွက် ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ RCEP ကို ဖွဲ့စည်းဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ပီရူးနဲ့ ချီလီနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ဒီသဘောတူညီချက်မှာ ပါဝင်ဖို့ စိတ်ဝင်စားမှုတွေ တိုးလာနေတယ်လို့ APEC အစည်းအဝေးကို တက်လာတဲ့ တရုတ်ကိုယ်စားလှယ်တဦးက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG